မာတိကာသို့ ခုန်သွားရန်

ပရိညာသုံးပါး

ဝီကီပီးဒီးယား မှ

ပရိညာ ဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ပိုင်းခြား၍သိခြင်း၊ ပိုင်းခြားသိသောဉာဏ်ဟု အဓိပ္ပာယ်ရသည်။ ပရိညာ သုံးပါးရှိသည်။

ဉာတပရိညာ

[ပြင်ဆင်ရန်]

ဉာတပရိညာဆိုသည်မှာ ပရမတ္တသစ္စကထာ၊ ပစ္စယကာတို့တွင် အကြောင်းနှင့် တကွသော ရုပ်တရား၊ နာမ်တရား၊ နိဗ္ဗာန်တရားတို့ကို သဘောကျနစွာ တတ်သိလိမ္မာခြင်း ဖြစ်သည်။ အသိဉာဏ်၌ ဆံပင်၊ မွေးညင်း စသော သဏ္ဌာနပညတ်မျိုး ပျောက်ကွယ်၍ ဓမ္မအဘိညာဖြင့် ပရမတ္ထဓမ္မသက်သက်သာ ရှိသည်ဟု ပိုင်နိုင်စွာ သိခြင်း ဖြစ်သည်။ အကုန်လုံးကိုပင် မသိသော်လည်း ရုပ် (၂၈) ပါးတွင် ဓာတ်ကြီးလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိနိုင်လျှင် ရုပ်၌ ဉာတပရိညာကိစ္စ ပြီးနိုင်၏။

နာမ်၌လည်း ဝိညာဏ်တစ်ပါး၊ ဝေဒနာတစ်ပါး၊ သညာတစ်ပါး၊ စေတနာတစ်ပါး၊ ဤလေးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် သိနိုင်လျှင် နာမ်၌ ဉာတပရိညာကိစ္စ ပြီးနိုင်၏။ နိဗ္ဗာန်မှာလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း သဘောကျနိုင်လျှင် ဉာတပရိညာကိစ္စ ပြီးနိုင်၏။ နိဗ္ဗာန်မှာလည်း ပြဆိုပြီးခဲ့သည့်အတိုင်း သဘောကျနိုင်လျှင် ဉာတပရိညာကိစ္စ ပြီးနိုင်၏။ အကြောင်းတရားမှာလည်း ပစ္စယကထာတွင် ပြဆိုခဲ့သမျှအတိုင်း သဘောကျနစွာ သိနိုင်လျှင် ပစ္စယ၌ ဉာတပရိညာကိစ္စ ပြီးနိုင်၏။[]

တိရဏပရိညာ

[ပြင်ဆင်ရန်]

တိရဏပရိညာဆိုသည်မှာ ထိုရုပ်တရား၊ နာမ်တရားတို့ကို ခဏိကဓမ္မ ဖြစ်ကြသည့်အတိုင်း ခဏခဏ ဖြစ်မှုပျက်မှုကို ရှုသောအားဖြင့် ဉာဏ်ဖြင့် အပိုင်းပိုင်းဖြတ်တောက်ခုတ်စဉ်းခြင်းသည် တိရဏ မည်၏။ ထိုဖြတ်တောက် ခုတ်စဉ်းမှု၏ ပိုင်နိုင်ခြင်းသည် တိရဏပရိညာ မည်၏။ တိရဏပရိညာသည် (၃) ပါး ရှိ၏။ ထိုသုံးပါးတို့မှာ

(၁) အနိစ္စပရိညာ၊

(၂) ဒုက္ခပရိညာ၊

(၃) အနတ္တပရိညာ တို့ဖြစ်ကြသည်။[]

အနိစ္စပရိညာ

[ပြင်ဆင်ရန်]

အနိစ္စပရိညာဆိုသည်မှာ မရဏတရား၌ ဉာဏ်အမြင် ပိုင်နိုင်ခြင်း ဖြစ်သည်။ ဤစကား၌ မရဏတရားသည် သမ္မုတိမရဏ၊ ပရမတ္ထမရဏဟူ၍ နှစ်ပါး ရှိ၏။ ထိုနှစ်ပါးတို့တွင်

