ဇမ္ဗုခါဒကဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၉၄) ဇမ္ဗုခါဒကဇာတ်။ ။ သပြေသီးမှည့်ကို စားလိုသော မြေခွေးသည် သပြေပင်ပေါ်ရှိ ကျီးအား မဟုတ်မမှန် ဝါကြွား၍ ချီးကျူးရာ ကျီးကလည်း မြေခွေးအား မဟုတ်မမှန် ဝါကြွား၍ ပြန်လည် ချီးကျူးနေကြသည်ကို သပြေပင်စောင့်နတ် မနှစ်သက်၍ ပြေးစေခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ချင်းချင်းဂုဏ်ပြု ကြွားဝါမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်နှင့် ကောကာလိကတို့သည် လာဘသက္ကာရမှ ဆုတ်ယုတ်ကြကုန်၏။ ထိုအခါ ကောကာလိကသည် ဒါယကာတို့ထံကပ် “ဒါယကာတို့ ... အရှင်ဒေဝဒတ်သည် မဟာသမ္မတမင်း၏ အနွယ်ဖြစ်သော ဥက္ကာကရာဇ်မင်းမျိုး၌ ဖြစ်၏၊ ပိဋကတ်သုံးပုံကို ဆောင်၏၊ ဈာန်ကိုရ၏၊ သာယာစွာသောအသံဖြင့် တရားဟောတတ်၏၊ ဒေဝဒတ်အား လှူဒါန်းကြကုန်လော့” ဟု ဒေဝဒတ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ၏။ ဒေဝဒတ်သည်လည်း “အရှင်ကောကာလိကသည် ဥဒိစ္စ ပုဏ္ဏားမျိုးမှ တောထွက်၍ ရဟန်းပြုဋ္ဌ။ အကြားအမြင်ဗဟုသုတရှိ၏၊ တရားဟောတတ်၏၊ ကောကာလိကအား လှူဒါန်းကြကုန်လော့” ကောကာလိက၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ၏။ ဤသို့လျှင် ဒေဝဒတ်နှင့် ကောကာလိကတို့သည် အချင်းချင်း ဂုဏ်ကျေးဇူးကို ချီးကျူးကာ ပြိုးပြွမ်းရောယှက်ကုန်လျက် ဒါယကာအိမ်တို့၌ စားကြကုန်လျက် လှည့်လည်ကာ နေကြကုန်၏။ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ဒေဝဒတ်နှင့် ကောကလိကတို့သည် အချင်းချင်း မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ညာဝါး ပြောဆိုကုန်လျက် လှည့်လည်ကာ နေကြသည်ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်နှင့် ကောကာလိကတို့သည် ယခုအခါ၌သာ အချင်းချင်း မဟုတ်မမှတ်သော ဂုဏ်ကျေးဇူးကို ပြောဆိုကာ စားကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း စားကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မမှန်ချီးကျူး ကျီး ခွေး နှစ်ဦး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မထင်ရှားသော သပြေပင် တောအုပ်၌ ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုတောအုပ်ဝယ် ကျီးတစ်ကောင်သည် သပြေခက်ပေါ်၌ နားကာ သပြေသီးမှည့်ကို စားလျက်နေ၏။ ထိုအခါ မြေခွေးတစ်ကောင်သည် လာလတ်၍ သပြေပင်ထက်သို့ ကြည့်လတ်သော် ကျီးကိုမြင်လျှင် ငါသည် ကျီးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုချီးကျူးရလျှင် သပြေသီးတို့ကို စားရအံ့ဟု ကြံစည်ကာ - “ဤငှက်ကား လုံးဝန်း သာယာသောအသံ ရှိ၏၊ အသံကောင်းသော ငှက်တကာတို့ထက် မြတ်၏၊ ရွေ့လျောခြင်းမရှိ သပြေခက်ပေါ်မှ ရွှေဥဒေါင်းငှက်ငယ်ကဲ့သို့ တွန်မြူးဘိ၏၊ အဘယ်ငှက် ဖြစ်ပါလိမ့်” ဟု ကျီးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုကာ ချီးကျူးလေ၏။ ထိုအခါ ကျီးကလည်း မြေခွေးစကားကို ကြားလျှင် - “ကျားငယ်နှင့်သူသော ကိုယ်ရှိသော အမျိုးကောင်းသားသည် အမျိုးကောင်းသားဖြစ်သော ငါ့ကို ချီးကျူးရန် သိတတ်ပေ၏၊ အဆွေမြေခွေး ... သင့်အား သပြေသီးတို့ကို ငါ ပေးအံ့၊ စားပါလော့” –ဟု မြေခွေးအား တစ်ဖန်ပြန်၍ မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုချီးကျူးပြန်၍ သပြေခက်တို့ကို လှုပ်ကာ သပြေသီးတို့ကို အောက်သို့ကျစေ၏။ မြေခွေးလည်း သပြေသီးတို့ကို စားရလေ၏။ ထိုအခါ သပြေပင်စောင့် ရုက္ခစိုးသည် တစ်ဦးနှင့်တစ်ဦး မဟုတ်မမှန်သော ဂုဏ်ကျေးဇူးတို့ကို ပြောဆို ချီးကျူးကာ သပြေသီးတို့ကို စားနေကြသော ကျီးနှင့် မြေခွေးတို့ကို မြင်လျှင် - “မဟုတ်မမှန်သော စကားကို ပြောဆိုကာ အချင်းချင်း ဆိုင်မိကြသော “ဟယ် - အန်ဖတ်စား ကျီးနှင့် ဟယ် - အကောင်ပုပ်စား မြေခွေးတို့ ... အချင်းချင်း ချီးကျူးကြသော သတ္တဝါတို့ကို စင်စစ် ကြာမြင့်မှ ငါမြင်ရပေ၏” –ဟု ပြောဆို ခြိမ်းခြောက်ကာ ကြောက်မက်ဖွယ်သော အဆင်းကို ပြပြီးလျှင် ကျီးနှင့် မြေခွေးတို့ကို သပြေပင်မှ ပြေးစေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝတ်။

ကျီးသည် - ကောကာလိက။

ရုက္ခစိုးနတ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မဟုတ်မှန်ဘူး၊ ဂုဏ်ကျေးဇူး၊ ချီးကျူးမစားရာ။

(၂) ပင်သပြေသီး၊ မြေခွေး, ကျီး၊ ချီးကျူးစားကြရာ။

(၃) ရုက္ခစိုးမင်း၊ နားကြားပြင်း၊ ချက်ချင်းနှင်ထုတ်ပါ။

ဇမ္ဗုခါဒကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