ဝိဟာရကာရသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဝိဟာရကာရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။[၁]
သမိုင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် ကောသမ္ဗီမြို့၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူချိန် ဖြစ်၏။ အသျှင်ဆန္န၏ အလုပ်အကြွေးသူကြွယ်သည် ကျောင်းဆောက်လုပ်လှူဒါန်းမည့်အကြောင်း လျှောက်ထား၏။ ထိုအခါ အသျှင်ဆန္နသည် မြို့၊ ရွာနိဂုံးတို့ ပူဇော်အပ်သော နတ်ကွန်းသစ်ပင်ကို ဖြတ်စေ၏။ ထိုအခါ လူတို့သည် အဘယ်ကြောင့် ရဟန်းတို့သည် နတ်ကွန်းသစ်ပင်ကို ဖြတ်ဘိသနည်းဟု ကဲ့ရဲ့၏၊ အပြစ်တင် ပြောဆိုကြ၏။ ထိုစကားသည် အလိုနည်းသော ရဟန်းတို့ထံသို့ ရောက်ရှိသွား၏။
ထို့နောက် ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် အသျှင်ဆန္နအား မေးမြန်းရာ ဟုတ်မှန်ကြောင်း ဖြေကြား၏။ မြတ်စွာဘုရားသည် အသျှင်ဆန္နအား ကဲ့ရဲ့တော်မူကာ အောက်ပါ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]“(ဆောက်လုပ်သူ ဒါယကာ) အရှင်ရှိသော မိမိဟူသော ရည်ညွှန်းအပ်သော ပုဂ္ဂိုလ်ရှိသော ကြီးသောကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် ရဟန်းတို့ကို ကျောင်းရာကို ကြားခြင်းငှါ ပင့်ဆောင်အပ်ကုန်၏။ ထိုရဟန်းတို့သည် ဘေးရန်မရှိသော လှည်းလှည့်လည်လောက်သော၊ ဥပစာရှိသော ကျောင်းရာကို ကြားအပ်၏။ ရဟန်းသည် ဘေးရန်ရှိသော၊ လှည်းလှည့်လည်လောက်သော ဥပစာမရှိသော ကျောင်းရာ၌ ကြီးသောကျောင်းကို ဆောက်လုပ်စေငြားအံ့၊ ရဟန်းတို့ကိုသော်လည်းကောင်း ကျောင်းရာကို ကြားခြင်းငှါ မပင့်ဆောင်ငြားအံ့ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဤသို့ ပြကြန်ကုန်လော့ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။[၁]