သမ္မုတိမရဏ ဆိုသည်မှာ သမ္မုတိသစ္စာဘက်၌ ပုဂ္ဂိုလ်သတ္တဝါတို့၏ တစ်သက်တွင် တစ်ခါသေမြဲဓမ္မတာဟူ၍ ဆိုကြရသော မရဏတရားသည် သမ္မုတိမရဏ မည်၏။ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့၏ တစ်နေ့တစ်ရက်အတွင်းမှာပင် အကြိမ်ပေါင်း အရာထောင်မက ချုပ်ပျက်သေဆုံးခြင်းသည် ပရမတ္ထမရဏ မည်၏။

ထိုနှစ်ပါးတို့တွင် သမ္မုတိမရဏသည် အနိစ္စလက္ခဏာ အစစ်အမဟုတ်ပေ။ အနိစ္စပရိညာ၏ အရာအချက် မဟုတ်ပေ။ အနုဿတိဆယ်ပါးတွင် မရဏနုဿတိ၏ အရာမျှသာ ဖြစ်၏။ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့၏ သေခြင်း၊ ချုပ်ပျောက်ပျက်ဆုံးခြင်းဟူသော ပရမတ္ထမရဏသည်သာလျှင် အနိစ္စလက္ခဏာအစစ် ဖြစ်၏။ အနိစ္စပရညာ၏ အချက်ဖြစ်၏။[]

ဒုက္ခပရိညာ

[ပြင်ဆင်ရန်]

ဒုက္ခပရိညာဆိုသည်မှာ ဒုက္ခသဘော၌ ဉာဏ်အမြင် ပိုင်နိုင်ခြင်း ဖြစ်သည်။ ဤစကား၌ ဒုက္ခသည်

(၁) ဝေဒယိတဒုက္ခ၊

(၂) ဘယဋ္ဌဒုက္ခ ဟူ၍ (၂) မျိုး ရှိ၏။

ထိုနှစ်ပါးတွင် ဝေဒယိတဒုက္ခ ဆိုသည်မှာ ကာယိကဒုက္ခ စေတသိကဒုက္ခတို့ကို ဆိုခြင်း ဖြစ်သည်။ ကာယိကဒုက္ခ ဆိုသည်မှာ ကိုယ်အင်္ဂါတို့၌ ပေါ်ပေါက်ကျရောက်သော မခံသာသော ဒုက္ခဝေဒနာမျိုးကို ဆိုလိုသည်။ စေတသိကဒုက္ခ ဆိုသည်မှာ စိတ်သန္တာန်၌ ပေါ်ပေါက်ကျရောက်သော သောက၊ ပရိဒေဝ၊ ဒေါမနဿ၊ ဥပါယာသ ဒုက္ခမျိုးကို ဆိုလိုသည်။

ဘယဋ္ဌဒုက္ခ ဆိုသည်မှာ ဘယဉာဏ်၊ အာဒီနဝဉာဏ် တို့၏ အရာဖြစ်သော ဒုက္ခမျိုးကို ဆိုခြင်း ဖြစ်သည်။ ဘယဉာဏ်၊ အာဒီနဝဉာဏဏ်တို့၏ အရာဆိုသည်မှာ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ တို့ ဖြစ်ကြသည်။

ဝေဒယိတဒုက္ခနှင့် ဘယဋ္ဌဒုက္ခနှစ်ပါးအထူး၌ ဥပမာမှာ − လူတစ်ယောက်သည် ရောဂါဆိုး၊ အနာဆိုးကြီးတစ်ခု ရှိ၏။ ကြမ်းတမ်းသော အစာအာဟာရတို့ကို စားသောက်၍နေမှ ပကတိလူမာကဲ့သို့ ချမ်းသာရ၏။ ဝက်သား၊ ကြက်သား၊ ငါး၊ အမဲအစရှိသော ကောင်းမွန်သော အစာအာဟာရတို့ကို စားခဲ့မိလျှင် စားဆဲအခါ၌ အလွန်ကောင်း၏။ စားပြီးသည်မှ နောက်ကာလ၌ တစ်ရက်လုံးလုံး သေလုနီးပါးဒုက္ခကြီးစွာ ခံရသောအခါလည်း ရှိ၏။ နှစ်ရက်၊ သုံးရက်၊ လေးရက် စသည် ရက်ရှည်နေ့များ ဒုက္ခကြီးစွာ ခံရသောအခါလည်း ရှိ၏။ အစာအာဟာရက အလွန်ကောင်းလေလေ ဒုက္ခခံရက် ရှည်လျားလေလေ ဖြစ်၏။

