ဘောဇနပ္ပဋိဂ္ဂဟဏပဌမသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—မိမိကို ချစ်ကြိုက်နေသူတို့၏လက်မှ ခဲဖွယ်ဘောဇဉ်ကို ယူ၍ စားမှု။

အမှုသည်—သုန္ဒရီနန္ဒာ။


သုန္ဒရီနန္ဒာအား ကျွေးကြပုံ[ပြင်ဆင်ရန်]

သုန္ဒရီနန္ဒာသည် (ပါရာဇိကအခန်း၌ပြခဲ့သည့်အတိုင်း) အလွန်အဆင်းလှသောကြောင့် ဆွမ်းကျွေးသူတို့ ဆွမ်း စားဇရပ်၌ သုန္ဒရီနန္ဒာကိုမြင်လျှင် ခင်မင်ကြသည်ဖြစ်၍ ကောင်းသောခဲဖွယ်ဘောဇဉ်ကို ရွေး၍ သုန္ဒရီနန္ဒာအား ပေးကြကုန်၏။ သုန္ဒရီနန္ဒာမှာ စိတ်တိုင်းကျ စားရသလို, အခြားဘိက္ခုနီတို့ မစားကြရကုန်၊ ထို့ကြောင့် အခြားဘိက္ခုနီတို့က သုန္ဒရီနန္ဒာအား “မိမိကို ချစ်ကြိုက်နေသူတို့၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိကလည်း ပြန်၍ ချစ်ကြိုက်နေပါလျက် လက်ခံစားရ ကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထတော ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် မိမိကိုယ်တိုင်က ကိလေသာမိုးရေ စိုစွတ်နေသူဖြစ်လျက် ကိလေသာမိုးရေစိုစွတ်နေသော ယောက်ျား၏လက်မှ ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ, မိမိလက်ဖြင့်ခံယူ၍ ခဲ, စားအံ့၊ ထိုဘိက္ခုနီလည်းလွန်ကျူးလျှင်ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ် သင့်၏၊ [ဤသိက္ခာပုဒ်သည် ပြခဲ့သော ဥဗ္ဘာဇဏုမဏ္ဍလိကာပါရာဇိကမပညတ်မီ ပညတ်တော်မူရသော သိက္ခာပုဒ်တည်း။ ][၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး