အန္တဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၉၅) အန္တဇာတ်။ ။ သားတစ်ကို စားလိုသော မြေခွေးသည် ကြက်ဆူပင်ပေါ်ရှိ သားတစ် ချီလာသော ကျီးအား မဟုတ်မမှန် ချီးကျူးရာ ကျီးကလည်း မြေခွေးအား မဟုတ်မမှန် ပြန်လည် ချီးကျူးနေကြသည်ကို ကြက်ဆူပင်စောင့်နတ် မနှစ်သက်ခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မမှန်ချီးကျူးမှု အကြောင်းပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်နှင့် ကောကာလိကတို့ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော ဇမ္ဗုခါဒကဇာတ်နှင့်တူပြီ။]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ချင်းချင်းမြှောက်ပေး ကျီးမြေခွေး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာတစ်ခု၏ ဥပဇာ၌ ကြက်ဆူပင်စောင့်နတ် ဖြစ်လေ၏။ ထိုရွာဝယ် နွားအိုတစ်ကောင် သေလတ်သော် ရွာသားတို့သည် နွားသေကို ဆွဲငင်ထုတ်ယူကာ ရွာတံခါးမရှိ ကြက်ဆူပင်တော်၌ စွန့်ပစ်ကြကုန်၏။

ထိုအခါ မြေခွေးတစ်ကောင်သည် လာလတ်၍ ထိုနွားအိုသားကို စားလျက်နေ၏။ ကျီးတစ်ကောင်သည် လာလတ်၍ ကြက်ဆူပင်၌နားလျက် မြေခွေးကိုမြင်လျှင် ငါသည် မြေခွေးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုရသော် အမဲသားကို စားရရာ၏ဟု ကြံစည်ကာ -

“အို - သားမင်း ... သင်၏ပခုံးကား နွားလားဥသဘ၏ ပခုံးနှင့်တူ၏၊ ကိုယ်၏ တင့်တယ်ခြင်းကား ခြင်္သေ့မင်း၏ တင့်တယ်ခြင်းနှင့် တူ၏၊ သင့်အား အကျွန်ုပ် ရှိခိုးပါ၏၊ အကြွင်းအကျန်ဖြစ်သော အမဲသားကို ရလိုပါ၏” –

ဟု မြေခွေးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးဖြင့် ချီးကျူးကာ အမဲသားကို တောင်းလေ၏။ မြေခွေးလည်း ကျီးစကားကို ကြားလျှင် -

“ဥဒေါင်း၏ လည်ဆံနှင့်တူသော အဆင်းရှိသော အမျိုးကောင်းသားသည် အမျိုးကောင်းသား ဖြစ်သော ငါ့ကို ချီးကျူးရန် သိတတ်ပေ၏၊ အဆွေကျီးမင်း ... သင် ဤအရပ်သို့ လာခဲ့ပါ”

ဟု ကျီးအား ချီးကျူးကာ အမဲသားစားရန် ဖိတ်မန်လေ၏။ ထိုအခါ ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်သည် ကျီးနှင့် မြေခွေးတို့ အမူအရာကိုမြင်လျှင် မနှစ်သက်သဖြင့် -

“သားတို့တွင် မြေခွေးသည် အယုတ်မာဆုံး ဖြစ်၏၊ ငှက်တို့တွင် ကျီးသည် အယုတ်မာဆုံး ဖြစ်၏၊ သစ်ပင်တို့တွင် ကြက်ဆူပင်သည် အယုတ်မာဆုံး ဖြစ်၏၊ ယခုအခါ အယုတ်မာဆုံး သုံးဦးတို့ ပေါင်းဆုံမိကြကုန်၏” -

ဟု ဟုတ်မှန်သောအတိုင်း ကဲ့ရဲ့ရှုတ်ချကာ ပြောဆိုလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝတ်။

ကျီးသည် - ကောကာလိက။

ကြက်ဆူပင်စောင့် ရုက္ခစိုးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မဟုတ်မှန်ဘူး၊ ဂုဏ်ကျေးဇူး၊ ချီးကျူးမပြောရာ။

(၂) မြေခွေးသာလျှင်၊ ကျီးငှကတွင်၊ ဂုဏ်အင်ယုတ်လှစွာ။

(၃) သစ်တွင်ကြက်ဆူ ယုတ်သုံးမူ၊ ရည်တူပေါင်းဖက်ရှာ။

အန္တဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