တစ်ယောက်သောသူသည် ကုသိုလ်ကောင်းမှုကို လိုလားသည်ဖြစ်၍ ဝက်သား၊ ကြက်သား၊ ငါး၊ အမဲတို့နှင့်တကွ ထောပတ်ထမင်းကို အလွန်ကောင်းမွန်စွာ ချက်ပြီးလျှင် ထိုသူနာအား သဒ္ဓါတရားနှင့် သွား၍ကျွေး၏။ ထိုလူနာသည် အလွန်စားလိုပါသော်လည်း စားပြီးသည်မှ နောက်ကာလ၌ ခံရလတ္တံ့သော မိမိဒုက္ခကို ကြောက်ရသည့်အတွက် ဤကဲ့သို့ ကောင်းမွန်လှသော အစာအာဟာရမျိုးကို ကျွန်ုပ်မစားဝံ့ပါဟု ငြင်းပယ်ရလေ၏။ စားမိလျှင်လည်း နေ့ရှည်ရက်များ ဗိုင်းဗိုင်းလဲ၍ သွားရမည် အမှန်ဖြစ်၏။

ထိုဝတ္ထ၌ စားဆဲအခါမှာ အလွန်ကောင်းသည့်အတွက် ထိုအစာအာဟာရသည် ထိုသူမှာ ဝေယိတသုခဝတ္ထုမျိုး အမှန်ဖြစ်၏။ လျှာအတွေ့ ၌ အလွန်ကောင်းခြင်းသည် ဝေဒယိတသုခ မည်၏။ ဘယဋ္ဌအလိုအားဖြင့်မူကား ထိုအစာအာဟာရမည်များသည် ထိုသူမှာ ကြောက်မက်ဖွယ်ကောင်းလှသော ဒုက္ခဝတ္ထုမျိုးအနွယ်ပင် ဖြစ်၏။ လျှာအတွေ့ ၌ အလွန်ကောင်းခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှသော ဘယဋ္ဌဒုက္ခကြီး မည်၏။ အဘယ်ကြောင့်ဆိုသော် လျှာအတွေ့ ၌ အလွန်ကောင်းလေလေ နောက်ပိုင်း၌ ဗိုင်းဗိုင်းလဲ၍ အသည်းအသန် ခံစားရန် ဒုက္ခကြီးမားရှည်လျားလေလေ ဖြစ်သောကြောင့် ဖြစ်၏။

ဤလောက၌ သက္ကာယဒိဋ္ဌိနှင့် ဝိနိပါတဘေး တင်းလင်းရှိနေသောသူသည် ထိုသူနာနှင့် တူ၏။ လူ့ဘဝ လူ့ချမ်းသာ၊ နတ်ဘဝ နတ်ချမ်းသာ၊ ဗြဟ္မာ့ဘဝ ဗြဟ္မာ့ချမ်းသာများသည် ထိုသူနာမှာ အလွန်ကောင်းမွန်သော ကြက်သား၊ ဝက်သား။ ငါး၊ အမဲဟင်း၊ ထောပတ်ထမင်းတို့နှင့်လည်းကောင်း၊ ထိုသူနာမှာ လျှာအတွေ့ အလွန်ကောင်းခြင်း၊ သုခဝေဒနာနှင့်လည်းကောင်း တူ၏။ သေလွန်ကြသည်မှ နောက်ကာလ၌ ဝိနိပါတဘေးကြီး သင့်ရောက်ကျမှုသည် ထိုသူနာမှာ စားပြီးသည်မှ နောက်ကာလ၌ ဗိုင်းဗိုင်းလဲ၍ အသည်းအသန် ခံစားရသော ဒုက္ခမှုကြီးနှင့် တူ၏။

ဤ၌ ဝေဒယိတဒုက္ခသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟူ၍လာသော ဝေဒနာတိက်အရာများ၌ ဒုက္ခသဒ္ဒါ၏ အနက် ဖြစ်၏။ ဘယဋ္ဌဒုက္ခသည် ဒုက္ခသစ္စာအရာ၌ နိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော ဝိပဿနာအရာများ၌ ဒုက္ခသဒ္ဒါ၏ အနက်ဖြစ်၏။

