မာတိကာသို့ ခုန်သွားရန်

စက်ခေါင်းစက်ရုံ (အင်းစိန်)

ဝီကီပီးဒီးယား မှ

စက်ခေါင်းစက်ရုံ (အင်းစိန်)သည် ဒီဇယ်စက်ခေါင်း၊ လူစီးတွဲနှင့် ကုန်တွဲများ မွမ်းမံထိန်းသိမ်းနိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန မှဖွင့်လှစ်ထားသော စက်ရုံကြီး ၃ ရုံအနက်မှ တစ်ခုဖြစ်သည်။ စက်ရုံခွဲများအလိုက် ပြင်ဆင်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာယဉာဏ လုပ်သားပေါင်း (၉၆၅)ဦးတို့သည် လုပ်ငန်းသဘာဝအရ ဖွဲ့စည်းထားသည့် စက်ရုံခွဲများတွင် တာဝန်များ ခွဲဝေ ဆောင်ရွက်လျက် ရှိသည်။[၁]

သမိုင်းကြောင်း [၁]

[ပြင်ဆင်ရန်]

စက်ခေါင်းစက်ရုံ (အင်းစိန်) သည် မြန်မာ့မီးရထားသမိုင်းတွင် ပထမဆုံး တည်ဆောက်ခဲ့သော စက်ရုံကြီးတစ်ရုံဖြစ်ပြီး ၁၈၇၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၈၇၅ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ စက်ရုံ၏တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အတွင်း ၊ ရန်ကုန် - အင်းစိန် မော်တော်ကား လမ်းမကြီး၏ အနောက်ဘက်၊ တစ်ဖာလုံခန့်အကွာနှင့် ရန်ကုန် - ပြည် ရထားလမ်းရှိ အင်းစိန်ဘူတာ၏ အနောက်ဘက် ရထားလမ်း အနီးတွင် တည်ရှိသည်။ စက်ရုံ၏ အကျယ်အဝန်းမှာ (၂၃.၁) ဧကရှိသည်။ (၁၉၈၃) ခုနှစ် မေလတွင် အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံ အကျယ်အဝန်းအား (၃.၆၈) ဧက တိုးချဲ့ခဲ့ရာ စုစုပေါင်းအကျယ်အဝန်းမှာ (၂၆.၇၈) ဧက ရှိလာသည်။

စက်ရုံတည်ဆောက်ပြီးစတွင် ပုံသွန်းရုံ၊ တွင်ရုံ၊ စက်တည်ရုံ၊ ပန်းပဲရုံ နှင့် စက်ဆင်ရုံများ ပါဝင်သော အလုပ်ရုံခွဲ (၅)ရုံရှိခဲ့ရာ၊ (၁၉၂၈)ခုနှစ်မှ (၁၉၃ဝ) ခုနှစ်အတွင်း စက်ရုံခွဲ (၁ဝ)ရုံအထိ တိုးချဲ့ခဲ့ပြီးဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဗုံးဒဏ်ကို အလူးအလဲခံခဲ့ရပြီး စက်ရုံအဆောက်အဦးနှင့် စက်ကရိယာများ ချို့ယွင်းပျက်စီး ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ချိန်တွင် ဖြည့်တင်းရန် လိုအပ်သော စက်ကိရိယာများ တပ်ဆင်နိုင်ရေးအတွက် ဆင်းမလား စီမံကိန်းကို အိန္ဒိယနိုင်ငံ၌ ရေးဆွဲခဲ့ပြီး စက်ရုံပေါင်း(၁၁)ရုံ၊ အလုပ်သမားပေါင်း (၁၆ဝဝ)ခန့်ဖြင့် (၁၉၄၅)ခုနှစ်တွင် ပြန်လည်တည်ထောင်ခဲ့သည်။

စစ်မဖြစ်ပွားမီအချိန်က အသုံးပြုခဲ့သော စက်ခေါင်းအရန်ပစ္စည်းများ အများအပြားကို ဗြိတိန်နိုင်ငံမှ မှာယူ အသုံးပြုခဲ့ရသည်။ စစ်ပြီးခေတ်မှစ၍ ရေနွေးငွေ့ စက်ခေါင်းများအတွက် လိုအပ်သော အရန်ပစ္စည်းများကို စက်ရုံ၌ပင် အမျိုးအစားပေါင်း (၂ဝဝဝ) ခန့်အထိ ထုတ်လုပ်အစားထိုးသုံးစွဲပြီး မမှာလျှင် မဖြစ်သည့် ပစ္စည်းများကိုသာ ဗြိတိန်နိုင်ငံမှ မှာယူသုံးစွဲခဲ့သည်။

