သီတဝနိယထေရ်

ဝီကီပီးဒီးယား မှ

သီတဝနိယမည်သော (သီတဝနသုသာန်၌ နေထိုင်သော) ထေရ်ဖြစ်သည်။ [၁][၂]

ပါရမီဖြည့်ရာ ဘဝများ[ပြင်ဆင်ရန်]

(ဤကမ္ဘာမှပြန်၍ရေတွက်သော်(၁၁၈) ကမ္ဘာထက်၌ “အတ္ထဒဿီ” ဘုရားရှင်ပွင့်တော်မူသည်၊ တစ်နေ့သောအခါ ရဟန်းသံဃာများစွာနှင့်အတူ ဂင်္ဂါမြစ်ကမ်းသို့ ကြွတော်မူသည်။ “သီတဝနိယ” မထေရ်၏ အလောင်းအလျာသည် သူကြွယ်မျိုး၌ ဖြစ်၍ မြတ်စွာဘုရားကို ဖူးမြင်ပြီးနောက် ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပြီး, နောက်တစ်နေ့၌ ဘုရားအမှူးရှိသော သံဃာတော်ကို အလှူကြီးပေးလှူခဲ့သည်။ ထိုကောင်းမှုကြောင့်ပင် လူ့ပြည်နတ်ပြည် ကျင်လည်ပြီးနောက် ဤကမ္ဘာမှ ပြန်၍ရေတွက်သော် (၁၁၃) ကမ္ဘာထက်၌ စကြဝတေးမင်း ဖြစ်ခဲ့သည်။ ထို့နောက် (၉၁) ကမ္ဘာထက်၌ ဝိပဿီဘုရားရှင်လက်ထက်တွင် ရဟန်းပြုပြီး ဓုတင်ဆောက်တည်ကာ သုသာန်၌ နေလျက် ရဟန်းတရား ပွားများအားထုတ်ခဲ့သည်။ [၂]

နောက်ဆုံးဘဝ ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

တဖန် ကဿပဘုရားရှင်လက်ထက်၌လည်း အနှစ် (၂၀၀၀၀) ပတ်လုံး ရဟန်းတရား အားထုတ်ပြီး ဗုဒ္ဓန္တရတစ်ခုကာလပတ်လုံး နတ် ပြည်, လူ့ပြည်တို့၌ ကျင်လည်ကာ ဂေါတမ ဘုရားရှင်လက်ထက်၌ ရာဇဂြိုဟ်ပြည်ဝယ် ဗြဟ္မဏမဟာသာလမျိုး၌ ဖြစ်ပြီး ငယ်နာမည်မှာ “သမ္ဘူတ” ဖြစ်သည်။ လူလားမြောက်သောအခါ ဗြာဟ္မဏအတတ်ပညာတို့၌ ပါရဂူမြောက် အပြီးအဆုံးထိ တတ်မြောက်ပြီးလျှင် ဘူမိဇ, ဇေယျသေန, အဘိရာဓန-မည်သော သူငယ်ချင်း ၃-ယောက်တို့နှင့်အတူ ဘုရားရှင်ထံ၌ ရှင်ရဟန်းပြုသည်။

ထို့နောက် သမ္ဘူတမထေရ်သည် ဘုရားရှင်ထံမှ “ကာယဂတာသတိ” ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ရာဇဂြိုဟ်မြို့အနီးရှိ အလွန်ကြောက်မက်ဖွယ်ကောင်းသော “သီတဝန” အမည်ရှိသော သုသာန်၌ နေထိုင်သည်၊ ထိုအခါမှစ၍ “သီတဝနိယမထေရ်” ဟု ထပ်ဆင့်အမည်ဖြင့် ထင်ရှားလေသည်။ ဝေဿဝဏ်နတ်မင်းကြီးသည် ကိစ္စတစ်ခု နှင့် ခရီးသွားစဉ် ကမ္မဋ္ဌာန်းတရားအားထုတ် နေသော မထေရ်မြတ်ကိုမြင်ပြီး ကြည်ညိုသောကြောင့် နတ်ဘီလူး ၂-ယောက် အစောင့် အရှောင့်အဖြစ် ထားရစ်ခဲ့သည်။ [၂]

ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

မထေရ်မြတ် တရားအားထုတ်ပြီးနောက် “သတိဟူသော အစောင့်အရှောက်ရှိပြီးဖြစ်၍ အစောင့်အရှောက်မလိုကြောင်း” ဝေဿဝဏ် နတ်မင်းကြီးက အစောင့်အရှောက်ထားခဲ့သော နတ်ဘီလူး ၂-ယောက်ကို ပြောဆိုပြီး ပြန်လွှတ်ခဲ့သည်။ ထိုခဏမှာပင် ဝိပဿနာပွားများပြီး ဝိဇ္ဇာ ၃-ပါးကို မျက်မှောက်ပြုကာ “တေဝိဇ္ဇ” ရဟန္တာဖြစ်လေသည်။

မထေရ်မြတ်၏ မျက်နှာတော်ကို ဖူးမြင်ရုံမျှဖြင့် ဝေဿဝဏ်နတ်မင်းကြီး အပြန်ခရီးတွင် ရဟန်းကိစ္စပြီးစီးကြောင်း သိရကာ တစ်စုံတစ်ခု မေးမြန်းလျှောက်ထားမှုပင် မပြုတော့ဘဲ သာဝတ္ထိပြည်သို့ သွားပြီး ဘုရားရှင်အား လျှောက်ထား၍ ဘုရားရှင်မျက်မှောက်မှာပင် မထေရ်မြတ်ကို ချီးမွမ်းထောမနာလိုသည်ဖြစ်၍- “သတိအာရက္ခသမ္ပန္နော” စသော ဂါထာဖြင့် မထေရ်မြတ်၏ဂုဏ်တို့ကို ချီးကျူးလေသည်။ [၃] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အာယသ္မာ သီတဝနိယော ထေရော ဂါထံ အဘာသိတ္ထ။ ထေရ၊၂၂၁။ တေနေဝါယသ္မာ “သီတဝနိယော”တိ ပညာယိတ္ထ။ ထေရ၊ဋ္ဌ၊၁၊၅၆။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ တိပိဋကအဘိဓာန် အတွဲ-၂၄
  3. (ထေရ၊ဋ္ဌ၊၁၊၅၅-၇)။