ဂုတ်ထိပ်တံတား
| ဂုတ်ထိပ်တံတား Goteik viaduct | |
|---|---|
| ကိုဩဒိနိတ် | 22°20′35″N 96°51′35″E / 22.34306°N 96.85972°E |
| သယ်ဆောင်မှု | ရထားလမ်း ၁ လမ်း |
| ဖြတ်သန်းမှု | ဂုတ်ထိပ်စမ်းချောင်း |
| တည်နေရာ | နောင်ချိုမြို့နယ် |
| အမည် | ဂုတ်ထိပ်တံတား |
| အခြားအမည်များ | Gohteik viaduct |
| ပြုပြင်ထိန်းသိမ်းသူ | ဆောက်လုပ်ရေး ဝန်ကြီးဌာန |
| အချက်အလက်များ | |
| တံတားဒီဇိုင်း | မြင်းခုံတံတား[၁] |
| စုစုပေါင်းအရှည် | ၆၈၉ မီတာ (၂၂၆၀ ပေ) |
| အကျယ် | ရထားလမ်း ၁ လမ်းစာ |
| သမိုင်းကြောင်း | |
| စတင်ဆောက်လုပ်ချိန် | ၂၈ ဧပြီ ၁၈၉၉ |
| လုပ်ငန်းပြီးဆုံးချိန် | ၁ ဇန်နဝါရီ ၁၉၀၀ |
| ကုန်ကျငွေ | ၁၆၉၈၂ဝဝ ကျပ် |
| ဖွင့်လှစ်သည့်နေ့ | ၁ ဇန်နဝါရီ ၁၉၀၀ |
| လဲပြိုသည့်နေ့ | ၂၄ ဩဂုတ် ၂၀၂၅ |
ဂုတ်ထိပ်တံတား သည် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် (၇)မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြု သည်။ ဗြိတိသျှ ကိုလိုနီတို့ အခြား မီးရထားလမ်း တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ (၃၀၀)ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်သည်။ ရှမ်းဘာသာဖြင့် ငုပ်ထိပ် ဟု ခေါ်ရာမှ ဂုတ်ထိပ် ဖြစ်လာသည်ဟုလည်းဆိုသည်။၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက် တွင် မြန်မာ့ပြည်တွင်းစစ် ၏ နောက်ဆက်တွဲသက်ရောက်မှုကြောင့် တံတားသည် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး၊ကျောက်မဲမြို့ဘက်အခြမ်း တံတား၏ ကမ်းကပ်ခုံ(AB 2)၊ တံတားတိုင်အမှတ်(P 16) နှင့် ကမ်းကပ်ခုံ (AB 2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာတို့ ပျက်စီးသွားခဲ့ရသည်။[၂]
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]ဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ (၂၂၆၀)ပေ ရှိသည်။ တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း (၁၁၀၀)မြင့်သည်။ ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း(၁ဝဝဝဝဝဝ)ကို သုံးစွဲရသည်။ ပေ (၁၂၀)ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ်ဟုခေါ်သောရွာရှိသည်။ ဗြိတိသျှတို့က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲသော ခရစ် ၁၈၉၈ ခုနှစ်လောက်က ထိုရွာမှ ရွာပေါင်း ၄၈ ရွာကို ကြီးမှူးရသည့် တိုက်နယ်ဗဟိုဌာန ဖြစ်သည်။ ထိုရွာကို မြန်မာတို့က ငုတ်ထိပ်ဟု ခေါ်ကြသည်။ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသော အခေါ်မှာ ထိုနေရာဒေသတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာနားတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ထိုးဝင်စီးဆင်းပြီးနောက် အခြားတစ်နေရာတွင် မြစ်ကြောင်းပေါ်သည်။ ကာလရွေ့လျောလာ သောအခါ ငုပ်ထိပ်ကို ဂုတ်ထိပ်ဟု အများက ခေါ်ဝေါ်လာကြသည်။
ဂုတ်ထိပ်သည် ထိုနမ်းပဆေးမြစ်ကြောင့်သာ ထင်ရှားခဲ့သည်မဟုတ်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားဟူ၍ ကျော်ကြားသော ဂုတ်ထိပ်တံတားကြောင့်လည်း ပို၍ထင်ရှားသည်။ ခရစ် ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန်လည်း လိုအပ်သည်ကို တွေ့ရှိလာကြသည်။ ထို့ကြောင့် ဂုတ်ထိပ်တံတားကို စတင်ဆောက်လုပ်ရန် မြန်မာပြည်အစိုးရက စီမံ လေသည်။
ဂုတ်ထိပ်တံတားမှာ မန္တလေးမှ ကွမ်းလုံ မီးရထားလမ်းရှိ နောင်ချိုဘူတာ အလွန်တွင် မီးရထားမိုင်တိုင်အမှတ် ၄၆၃/ဝ-၉ ရှိသော ကျောက်ဂူကြီးအပေါ်သို့ဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည်။ ဂုတ်ထိပ်တံတားကို မြန်မာပြည်အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေးကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ်စေသည်။ ဆောက်လုပ်၍ ကုန်ကျငွေမှာ ၁၆၉၈၂ဝဝ ကျပ် ဖြစ်သည်။