မြန်မာ့မီးရထားသည် စစ်ကြိုခေတ်၌ ရေနွေးငွေ့စက်ခေါင်း (၃၆၅)လုံးဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ပြီး ရေနွေးငွေ့စက်ခေါင်းများ ပြင်ဆင်မွမ်းမံထုတ်လုပ်မှု လုပ်ငန်းများနှင့် တွဲများ ပြင်ဆင်မွမ်းမံမှု လုပ်ငန်းနှစ်မျိုးစလုံးကို လုပ်ကိုင်ဆောင်ရွက်သွားရန် ဖြစ်သည်။ (၁၉၁၁)ခုနှစ်တွင် မြစ်ငယ် စက်ရုံကို တည်ဆောက်ပြီးစီးခဲ့သဖြင့် တွဲပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကို မြစ်ငယ်သို့ ပြောင်းရွေ့ လုပ်ကိုင်ခဲ့သည်။ (၁၉၅၈) ခုနှစ်တွင် ရေနွေးငွေ့စက်ခေါင်း (၂၉၇)လုံး ကိုအသုံးပြုခဲ့သည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အချိန်တိုတိုနှင့် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍လည်းကောင်း၊ ရေနွေးငွေ့ စက်ခေါင်းတွင်အသုံးပြုရမည့် လောင်စာစရိတ်သည် တဖြည်းဖြည်း ကြီးမြင့်လာသည်နှင့်အမျှ လောင်စာစရိတ် သက်သာစေရန်အတွက် ရည်ရွယ်၍လည်းကောင်း၊ အသုံးပြု သက်တမ်းကြီးရင့်ပြီး ဖျက်သိမ်းရသည့် ရေနွေးငွေ့စက်ခေါင်း၏နေရာတွင် အစားထိုးအသုံးပြုရန် ရည်ရွယ်၍ လည်းကောင်း၊ (၁၉၅၈)ခုနှစ်တွင် ဒီဇယ်စက်ခေါင်း (၆)လုံးကို ပြင်သစ်နိုင်ငံ အယ်စသွန်ကုမ္ပဏီမှ ဝယ်ယူခဲ့သည်။ ၎င်းစက်ခေါင်းများကို ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစတင် ပြေးဆွဲခဲ့သည်။

သက်တမ်းကြီးရင့်ပြီး ဖျက်သိမ်းရမည့် ရေနွေးငွေ့စက်ခေါင်းများ၏နေရာတွင် အစားထိုးရန် ဒီဇယ် စက်ခေါင်းများကို ဝယ်ယူဖြည့်တင်းလာခဲ့ရာ လက်ရှိမြန်မာ့မီးရထားတွင် ဒီဇယ်လျှပ်စစ် စက်ခေါင်း (၂၆၂)ခေါင်း၊ ဒီဇယ်ဟိုက်ဒရောလစ်စက်ခေါင်း (၁၃၆)ခေါင်း၊ စုစုပေါင်း ဒီဇယ်စက်ခေါင်း (၃၉၉)ခေါင်း ရှိပြီ ဖြစ်သည်။

အလုပ်ရုံခွဲများ

[ပြင်ဆင်ရန်]

စက်ခေါင်းစက်ရုံ၊ အင်းစိန်တွင် လက်ရှိ လုပ်ငန်းသဘာဝအပေါ် မူတည်၍ အောက်ပါအတိုင်း စက်ရုံခွဲ (၁၉)ရုံ ဖြင့်ဖွဲ့စည်းထားရှိသည်။[၁]

  • ပင်မအဆောက်အဦးရှိ စက်ရုံခွဲများ
    • ကိရိယာရုံ
    • တွင်ရုံ
    • စက်ဆင်ဘိုဂီရုံ
    • ပန်းပဲရုံ
    • ဘွိုင်လာနှင့် ကိုယ်ထည်ဂဟေရုံ
    • အရန်စက်ငယ်ရုံ
    • ဒီဇယ်စက်ခေါင်းဖြုတ်ဆင်ရုံ
    • အတွင်းမီးအားစက်ရုံ
    • ထရက်ရှင်မော်တာရုံ
    • အင်ဂျင်ရုံ
    • ဒီဇယ်အရန်ပစ္စည်းထုတ်လုပ်ရုံ
    • တိုးချဲ့စက်ခေါင်း ဖြုတ်ဆင်ရုံသစ်
  • သီးခြားအဆောက်အဦးရှိ စက်ရုံခွဲများ
    • စက်ရုံအထွေထွေမန်နေဂျာရုံး နှင့် အချိန်မှတ်ရုံး
    • ပုံသွန်းရုံ
    • စက်တည်ရုံ
    • သံဖြူနှင့်ကြေးနီရုံ
    • ပစ္စည်းထိန်းဌာန
    • စစ်ဆေးစမ်းသပ်ရုံ
    • ပါဝါလျှပ်စစ်ရုံ

