အပဝါရဏာသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဘိက္ခုသံဃာ့ထံ ပဝါရဏာမပြုမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဘိက္ခုနီတို့သည် ရွာငယ်ကျောင်း၌ ဝါကပ်၍ ဝါကျွတ်သောအခါ ဘိက္ခုသံဃာ့အထံ၌ ပဝါရဏာမပြုဘဲ သာဝတ္ထိသို့ လာကြလေသည်၊ ထိုဘိက္ခုနီတို့ကို ရှိနှင့်သော ဘိက္ခုနီတို့က “ဘိက္ခုသံဃာ့အထိ ပဝါရဏာ ပြုပြီးကြပြီလား”ဟု မေးသောအခါ မပြုရသေးကြောင်း လျှောက်ကြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ ဥဘတောသံဃေ တီဟိ ဌာနေဟိ န ပဝါရေယျ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

မိုးလပတ်လုံး နေထိုင်ပြီးသော (ဝါကျွတ်ပြီးသော) ဘိက္ခုနီသည် နှစ်ဘက်သော ဘိက္ခု၊ ဘိက္ခုနီသံဃာ၌ ဒိဋ္ဌ-သုတ-ပရိသင်္ကေတ ၃ ဌာနတို့ဖြင့် မဖိတ်မံလျှင် ပါစိတ်အာပတ်သင့်၏။

ပဝါရဏာပြု[ပြင်ဆင်ရန်]

ဝါကျွတ်သောအခါ မတော်တာကို မြင်သည်ဖြစ်စေ တဆင့်စကား ကြားသည်ဖြစ်စေ ယုံမှားသံသယ ရှိသည်ဖြစ်စေ ဤ ၃ ချက်ဖြင့် ပြောနိုင်ဆိုနိုင် သတိပေးဆုံးမနိုင်ဖို့ရန် အချင်းချင်း ဖိတ်မံခြင်း မိမိကိုယ်ကို အပ်နှံခြင်းကို “ပဝါရဏာပြု”ဟု ခေါ်သည်၊ ဘိက္ခုတို့သည် ဘိက္ခု အချင်းချင်းသာ ဖိတ်မံဖို့ တာဝန်ရှိ၏၊ ဘိက္ခုနီ တို့ကား ၁၄-ရက် အဖိတ်နေ့၌ မိမိတို့ ဘိက္ခုနီအချင်းချင်း ပဝါရဏာပြု၍ ထိုပဝါရဏာမှာပင် နက်ဖန် ဘိက္ခု၊ သံဃာ့အထံ၌ ဖိတ်မံဖို့ရန် ဘိက္ခုနီတစ်ယောက်ကို ရွေးချယ်သမုတ်၍ လပြည့်နေ့၌ အားလုံးသွားပြီးလျှင် ဘိက္ခုသံဃာ့ထံ ထိုရွှေးချယ်ထားသော ဘိက္ခုနီက အားလုံး ကိုယ်စား ဖိတ်မံရမည်။ ဖိတ်ပုံကို ပဝါရဏက္ခန္ဓကကျမှ ပြအံ့။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး