လောက (ဗုဒ္ဓဘာသာ)

ဝီကီပီးဒီးယား မှ

လောက ဆိုသည်မှာ အမြဲတည်လေ့မရှိ ပျက်စီးတတ်သောကြောင့် လောကဟု မည်သည်။ "အနိစ္စဘူတေန လုဇ္ဇတီတိ လောကော" (အနိစ္စဘူတေန - အမြဲထာဝရ တည်နေတတ်သည့် သဘောမရှိသောကြောင့်၊ လုဇ္ဇတိ - ပျက်စီးတတ်၏၊ ဣတိတသ္မာ - ထို့ကြောင့်၊ လောကော - လောကမည်၏။)[၁]

လောကသည် သုံးမျိုးအပြားရှိ၏။ ၎င်းသုံးမျိုးတို့မှာ ဩကာသလောက၊ သင်္ခါရလောက၊ သတ္တလောကတို့ ဖြစ်သည်။[၁]

ဩကာသလောက[ပြင်ဆင်ရန်]

မဟာပထဝီမြေကြီး၊ သမုဒ္ဒရာအပြင် ပတ်ဝန်းကျင်၌ စကြဝဠာတောင်, အလယ်၌ မြင့်မိုရ်တောင်, ထိုမြင့်မိုရ်တောင်၏ အပြင်ပ၌ အသီးသီးသော သီတာ သမုဒ္ဒရာခုနစ်တန်တို့ဖြင့် ဝန်းရံအပ်ကုန်သော သတ္တရဘန်တောင်စဉ်ခုနစ်ထပ်, ထိုမှ ပြင်ပ၌ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ်များစွာတို့သည်၎င်း, အထက်နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာဘုံနှစ်ဆယ်တို့သည်၎င်း တစ်ခုသော "ဩကာသလောက" မည်သည်။ စကြဝဠာတိုက်တစ်ခုဟုလည်း ဆိုအပ်၏။ ဤစကြဝဠာတိုက်တစ်ခုမှ အရပ်ရှစ်မျက်နှာတို့၌ ဤကဲ့သို့ သဘောရှိကုန်သော စကြဝဠာတိုက်တို့သည်လည်း အနန္တ ရှိသေး၏။[၁]

ထို့ပြင် မြတ်စွာဘုရားသည် တိကင်္ဂုတ္တရပါဠိတော်၊ အာနန္ဒဝဂ်၌ ဩကာသလောကနှင့် စပ်လျဉ်း၍

  • စူဠသဟဿီ လောကဓာတ် - စကြဝဠာတစ်ထောင်သည် စူဠသဟဿီ လောကဓာတ် မည်၏။
  • မဇ္ဈိမသဟဿီ လောကဓာတ် - စကြဝဠာတစ်ထောင်ကို တစ်ထောင်ဖြင့် မြှောက်၍ စကြဝဠာတိုက်ပေါင်းတစ်သန်းသည် မဇ္ဈိမသဟဿီ လောကဓာတ် မည်၏။
  • မဟာသဟဿီ လောကဓာတ် - မဟာသဟဿီ လောကဓာတ် စကြဝဠာတစ်သန်းကို တစ်သန်းဖြင့် မြှောက်၍ စကြဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းသည် မဟာသဟဿီ လောကဓာတ် မည်၏။[၁]

ဟူ၍ လောကဓာတ်သုံးပါးကို ဟောတော်မူခဲ့သည်။ ဤလောကဓာတ်သုံးပါးတို့သည်လည်း "ဩကာသလောက" ပင်မည်သည်။[၁]

ထိုမှတစ်ပါးလည်း -

  • ဇာတိခေတ်လောကဓာတ် - မြတ်စွာဘုရားတို့ ဖြစ်ပွင့်တော်မူရာ ခေတ်ကို ဆိုလိုသည်။ ထိုဇာတိခေတ်အတွင်း၌ ရှိကြကုန်သော နတ် ဗြဟ္မာတို့သည် မြတ်စွာဘုရား၏ ပရိသတ်တို့ ဖြစ်ကြကုန်၏။ မြတ်စွာဘုရား ဖွားမြင်တော်မူသောအခါ မြေငလျင်တုန်လှုပ်ခြင်း, အလင်းရောင်ဖြစ်ပေါ်ခြင်း စသည်တို့၌ ဇာတိခေတ်အတွင်းမှာ တစ်ပြိုင်နက် ဖြစ်ရိုးဓမ္မတာ ရှိသည်။
  • အာဏာခေတ်လောကဓာတ် - 'မဟာသဟဿီ လောကဓာတ်ဟု ဆိုအပ်သော စကြဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းသည် အာဏာခေတ်လောကဓာတ် မည်သည်။ မြတ်စွဘုရား၏ ပရိတ်တော်နှင့် အာဏာစက်များ ပျံ့နှံ့ရာဌာနဟူ၍ ဆိုလိုသည်။ ထိုအာဏာခေတ်အတွင်း၌ ရှိနေကြကုန်သော နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား၏ အာဏာစက်ကို ခံယူနိုင်ကြကုန်သည်။
  • ဝိသယခေတ်လောကဓာတ် - အဆုံးမရှိသော အနန္တစကြဝဠာ ကမ္ဘာလောကဓာတ်များသည် "ဝသယခေတ် လောကဓာတ်" မည်၏။ မြတ်စွာဘုရား၏ ဉာဏ်တော်ပျံ့နှံ့ရာဌာနကို ဆိုလိုသည်။ ထိုဝိသယခေတ်အတွင်းမှာ ရှိရှိသမျှသော အာရုံတို့ကို မြတ်စွာဘုရား၏ ဉာဏ်တော်ဖြင့် သိတော်မူနိုင်၏။[၁]

ဟူ၍ လောကဓာတ်သုံးပါး ရှိပြန်သည်။

ထိုမှတစ်ပါးလည်း လောကဓာတ်သည်

  • ကာမလောကဓာတ် - ကာမဘုံ ၁၁ ဘုံသည် ကာမလောကဓာတ် မည်၏။
  • ရူပလောကဓာတ် -ရူပဘုံ ၁၆ ဘုံသည် ရူပလောကဓာတ် မည်၏။
  • အရူပလောကဓာတ် - အရူပ ၄ ဘုံသည် အရူပလောကဓာတ် မည်သည်။[၁]

ဟူ၍ လောကဓာတ်သုံးပါး ရှိပြန်သည်။ ဤသုံးပါးသည်လည်း ဩကာသလောကပင် မည်၏။

ဘုံအားဖြင့် ဆိုရသော် -

  • ကာမဘုံ - အဝီစိမှ ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်တိုင်အောင် အတွင်းမှာ ရှိကြသည့် ဘုံများသည် ကာမဘုံ မည်သည်။
  • ရူပဘုံ - ပထမဈာန်ဘုံမှစ၍ သုဒ္ဓါဝါသ အကနိဋ္ဌိတိုင်အောင် အတွင်းမှာရှိကြသည့် ဘုံများသည် ရူပဘုံ မည်သည်။
  • အရူပဘုံ - ရုပ်မရှိသော အထက်လေးတန်ဘုံသည် အရူပဘုံ မည်သည်။
  • လောကုတ္တရာဘုံ - မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တရားများသည် လောကုတ္တရာဘုံ မည်သည်။ ဤလောကုတ္တရာဘုံကိုမူ ဩကာသလောကဟူ၍ မဆိုနိုင်။ ကြွင်းသော ဘုံသုံးပါးကိုသာ ဩကာသလောကဟု ဆိုရသည်။[၁]

ဩကာသလောကတည်ပုံ[ပြင်ဆင်ရန်]