လုပ်ငန်းတာဝန်များ

[ပြင်ဆင်ရန်]

စက်ခေါင်းစက်ရုံ (အင်းစိန်)သည် အောက်ပါလုပ်ငန်းများကိုဆောက်ရွက်လျက်ရှိသည်။[၁]

  • ဒီဇယ်လျှပ်စစ်စက်ခေါင်းများ အကြီးတန်းပြုပြင်ခြင်း၊
  • ဒီဇယ်လျှပ်စစ်စက်ခေါင်းများ အကြီးတန်းတစ်ဝက် ပြုပြင်ခြင်း၊
  • ဒီဇယ်လျှပ်စစ်စက်ခေါင်းများ အလတ်တန်း ပြုပြင်ခြင်း၊
  • ကိုယ်ပိုင်ဒီဇယ်လျှပ်စစ်စက်ခေါင်းအသစ် တည်ဆောက်ခြင်း၊
  • ဒီဇယ်လျှပ်စစ်စက်ခေါင်းများ၏ ထရက်ရှင်မော်တာများ ပြုပြင်ခြင်း၊
  • ဒီဇယ်ကရိန်းများ အကြီးတန်း၊ အလတ်တန်းပြုပြင်ခြင်း၊
  • ရေနွေးငွေ့ကရိန်းများ အကြီးတန်း၊ အလတ်တန်းပြုပြင်ခြင်း၊
  • သံလမ်းပြေးယာဉ်များ ပြုပြင်ခြင်း၊
  • မိခင်စက်ရုံ နှင့် နယ်စက်ရုံ ရှိ စက်ယန္တရားများ ပြုပြင်ခြင်း၊
  • ကတ္တားအလေးချိန်ခွင်ပြုပြင်ခြင်း၊
  • မီးစက်၊ ရေစက်ပြုပြင်ခြင်း၊
  • စက်ခေါင်း၊ တွဲနှင့် အခြားအရန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊
  • စက်ဆီ၊ ချောဆီများကို နယ်စက်ရုံများသို့ဖြန့်ဖြူးပေးခြင်း၊
  • ဒီဇယ်လျှပ်စစ် စက်ခေါင်းအရန်ပစ္စည်းများ၊ အခြားကုန်ကြမ်းပစ္စည်းများ လက်ခံ၊ သိုလှောင်၊ ဖြန့်ဝေပေးခြင်း၊
  • မြန်မာ့မီးရထား၏ အထူးစီမံကိန်းများအား ပံ့ပိုးဆောင်ရွက်ပေးခြင်း၊
  • ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် လေ့ကျင့်ပျိုးထောင်ခြင်း၊
  • ဝန်ထမ်း သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးခြင်း။

စက်ခေါင်းပြုပြင်ဆောင်ရွက်မှု

[ပြင်ဆင်ရန်]

စက်ခေါင်းစက်ရုံ(အင်းစိန်)တွင် (၁၉၈၁-၁၉၈၂) ခုနှစ်မှစ၍ ဒီဇယ်စက်ခေါင်းများ အကြီးတန်း ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့ရာမှ ပထမအဆင့် တွင် သက်တမ်းထက်ဝက်ကျော် အသုံးပြုခဲ့ပြီး စွမ်းအားကျဆင်းနေသည့် စက်ခေါင်းများအား အင်ဂျင်အသစ် တပ်ဆင်၍ စွမ်းအားပြန်လည်မြှင့်တင်ခြင်း၊ ဒုတိယအဆင့်တွင် မတော်တဆမှုများကြောင့် ဖျက်သိမ်းရမည့် အခြေအနေတွင်ရှိသော ဒီဇယ်စက်ခေါင်းများအား ပြန်လည်တည်ဆောက်ခဲ့ခြင်း၊ တတိယအဆင့်တွင် နိုင်ငံခြားမှပစ္စည်းများမှာယူပြီး ပြည်တွင်းတွင် စုစည်းစနစ်ဖြင့် အသစ်တည်ဆောက်တပ်ဆင်ခြင်း၊ စတုတ္ထအဆင့်တွင် နိုင်ငံခြားမှ သံထည်ကုန်ကြမ်း ပစ္စည်းများနှင့် ဘိုဂီ၊ ဒီဇယ်အင်ဂျင်စသော ပစ္စည်းများကို ဝယ်ယူပြီး ပြည်တွင်းတွင် အောက်ခံသံဘောင်မှအစ ဒီဇယ်စက်ခေါင်း တစ်ခေါင်းလုံးအသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် အဆင့်ရှိသော စက်ရုံတစ်ရုံ ဖြစ်သည်။