ထိုလူ့ဘဝ လူ့ချမ်းသာ၊ နတ်ဘဝ နတ်ချမ်သာ၊ ဗြဟ္မာ့ဘဝ ဗြဟ္မာ့ချမ်းသာတို့၌ ဘယဋ္ဌဒုက္ခဉာဏ်အမြင် ပိုင်နိုင်ခြင်းသည် ဒုက္ခပရိညာ မည်၏။[]

အနတ္တပရိညာ

[ပြင်ဆင်ရန်]

အနတ္တပရိညာ ဆိုသည်မှာ ရုပ်နာမ်တရားတို့ ၌ အနတ္တဉာဏ်အမြင်၏ ပိုင်နိုင်ခြင်း ဖြစ်သည်။ အနတ္တဉာဏ်အမြင်ဆိုသည်မှာ ပရမတ္ထသစ္စာမျိုးဖြစ်သော ပုဂ္ဂိုလ်၏ အတ္တမဟုတ်၊ ဇီဝမဟုတ်၊ သတ္တဝါ၏ အတ္တမဟုတ်၊ ဇီဝမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါများသည်လည်း ရုပ်တရား၊ နာမ်တရားများ၏ အတ္တမဟုတ်၊ ဇီဝမဟုတ်၊ ရုပ်တရား နာမ်တရားများမှ လည်းကောင်း၊ ပုဂ္ဂိုလ်သတ္တဝါမှလည်းကောင်း၊ အလွတ်အသီးအခြားဖြစ်၍ ချုပ်သည် ပျက်သည်ဟူ၍ မရှိဘဲ တစ်ဘဝမှတစ်ဘဝသို့ ကံပစ်ချရာ ပြောင်းသွား၍နေသော အတ္တဟူ၍လည်း မရှိ၊ ဇီဝဟူ၍လည်း မရှိဟုလည်းကောင်း ၊ အာရုံ တစ်မှ အာရုံ တစ်ခု ဆက်မပြတ် ဆက်ခါဖြစ်နေတဲ့ သဘောဟာ အကြောင်းတရားများကြောင့် အကျိုးတရားများဖြစ်နေခြင်းသာ ဖြစ်ပြီး ပြုလုပ်သူ ၊ ခံစား စံစားသူ မရှိဘဲ ၊ မဖြစ်အောင်လည်း ရပ်အောင်လုပ်မရ ၊ ဖြစ်အောင်လည်း လုပ်လို့ မရဘဲ သူ့သဘော သူဆောင်ကာ ဖြစ်ပျက်နေခြင်းသာဖြစ်သည်ကို မြင်နိုင်၍ ပိုင်ပိုင်နိုင်နိင် ဆုံးဖြတ်ချက်ချနိုင်သော ဉာဏ်သည် အနတ္တဉာဏ် မည်၏။ ထိုအနတ္တဉာဏ်၏ ပိုင်နိုင်ခြင်းသည် အနတ္တပရိညာ မည်၏။ ဤအနိစ္စပရိညာ၊ ဒုက္ခပရိညာ၊ အနတ္တပရိညာ သုံးပါးကို တိရဏပရိညာဟု ဆိုသည်။[]

ပဟာနပရိညာ

[ပြင်ဆင်ရန်]

ပဟာနပရိညာ ဆိုသည်မှာ ဝိပလ္လာသတရားတို့ကို ပယ်ရှားမှု၏ ပိုင်နိုင်ခြင်း ဖြစ်သည်။ အနိစ္စာနုပဿနာဉာဏ်ဖြင့် နိစ္စဝိပလ္လာသတရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ဖယ်ရှားခြင်း၊ ဒုက္ခာနုဿနာဉာဏ်ဖြင့် သုခဝိပလ္လာသတရားသုံးပါး၊ သုဘဝိပလ္လာသတရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ဖယ်ရှားခြင်း၊ အနတ္တာနုပဿနာဉာဏ်ဖြင့် အတ္တဝိပလ္လာသတရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ဖယ်ရှားခြင်း ဖြစ်သည်။