ဤမဟာပထဝီမြေကြီးသည် အောက်ရေအပြင်ကြီးပေါ်၌ တည်၏၊ ရေအပြင်ကြီးသည် လေအပြင်ကြီးပေါ်၌ တည်၏၊ ထိုလေအပြင်ကြီးသည် အောက်အဇဋာကာသ ကောင်းကင်ပြင်ပြီးပေါ်၌ တည်၏၊ ထိုအောက်အဇဋာကာသ ကောင်းကင်ပြင်ကြီးသည်ကား အောက်အဖို့အားဖြင့်၎င်း, ဖီလာအဖို့အားဖြင့်၎င်း အနန္တအဆုံးအစ မရှိသည်သာ ဖြစ်၏။ ထိုအောက်ကောင်းကင်အပြင်ကြီးမှာ မလှုပ်မရှားသော လေဆိုင်ကြီးတို့ဖြင့် ပြည့်၍ နေ၏။ ထိုလေဆိုင်အထုကြီးသည် ယူဇနာပေါင်း ကိုးသိန်းခြောက်သောင်း ရှိသည်ဖြစ်၍ လေးသိန်းရှစ်သောင်း အထုရှိသည့် ရေအပြင်ကြီးကို ရွက်ဆောင်၍ နေ၏။ ထိုရေအပြင်ကြီးသည် နှစ်သိန်းလေးသောင်း အထုရှိသော မြေအပြင်ကြီးကို ရွက်ဆောင်၍ နေလေ၏။ ထိုလေ ရေ မြေတို့ကို ကမ္ဘာလေ ကမ္ဘာရေ ကမ္ဘာမြေဟူ၍ ဆိုသည်။[၁]

ဩကာသလောက ဖြစ်ပျက်ပုံ[ပြင်ဆင်ရန်]

ရုပ်ကလာပ်တို့၌ သဟဇာတ်တည်ရှိသော တေဇောဓာတ်နှင့် ဇာတိ ဇရာ မရဏ တို့သည် ဩကာသလောကကြီး၏ ဖြစ်ပွားကြောင်း, ပျက်ပြားကြောင်း မည်၏။ တေဇောဓာတ်သည် ပူလောင်စေ၏၊ ရင့်ရော်အိုမင်းစေ၏၊ ရင့်ကျက်ခြင်းသို့ ရောက်စေတတ်၏။ ထို့ကြောင့် တေဇောဓာတ်သည် မိမိနှင့် အတူတကွ ဖြစ်သည့် ရုပ်တို့ကို အမြဲမပြတ် လောင်မြိုက်၏၊ ရင့်ရော်စေ၏၊ အခိုက်အတန့် တစ်ပါးမှ တစ်ပါးသို့ ရောက်စေ၏။ သီတတေဇောဓာတ်သည်လည်း အေးမြေသောဓာတ်ငွေ့ ဓာတ်ရှိန်အားဖြင့် ပြဆိုအပ်ပြီးသော တေဇောဓာတ်၏ ကိစ္စတို့ကို ဆောင်ရွက်ပြုလုပ်၍ နေ၏။ ဥဏဌတေဇောသည် သီတတေဇောထက် သာ၍ အစွမ်းထက်မြက်သည့်အတွက် အထူးပြောဖွယ် မလိုချေ။ သင်္ခတတရားတို့၏ ဖြစ်ပေါ်မှုဇာတိတစ်ခုတွင် သဘောလေးမျိုး ရှိ၏။ ထိုသဘောလေးမျိုးတို့သည် -[၁]

  • ဇာတိ - သင်္ခတတရားတို့၏ အစဖြစ်ပေါ်မှု
  • အာစယ - ဖြစ်ပေါ်ပြီးသော တရားတို့၏ အစပထမ ကြီးပွားလာခြင်း
  • ဥပစယ - ကြီးပွားလာသော တရားတို့၏ အဆင့်ဆင့်ကြီးပွားမှု
  • သန္တတိ - အဆင့်ဆင့်ကြီးပွားပြီးသော တရားတို့၏ တိုးတက်၍ ကြီးပွားမှုရပ်စဲပြီးလျှင် ထိုကြီးပွားပြီးသော အနေအားဖြင့် အစဉ်ဆက်လက်ကာ ဖြစ်၍နေမှု တို့ ဖြစ်ကြသည်။[၁]