စက်ခေါင်းစက်ရုံ(အင်းစိန်)တွင် ဒီဇယ်စက်ခေါင်းတစ်လုံးအသစ် တည်ဆောက်ခြင်း၊ ပြန်လည် တည်ဆောက်ခြင်းနှင့် သက်တမ်းဝက် ပြင်ဆင်ခြင်းအတွက် အချိန်ကာလအားဖြင့် အလုပ်လုပ်ရက်ပေါင်း ၅၅-ရက် (နှစ်လခွဲ)၊ စွမ်းအားမြှင့်တင်ခြင်းနှင့် အကြီးတန်းပြင်ဆင်ခြင်းအတွက် အလုပ်လုပ်ရက်ပေါင်း ၄၅-ရက် (နှစ်လ) အတွင်း ပြီးစီးအောင် ထုတ်လုပ်နိုင်သည်။[၁]

ပြည်တွင်း၌ကိုယ်ပိုင်ဒီဇယ်လျှပ်စစ်စက်ခေါင်း အသစ်တည်ဆောက်ခြင်း

[ပြင်ဆင်ရန်]

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး၏လမ်းညွှန်ချက်အရ မြန်မာ့မီးရထားအနေဖြင့် စက်ခေါင်းနှင့် တွဲများကို ပြုပြင်ဆောင်ရွက်ရာမှ မိမိကိုယ်ပိုင်အခြေခံဖြင့် အသစ်တည်ဆောက်သွားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်၊ စက်ခေါင်းတည်ဆောက်ရာတွင် ကိုယ်ပိုင်ဒီဇိုင်း မရှိသေးပါက မိမိအသုံးပြုနေသော စက်ခေါင်းများထဲမှ သင့်လျော်လွယ်ကူသည့် စက်ခေါင်းအမျိုးအစားကို တည်ဆောက်ရန် ဖြစ်သည်။ ထိုသို့တည်ဆောက်ရာတွင် လိုအပ်သော အရန်ပစ္စည်းများကို နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ မိမိစက်ရုံမှ ထုတ်လုပ်ခြင်းဖြင့်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အစရှိသည့် ပြည်တွင်းအားကို အသုံးချရန်ဖြစ်ပြီး၊ မဖြစ်မနေ ပြည်ပမှဝယ်ယူရန် လိုအပ်သောပစ္စည်းများကို ပြည်ပမှဝယ်ယူသွားရန်ဖြစ်သည်။ ကနဦးအစီအစဉ်အနေ ဖြင့် အင်းစိန်၊ စက်ခေါင်းရုံတွင် ပထမဦးဆုံးစမ်းသပ်တည်ဆောက်သည့် ကိုယ်ပိုင်စက်ခေါင်း D-၁၂ဝဝ-ဝ၁ ဒီဇယ်လျှပ်စစ်စက်ခေါင်းကို ၂ဝဝ၇ ခုနှစ်၊ ဧပြီလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး၊ ဒုတိယကိုယ်ပိုင်စက်ခေါင်း D-၁၂ဝဝ-ဝ၂ တည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလတွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့သည်။[၁]

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဒုတိယဝန်ကြီး(၁)တို့၏ လမ်းညွှန်ချက်အရ CAT-၃၅ဝ၈ G အင်ဂျင်အသစ်ဖြင့် စက်ခေါင်းအသစ် (၆)ခေါင်း တည်ဆောက်မှုကို ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ တည်ဆောက် ပြီးစီးခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

အကိုးအကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ စက်ခေါင်းစက်ရုံ (အင်းစိန်)။ မြန်မာ့မီးရထား။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။