ထိုတံတားသည် နမ္မတူသတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါလေသည်။ မြန်မာနိုင်ငံ စီးပွားရေးကိုလည်း များစွာ အထောက်အပံ့ပြုသည်။ ထိုအကြောင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တို့၏ မြေလှန်စနစ်အရ ဂုတ်ထိပ်တံတားသည် ဖျက်ဆီးခြင်းခံရသည်။ သို့သော် သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့သည်။ ထို့နောက်တစ်ဖန် မြန်မာနိုင်ငံမှ ဆုတ်ခွာပေးရသော ဂျပန်တို့သည် တံတား၏ အမြင့်ဆုံးတိုင်များ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နှင့် ၁၂ တို့ကို အောက်ခြေမှစ၍ ဗုံးဖောက်ခွဲကာ ဖျက်ဆီးခဲ့ပြန်သည်။ ထို့ကြောင့် သံတိုင်အမှတ် ၉ မှာ အနည်းငယ် ပျက်စီးသည်။ အမှတ် ၁ဝ နှင့် ၁၂ တို့မှာ ပြို၍လဲလေသည်။ အမှတ် ၁၁ မှာမူ အောက်ခြေပြတ်သော်လည်း မလဲချေ။ ထိုတိုင်များပေါ်ရှိ ပေပေါင်း ၁၂ဝ စီရှည်သော ပေါင်းကူးသံဘောင် ၄ ခုမှာမူ မြေသို့ လျှောကျရလေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်၌ ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်း၍ပြင်ရန် စီစဉ်ခဲ့သော်လည်း ထိုကုမ္ပဏီများက တင်ဒါတင်သွင်းသော အဖိုးနှုန်းမှာ ကြီးလေးလှသဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ဦးစီး၍ ပြင်ဆင်ခဲ့လေသည်။ ယင်းသို့ ပြင်ဆင်သောလုပ်ငန်း ၁၉၄၈ ခု၊ မေလက စတင်ခဲ့သော်လည်း ပစ္စည်းရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ၁၉၅၁ ခု၊ ဩဂုတ်လအတွင်း၌သာ ပြီးစီးခဲ့လေသည်။ ပြန်လည် ပြုပြင်တည်ဆောက်ရသည့် စရိတ်မှာ ၃၂ သိန်းခန့် ဖြစ်သည်။[၃]
ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့သည်။ ယနေ့တိုင်ထိ မြန်မာပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတား (မြင်းခုံတံတား) ဟု မှတ်ကျောက်တင်ဆဲ ဖြစ်သည်။
တံတားဖျက်ဆီးခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့များသို့ ဆက်သွယ်ထားသည့် ဂုတ်ထိပ်တံတား၏ မြောက်ဘက်ခြမ်းရှိ သံမဏိတံတားဘောင်နှင့် အုတ်နံရံဘောင်တို့အား ဆက်သွယ်ထားသည့် နေရာသည် မိုင်းခွဲဖျက်ဆီးခံရပြီး ပျက်စီးသွားခဲ့သည်။[၄][၅]
တံတားဖျက်ဆီးခံရမှုအတွက် တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် အပြန်အလှန် အပြစ်တင်စွပ်စွဲမှု ရှိသည်။[၆]
“ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့ကလည်း ဒီမနက်ပိုင်းမှ ကြားသိရပါတယ်။ သတင်းကနေတက်နေတာလည်း တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျမတို့လည်း စုံစမ်းတာမျိုးတွေရှိပါတယ်။ ဒီမနက်ပိုင်းမှာ စစ်ကောင်စီက ကျမတို့ TNLA တည်ရှိရာ ဂုတ်ထိပ်တံတား တဝိုက်မှာဆိုရင် ဒရုန်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ အဲဒီ ဗုံးကြဲတိုက်ခိုက်နေတဲ့ အချိန်မှာ စစ်ကောင်စီက ကျမတို့ TNLA ကို ဦးတည်ပြီးတော့မှ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်နေတဲ့ အချိန်မှာ ကျမတို့ကို ကျရောက်တာမျိုးမဟုတ်ဘဲနဲ့ အဲဒီ တိုက်ခိုက်လိုက်တဲ့ ဒရုန်းတွေက ဒီ ဂုတ်ထိပ်တံတားကို ထိမှန်ပြီးမှ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်” ဟု တအာင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။[၇]
“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနှင့် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က သတင်းမီဒီယာများကို ပြောကြားသည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gokteik Viaduct။ Highestbridges.com။ 23 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-03-11 တွင် ပြန်စစ်ပြီး။
- ↑ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး။ MOI Myanmar (၂၄ ဩဂုတ် ၂၀၂၅)။ ၂၄ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၆)။ "ဂုတ်ထိပ်တံတား"။ မြန်မာ့စွယ်စုံကျမ်း။ ၃ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။
- ↑ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကို ပလောင် အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီး။ Eleven Media Group (၂၄ ဩဂုတ် ၂၀၂၅)။ ၂၄ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Pearl (NP News)။ "နှစ်ပေါင်း (၁၂၅) နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကို TNLA မိုင်းခွဲဖျက်ဆီး"၊ NP News၊ 24 August 2025။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နောင်ချိုက ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ။ BBC (၂၄ ဩဂုတ် ၂၀၂၅)။ ၂၄ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးမှု TNLA လုပ်ဆောင်ခြင်းမရှိ၊ ဖြစ်စဉ်စုံစမ်းနေဟုဆို။ Mizzima။ 24 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခဲ့သည့် TNLA အကြမ်းဖက်အဖွဲ့ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည် ဟု အစိုးရပြောကြား။ Yangon Media Group။ 24 August 2025 တွင် ပြန်စစ်ပြီး။