ထိုမှ နောက်ကာလ၌ အိုမင်းရင့်ရော်စေသော ဇိရဏတေဇောဓာတ်ဒဏ်ချက်ကို နှိပ်စက်ခြင်းခံလျက်သာလျှင် တစ်ဆင့်တစ်ဆင့် ရင့်ရော်အိုမင်းခြင်း ဇရာခေတ်သို့ ရောက်လေသည်။ အိုမင်းတိုင်း အိုမင်းတိုင်း ဆုတ်ယုတ်၍ ဆုတ်ယုတ်၍ လာ၏၊ အဆုံးစွန်၌ သေဆုံးပျက်စီးကာ မရဏခေတ်တွင်းသို့ ကျရောက်၍ ပျက်စီးကုန်ဆုံးခြင်းသို့ ရောက်၏။ ဤသို့ဖြစ်မှုသည် ကြီးကျယ်သော သင်္ခတဝတ္ထုတို့၌ အလွန်ထင်ရှား၏။ ဤသို့ ဖြစ်ပေါ်ကြီးပွားပြီး၍ ပျက်စီးကုန်ဆုံးတတ်သော သဘောသည် လောကဓမ္မတာကြီး ဖြစ်၏။ ဓမ္မနိယာမလည်း မည်၏။[၁]

သင်္ခါရလောက[ပြင်ဆင်ရန်]

ဩကာသလောကတွင် ပြုပြင်ဖြစ်ပျက်၍ နေကြကုန်သော သစ်ပင်ချုံနွယ်စသော ဗီဇဂါမ် ဘူတဂါမ် အပေါင်းတို့သည်၎င်း, အိမ် ကျောင်း လှည်း ရထား ရွှေ ငွေ ရတနာ အဝတ်ပုဆိုး စသည့် အတွင်းသုံးအဆောင် အပအသုံးအဆောင်တို့သည်၎င်း "သင်္ခါရလောက" မည်၏။[၁]

အကျဉ်းအားဖြင့် ဆိုပါက ခန္ဓာငါးပါး, အာယာတန တစ်ဆယ့်နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါး ပဋိစ္စသမုပ္ပါဒ်တရားတို့သည် သင်္ခါရလောက မည်သည်။[၁]

သတ္တလောက[ပြင်ဆင်ရန်]

သတ္တလောက ဆိုသည်မှာ သတ္တဝါတစ်ဦး, ပုဂ္ဂိုလ်တစ်ဦးဟူ၍ ဆိုအပ်ကုန်သည့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်, လူ, နတ်, ဗြဟ္မာ ဟူသမျှသည် "သတ္တလောက" မည်၏။[၁]

ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ် တိဟိတ်ဟု ဆိုအပ်သော ပုဂ္ဂိုလ်လေးယောက်၊ အရိယာရှစ်ယောက် ဤတစ်ဆယ့်နှစ်ယောက်သော ပုဂ္ဂိုလ်များသည်လည်း သတ္တလောကမည်၏။ ထိုမှတပါး ကုန်း၌, ရေ၌, ကောင်းကင်၌ ကျက်စားသော သတ္တဝါ၊ ဥ၌ သဋိသန္ဓေနေသော အဏ္ဍဇသတ္တဝါ၊ အညှိကိုစွဲ၍ ပဋိသန္ဓေနေသော သံသေဒဇသတ္တဝါ၊ ကိုယ်ထင်ရှား ဖွားကနဲဖြစ်င ဖြစ်ပေါ်လာသော ဩပပါတိက သတ္တဝါတို့သည်လည်းကောင်း၊ အခြေမရှိသော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်း ရှိသော သတ္တဝါ၊ အခြေများစွာ ရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ၊ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါ၊ သညာမရှိသော သတ္တဝါ၊ သညာရှိသည်းမဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါတို့သည်၎င်း သတ္တလောက မည်၏။[၁]

အလုံးစုံသော ဩကာသလောက, သတ္တလောက ဟူသမျှသည် သင်္ခါရလောက၌ အကျုံးဝင်သည်။ အဘယ်ကြောင့်နည်းဟူမူ ပြုပြင်ခြင်း ဖြစ်ပျက်ခြင်းတို့မှ မလွတ်ကင်းကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် အမည်, ပုဂ္ဂိုလ် သတ္တဝါဟူသော အမည်အားဖြင့် တသီးတခြားစီ ဝေဖန်ပြီးလျှင် ဩကာသလောက, သတ္တလောကဟူ၍ ဆိုရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။