ဇီဝ ဆိုသည်မှာ သန္တတိပညတ်၏ အမာခံအနှစ်သာရ ဖြစ်သည်။ အတ္တဆိုသည်မှာ သဏ္ဌာနပညတ်၏ အမာခံအနှစ်သာရ ဖြစ်သည်။ အမာခံအနှစ်သာရမျိုးချည်း ဖြစ်သောကြောင့် ဇီဝသည်လည်း အတ္တမျိုးပင် ဖြစ်သည်။ ထိုနှစ်ပါးတို့တွင် သဏ္ဌာနပညတ်၏ အမာခံဖြစ်သော အတ္တကို သစ္စာနှစ်ပါးခွဲခန်းနှင့်ပင် ပယ်နိုင်ရန် ရှိပြီ။ သန္တတိပညတ်၏ အမာခံဖြစ်သော ဇီဝကိုမူကား အနိစ္စပရိညာ အထမြောက်မှသာ ပယ်နိုင်၏။

သန္တတိဆိုသည်မှာ တစ်မျိုးတည်းသောတရား၏ ဖြစ်စဉ်ကို ဆိုလိုသည်။ တရားအမျိုးမျိုးအထွေထွေ ပြောင်းလဲသည်ကို နာနာသန္တတိ ဆို၏။ ထိုသန္တတိသည် ရုပ်သန္တတိ၊ နာသန္တတိဟူ၍ နှစ်ပါး ရှိသည်။ ရုပ်သန္တတိသည် လေးပါး ရှိ၏။ ထိုရုပ်သန္နတိလေးပါးတို့မှာ —

(၁) ကမ္မဇရုပ်သန္တတိ၊

(၂) စိတ္တဇရုပ်သန္တတိ၊

(၃) ဥတုဇရုပ်သန္တတိ၊

(၄) အာဟာရရုပ်သန္တတိ တို့ဖြစ်ကြသည်။

ထိုလေးပါးတို့တွင် ကမ္မဇရုပ်သန္တတိ သည် ကံအထွေထွေပြောင်းလဲလျှင် ပြောင်းလဲ၏။ စိတ္တဇရုပ်၊ အာဟာရရုပ်၊ ဥတုဇရုပ်သန္တတိတို့မှာလည်း စိတ်အထွေထွေ၊ အာဟာရအထွေထွေ၊ ဥတုအထွေထွေ ပြောင်းလဲလျှင် အသီးသီး ပြောင်းလဲကြသည်။ ထိုလေးပါးတို့တွင် ကမ္မဇရုပ်သန္တတိသည်ကား ပြောင်းလဲမှုမထင်ရှား၊ စိတ္တဇရုပ်သန္တတိသည်ကား ပြောင်းလဲမှု အလွန်ထင်ရှား၏။ တစ်ထိုင်တွင်းမှာပင် ကိုယ်အင်္ဂါအထွေထွေ လှုပ်ရှားခြင်း ဖြစ်၏။ သန္တတိအထွေထွေ ပြောင်းလဲခြင်းပင် ဖြစ်သည်။ အမူအရာကြိယာအထွေထွေ ဖြစ်၏။ ရုပ်အသင်းသင်း ပြောင်းလဲမှု ဖြစ်သည်။ တစ်သင်း တစ်သင်းမှာလည်း အသင်း၏ ဖြစ်ပေါ်ခြင်း၊ အသင်း၏ ကြာညောင်းခြင်း၊ အသင်း၏ သေဆုံးခြင်းဟူ၍ သုံးပါး၊ သုံးပါးစီ ရှိကြ၏။ ဖြစ်ပေါ်ခြင်းသည် ဇာတိတည်း၊ ကြာညောင်းခြင်းသည် ဇရာတည်း၊ သေဆုံးခြင်းသည် မရဏတည်း။

