ဝိကပ္ပနာပြုပုံ

ဝီကီပီးဒီးယား မှ

သီတင်းသုံးဖော် ငါးယောက်တို့တွင် တစ်ယောက်ယောက်၏ အထံ၌ သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြု၍ ထိုသူက ပစ္စုဒ္ဓိုရ်မပြုပေးဘဲလျက် (ဝါ) ဝိကပ္ပနာမပြန်ဘဲလျက် ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲလျှင် ဝိကပ္ပနာသုဒ္ဓပါစိတ် အာပတ် သင့်၏၊[၁]

ဝိကပ္ပနာပြုပုံများ[ပြင်ဆင်ရန်]

ဤနေရာ၌ သုရာပါနဝဂ် နဝမသိက္ခာပုဒ်လာ ဝိကပ္ပနာအစီအရင်များ သိထားသင့်ပါသည်။ ဝိနည်းတိစီဝရိက်ဆောင်သူသည် ကျန်ရှိနေသော သင်္ကန်းများကို ဝိကပ္ပနာသော်လည်းပြု ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားရမည် ဖြစ်သောကြောင့်တည်း။

ဝိ = မိမိဥစ္စာအဖြစ်မှ ကင်းအောင်၊ ကပ္ပန = ပြုခြင်း၊ မိမိသင်္ကန်း မိမိ သပိတ်ဟု အမှတ်မထားတော့ဘဲ သီတင်းသုံးဖော်တစ်ပါးပါးအား ပေးလိုက်သောအခါ ကိုယ့်ဥစ္စာအမှတ်မှ ကင်းသွားတော့သဖြင့် သီတင်းသုံးဖော်အား ပေးခြင်းကိုပင် ဝိကပ္ပနာပြုခြင်းဟု ခေါ်၏၊ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ မိမိဥစ္စာ မဟုတ်တော့ရကား (၁၀)ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက်တော့ပေ။

ဤသိက္ခာပုဒ်၌ လာသည့် ဝိကပ္ပနာပြုပုံ ပစ္စုဒ္ဓိုရ်ပြုပုံများကို ကွဲကွဲပြားပြား နားလည်သင့်ပါသည်။[၁]

ဝိကပ္ပနာနှစ်မျိုး[ပြင်ဆင်ရန်]

၁။ သမ္မုခဝိကပ္ပနာ၊ ၂။ ပရံမုခဝိကပ္ပနာ-ဟု ဝိကပ္ပနာ နှစ်မျိုး ရှိ၏၊

ထိုတွင် “သံမုခေန = မိမိနှုတ်ဖြင့်၊ ဝိကပ္ပနာ = ဝိကပ္ပနာပြုခြင်းသည် သမ္မုခဝိကပ္ပနာမည်၏ဟူသော ဋီကာနှင့်အညီ သင်္ကန်းရှင်ကိုယ်တိုင် မိမိနှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ် တစ်ပါးပါးထံ အပ်နှံ၍ သူတစ်ပါးဟု ဆိုအပ်သော ထိုဝိနည်းဓိုရ်၏ နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် ပရံမုခဝိကပ္ပနာ မည်၏၊[၁]

သမ္မုခဝိကပ္ပနာ (၂) မျိုး[ပြင်ဆင်ရန်]

ဤသမ္မုခဝိကပ္ပနာ၌လည်း မိမိပေးလိုရာ သီတင်းသုံးဖော်က အနီးအပါး ၌ ရှိစဉ် တိုက်ရိုက်ဝိကပ္ပနာပြုပုံ တစ်မျိုး၊ မိမိပေးလိုရာ သီတင်းသုံးဖော်က အဝေးမှာရှိစဉ် ဝိကပ္ပနာ ပြုပုံတစ်မျိုးအားဖြင့် နှစ်မျိုးရှိ၏၊ (ပရံမုခဝိကပ္ပနာမှာ တစ်မျိုးတည်းသာ ရှိသည်။)[၁]

အနီးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ[ပြင်ဆင်ရန်]

သင်္ကန်းရှင်က ဥုးတိဿအား ပေးလိုလျှင် ဥုးတိဿထံ ချဉ်းကပ်၍ သင်္ကန်းတစ်ထည်ကို ကိုင်၍ ဖြစ်စေ, အနီး၌ ချ၍ဖြစ်စေ ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိဟု ဆိုပါ။ အများ၌ ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိဟုဆို။ သင်္ကန်းက အနီးမှာ မရှိလျှင် အဝေးရှိရာကို ပြောပြ၍ (ဥပမာ-မန္တလေး နေခိုက် သင်္ကန်းက စစ်ကိုင်းမှာ ရှိလျှင် စစ်ကိုင်းမြို့ မည်သည့်နေရာမှာ မည်သည့် သင်္ကန်းရှိပါသည်ဟု ပြောပြ၍) ဧတံ စီဝရံ တုယှံ ဝိကပ္ပေမိဟု ဆိုပါ။ အများဖြစ်က - ဧတာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိဟု ပြောင်း၍ ဆိုပါ။

ဣမံ စီဝရံ = ဤ သင်္ကန်းကို။ ဧတံ စီဝရံ = (စစ်ကိုင်း၌ ရှိသော) ထို သင်္ကန်းကို။ တုယှံ = သင့်အား (ဝိနည်းဓိုရ်က အကြီးဖြစ်အံ့၊ တုယှံ = အရှင်ဘုရားအား) ဝိကပ္ပေမိ = ဝိကပ္ပနာပြုပါ၏၊ (ဝါ) မိမိဥစ္စာအဖြစ်မှ ကင်းအောင် ပြုပါ၏၊

ဤနည်းဖြင့် ဝိကပ္ပနာပြုပြီးသောအခါ ထိုသင်္ကန်းကို မိမိနေရာ၌ ပြန်ယူ သိမ်းထားရုံကား သိမ်းထားခွင့်ရ၏၊ နိဿဂ္ဂိ မထိုက်တော့ပေ။ သို့သော် မိမိက ဥုးတိဿအား ပေးထား၍ ဥုးတိဿ၏ ပစ္စည်းဖြစ်သွားသောကြောင့် မိမိကိုယ်တိုင် ဝတ်ရုံခြင်း, တစ်ဆင့်ပေးလှူခြင်း စသည်ကိုကား ပြုပိုင်ခွင့် မရှိသေးချေ။ အကယ်၍ သုံးစွဲလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်။ ထို့ကြောင့် ဥုးတိဿက ပစ္စုဒ္ဓိုရ် ပြုရဦးမည်။ (ဝါ) ဝိကပ္ပနာ ပြန်ရဦးမည်။[၁]

ပစ္စုဒ္ဓိုရ်ပြုပုံ (ဝါ) ဝိကပ္ပနာပြန်ပုံ[ပြင်ဆင်ရန်]

မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ အများ၌ မယှံ သန္တကာနိဟု ဆို။ (အနီး အဝေး အထူးမရှိ။) ဝိကပ္ပနာပြုသော ရဟန်းက မိမိထက် ဝါကြီးအံ့။ မယှံ သန္တကံ ပရိဘုဉ္ဇထ ဝါ ဝိဿဇ္ဇထ ဝါ ယထာပစ္စယံ ကရောထ”ဟု လေးစားသောအားဖြင့် ဗဟုဝုစ်ဖြင့် ဆိုရ၏၊

မယှံ = ငါ၏၊ (ဝါ) (တပည့်တော်၏၊) သန္တကံ = ဥစ္စာဖြစ်သော သင်္ကန်း ကို။ (သန္တကာနိ = သင်္ကန်းတို့ကို။) ပရိဘုဉ္ဇ ဝါ = သုံးဆောင်မူလည်း သုံးဆောင်ပါလော့။ ဝိဿဇ္ဇေဟိ ဝါ = စွန့်မူလည်း စွန့်ပါလော့။ ယထာပစ္စယံ = အကြောင်းအားလျော်စွာ။ (ဝါ) အလိုရှိသလို။ ကရောဟိ = ပြုပါလော့။ ဤသို့ ပစ္စုဒ္ဓိုရ် ပြုပြီးသောအခါ ထိုသင်္ကန်းကို မူလသင်္ကန်းရှင်က အလိုရှိသလို ပြုနိုင်ပြီ။[၁]

အဝေးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ[ပြင်ဆင်ရန်]

မိမိ ပေးလိုရာပုဂ္ဂိုလ်က အနီး၌မရှိ အဝေး (အခြားကျောင်းတိုက်)၌ ဖြစ်နေလျှင် ဝိနည်းဓိုရ် တစ်ပါးပါးထံ သွား၍ မိမိ ပေးလိုသော ပုဂ္ဂိုလ်၏ နာမည်ကို လျှောက်ထားပြီးနောက် (ဥပမာ-မည်သည့်အရပ်၌ နေသူ ဦးတိဿ အား) ဝိကပ္ပနာ ပြုပေးလိုပါသည်ဟု လျှောက်ထားပြီးနောက် -

ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိဟု ဆို၍ ဝိကပ္ပနာပြုရ မည်။

ထိုနောက် ဝိနည်းဓိုရ်က တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိဟု ပစ္စုဒ္ဓိုရ် ပြုပေးရမည်။[၁]

ပရံမုခဝိကပ္ပနာပြုပုံ[ပြင်ဆင်ရန်]

မိမိကိုယ်တိုင် ဝိကပ္ပနာပြုနည်းကို နားမလည်၊ နားလည်သော်လည်း ပါးစပ်နာခြင်းစသော အကြောင်းတစ်ခုခုကြောင့် ဝိနည်းဓိုရ် တစ်ပါးပါးထံ ဣမံ စီဝရံ တုယှံ ဝိကပ္ပနတ္ထာယ ဒမ္မိဟု ပါဠိလိုဖြစ်စေ, ဤသင်္ကန်းကို ဝိကပ္ပနာပြုရန် အရှင်ဘုရားအား ပေးပါ၏ဟု မြန်မာလိုဖြစ်စေ ဆို၍ ပေးရမည်။ ထိုအခါ ဝိနည်းဓိုရ်က “အရှင်ဘုရားပေးလိုသော သီတင်းသုံးဖော် ကို ညွှန်ပြပါ”ဟု ဆိုလျှင် “မည်သည့်ကျောင်းနေ ဥုးတိဿအား ပေးလိုသည် စသည်ဖြင့် ညွှန်ပြရမည်။ ထိုအခါ ဝိနည်းဓိုရ်က -

အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိဟု ဆို၍ ဝိကပ္ပနာ ပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ ဘိက္ဓုနီ သာမဏေစသည်အား ပေးလိုလျှင် တိဿာယ ဘိက္ခုနိယာ, တိဿဿ သာမဏေရဿစသည်ဖြင့် အလိုရှိရာ သီတင်းသုံးဖော်၏ နာမည်ကို ထည့်၍ ဆိုပါ။[၁]

သမ္မုခဝိကပ္ပနာနှင့် ပရမ္မုခဝိကပ္ပနာ အထူး[ပြင်ဆင်ရန်]

ကိုယ်တိုင် ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်က ပစ္စုဒ္ဓိုရ်ပြန်သည်ကား သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ်က ဝိကပ္ပနာ ပြုပေး၍ ဝိနည်းဓိုရ်ကပင် ပစ္စုဒ္ဓိုရ် ပြန်သည်ကား ပရမ္မုခဝိကပ္ပနာ မည်၏၊ ဤကား အထူးတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း