ဝဇ္ဇသုတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
လောကပြစ်... တမလွန်ပြစ်ဟု ပြစ်မှု ၂-မျိုးကို ဘုရားရှင်သာဝတ္ထိပြည် ဇေတဝန်၌ သီတင်းသုံးစဉ် သံဃာများအား ဟောတော်မူသည်။
လောကပြစ်ဟူသည်
[ပြင်ဆင်ရန်]ခိုးသူကိုဖမ်း၍ မင်းများက နှင်တံကြိမ်လုံး တုတ်တိုတို့ဖြင့် ရိုက်နှက်စေခြင်း၊ လက်၊ ခြေ ၂-မျိုးလုံး၊ နား၊ နှာခေါင်း ၂-မျိုးလုံးတို့ကို ဖြတ်စေခြင်း၊ ဦးထိပ်ဖောက်ခွဲ၊ သံတွေခဲထည့်၍ ဦးနှောက်ဆူပွက်အောင် ညှဉ်းဆဲစေခြင်း၊ အထက်ပိုင်း အရေကိုခွာကာ ဦးပြည်းခေါင်းကို ခရုသင်းအဆင်းဖြစ်အောင် ညှဉ်းဆဲစေခြင်း၊ ပါးစပ်တွင်း မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းပမာ ဖြစ်အောင်ညှဉ်းဆဲစေခြင်း၊ တကိုယ်လုံး အဝတ်ပတ် ဆီလောင်းမီးရှို့လျက် မီးပန်းကုံးပမာ ဖြစ်အောင်ညှဉ်းဆဲစေခြင်း၊ လက်ကို အဝတ်ပတ် ဆီလောင်း မီးရှို့လျက် လက်ဆီမီးတိုင်ပမာဖြစ်အောင် ညှဉ်းဆဲစေခြင်း၊ လည်ပင်းမှစ၍ အရေခွာ ခြေမျက်စိမှာပုံပြီး လူကိုလွန်ကြိုးနှင့်ဆွဲ၊ အရေ နင်းမိတိုင်း လဲအောင်ညှဉ်းဆဲခြင်း၊ လည်ပင်းမှစ၍ အထက်ပိုင်းအရေကို ခွာ၍ ခါးပေါ်မှာထား၊ ခါးမှစ၍ အရေကိုခွာ၊ ခြေမျက်စိမှာထား၊ အထက်ပိုင်းအနေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေ အဝတ်ပမာဖြစ်အောင် ညှဉ်းဆဲခြင်း၊ တံတောင် ၂-ဘက်၊ ဒူး ၂-ဘက်တို့၌ သံဆူးကြိုးခတ်၍ သံချွန်၌စိုက်ကာ မြေမှာတည်စေပြီး သားကောင်ဖုတ်သည့်ပမာ ပတ်လည်မှ မီးရှို့ ညှဉ်းဆဲခြင်း၊ ၂-ဘက်သွား သံချိတ်ဖြင့် အရေ အကြော အသားတို့ကို ခွာကာ ညှဉ်းဆဲခြင်း၊ ကျပ်ပြားမျှအရေ၊ အကြော အသားတုံးများရအောင် တကိုယ်လုံးကို ပဲကွပ်ဖြင့် ခုတ်ရွေညှဉ်းဆဲခြင်း၊ တကိုယ်လုံး တုတ်တို့ဖြင့် ရိုက်နှက် ဆပ်ပြာရေပက်ကာ ဆပ်သွားသီးဖြင့်တိုက်၍ အသားစသည် အရည်ပျော်ပြီး အရိုးချည့် ကျန်အောင် ညှဉ်းဆဲခြင်း၊ မြေ၌ စောင်းအိပ်စေ၍ နားတဘက်မှ တဘက်ပေါက်အောင် သံတံကျင်လျှိုကာ ခြေမှကိုင်၍ တံခါးကျင်ပမာ လှည့်လျက်ညှဉ်းဆဲခြင်း၊ တင်းပုတ်တို့ဖြင့် အရိုးကို ထုရိုက်၍ အသားချည်ရသောအခါ ဆံပင်ဖြင့်ချည်နှောင်ပြီး ကောက်ရိုးထုံးပမာဖြစ်အောင် ညှဉ်းဆဲခြင်း၊ ဆူသောဆီပူဖြင့် လောင်းခြင်း၊ အစာငတ်၍ ဆာသောခွေးတို့ကို ကိုက်စားစေခြင်း၊ အရှင်လတ်လတ် သံတံကျင်လျှိုစေခြင်း၊ သန်လျက်ဖြင့် ခေါင်းဖြတ်စေခြင်းတို့ကို ပြုစေရာ မြင်သူများသည် မကောင်းမှုပြု၍ ခံကြရသည်ဟု ဆင်ခြင်ပြီး မျက်မှောက်လောကပြစ်ကို ကြောက်၍ သူတစ်ပါးပစ္စည်းမယူ၊ ရှောင်ကြသည်၊ ဤကား မျက်မှောက်ပြစ်တည်း။
တမလွန်ပြစ်ဟူသည်
[ပြင်ဆင်ရန်]ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခုသည် တမလွန်ဘဝ၌ ဆင်းရဲယုတ်ညံ့သည်၊ ယင်းပြစ်မှုများ ငါပြုလျှင်လည်း သေလျှင် ငရဲရောက်ရမည်သာဟု အချို့လူများဆင်ခြင်ပြီး တမလွန်ဘေးကို ကြောက်သည်ဖြစ်၍ ပြစ်မှု ၃-ခုကို ပယ်စွန့်ကာ ကောင်းမှုများကို ဖြစ်စေသည်၊ မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏၊ ဤကား တမလွန်ပြစ်တည်း။
ဤသာသနာတော်၌ မျက်မှောက်ပစ်၊ တမလွန်ပြစ်ကို ကြောက်ကုန်အံ့၊ အပြစ် ကြောက်သူ ဘေးမြင်သူ ဖြစ်ကုန်အံ့ဟု ကျင့်ကြ၊ သို့မှသာ အပြစ်ကင်းသော အကျိုး ပုံသေရမည်ဟု ဟောတော်မူသည်။
ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခု
[ပြင်ဆင်ရန်]သူ့အသက် သတ်ခြင်းစသော ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး အကုသိုလ် ကမ္မပထ ၁၀-ပါးဖြစ်သည်၊ အပြန်ဖြစ်သော သူ့အသက်မသတ်စသော ကုသိုလ်ကမ္မပထ ၁၀-ပါးသည် ကောင်းမှုကံများ ဖြစ်သည်။
မိမိကိုယ်ကို စင်ကြယ်စွာစောင့်ရှောက်၏
[ပြင်ဆင်ရန်]စင်ကြယ်မှု ၂-မျိုးရှိရာ သရဏဂုံ၊ ၅-ပါး သီလ၊ ၁၀-ပါးသီလ၊ စတုပါရိသုဒ္ဓိသီလ၊ ပဌမဈာန်စသည် ဈာန် ၉-ပါး၊ သောတာပတ္တိဖိုလ်မှစ၍ အရဟတ္တမဂ်အထိ ပရိယာယ်စင်ကြယ်မှုဖြစ်၍ အရဟတ္တဖိုလ်တည်မှ မုချစင်ကြယ်မှုဖြစ်ကာ မိမိကိုယ်ကို စောင့်ရှောက်နိုင်သည်။
ရဟန္တာနှင့် မကောင်းကျိုး
[ပြင်ဆင်ရန်]ရဟန္တာမဖြစ်မီ ပြုထားသမျှ အကုသိုလ်ကံသည် ဤ နောက်ဆုံးဘဝ၌ အကျိုးပေးသည်၊ တမလွန်ကား (ခန္ဓာမရပြီဖြစ်၍) ကောင်းကျိုး မကောင်းကျိုး မရှိတော့ပါ။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။