သွားခြင်း ဣရိယာပုတ်၌ ခြေတစ်လှမ်း တစ်လှမ်းမှာပင် အစ၊ အလယ်၊ အဆုံး သုံးပါးရှိ၏။ ခြေလှမ်း၏ ဖြစ်ပေါ်မှု၊ ခြေလှမ်း၏ ကြာညောင်းမှု၊ ခြေလှမ်း၏ သေဆုံးမှုများ ဖြစ်သည်။ တစ်လှမ်းဆုံးလျှင် တစ်ကိုယ်လုံးပါ၏။ တစ်ကိုယ်လုံး၏ တစ်မျိုးအသစ် ဖြစ်ပေါ်မှုပင် ဖြစ်သည်။ တစ်ကိုယ်လုံး၏ ကြာညောင်းမှုပင် ဖြစ်သည်။ တစ်ကိုယ်လုံးရှိ ဓာတ်တို့၏ သေဆုံးမှုပင် ဖြစ်သည်။ ခြေလှမ်းတစ်ရာရှိလျှင် တစ်ကိုယ်လုံးသေခြင်း တစ်ရာဖြစ်၏။ ခြေလှမ်းတစ်ထောင်ရှိလျှင် တစ်ကိုယ်လုံးသေခြင်း တစ်ထောင်ဖြစ်၏။ ခြေတစ်လှမ်းမှာလည်း ချီရုပ်အသင်း၊ ချရုပ်အသင်းဟူ၍ ရုပ်နှစ်သင်းခွဲရန် ရှိသေး၏။ ချီရုပ်အသင်း ဖြစ်ပေါ်မှု၊ ချီရုပ်အသင်း ကြာညောင်းမှု၊ ချီရုပ်အသင်း သေဆုံးမှုဟူ၍လည်း ရှိ၏။ ချရုပ်အသင်းမှာလည်း ထို့အတူ ရပ်ခြင်း၊ ထိင်ခြင်း၊ လျောင်းခြင်းတို့၌လည်း အသီးသီး အစ၊ အလယ်၊ အဆုံး သုံးပါးစီ ရှိကြ၏။ ဒုက္ခဝေဒနာနှင့်တကွသော ရပ်ညောင်း၊ ထိုင်ညောင်း၊ အိပ်ညောင်း ဟူ၍လည်း ကြာညောင်းမှု အထင်အရှား ရှိကြ၏။ ညောင်းမှုဟူသမျှသည် သန္တတိဇရာချည်းပေတည်း။ ကွေးခြင်း၊ ဆန့်ခြင်း စသည်တို့၌လည်း ထို့အတူပင် ဖြစ်သည်။ အထူးမှတ်ရန်မှာ ညောင်းရုပ်၊ ညာရုပ်၊ နာရုပ်၊ ကျင်ရုပ်၊ ထုံကျင်ကိုက်ခဲရုပ်၊ ယားရုပ်၊ ယံရုပ် စသည်တို့သည် ဥတုဇရုပ်တို့၏ ဖောက်ပြန်မှုများ ဖြစ်သည်။

ထွက်သက်ရှုမှုမှာလည်း ထွက်သက်စလာပြီ၊ ထွက်သက်ရှည်လာပြီ၊ ထွက်သက်ဆုံးပြီဟု ထင်ရှား၏။ ရှည်မှု၊ ကြာမှုဆိုလျှင် ညောင်းမှုဟူသော သန္တတိဇရာ အပြီးပါ၏။ ရှည်ညောင်းသည်၊ ကြာညောင်းသည်ဟူ၍လည်း ခေါ်ကြ၏။ ထိုညောင်းမှု ဖြစ်ရခြင်းကား ပူလောင်သော ရုပ်တို့၏ ဖြစ်ပွားလာခြင်းကြောင့် ဖြစ်ရ၏။ ထိုရုပ်တို့၏ ဖြစ်ပွားလာသည့်အတွက် မခံသာသော ဒုက္ခဝေဒနာတွေသည်လည်း ဖြစ်ပွားလာ၏။ ထိုဒုက္ခဝေဒနာကို အမှတ်ပြု၍ ညောင်းမှုဖြစ်၏ဟု သိကြ၏။ ထိုညောင်းမှုမှာ ဒုက္ခဝေဒနအချက်ကိုသာ သိကြ၏။ သန္တတိဇရာအချက်ကို မသိကြပေ။ ညောင်းမှုဟူသည်မှာ အစ၌ သန်သန်စွမ်းစွမ်း ရွှင်ရွှင်လန်းလန်း ဖြစ်ပွား၍ လာကြကုန်သောထိုထိုရုပ်အသင်းတို့၏ လျှောကျမှု၊ ဆုတ်ယုတ်မှုဟူသော သန္တတိဇရာ၏ အမည်အရင်း ဖြစ်သည်။ ထိုထိုရုပ်အသင်းတို့၏ ရင့်ရော်အိုမင်း ဟောင်းနွမ်းဆွေးမြေ့ခြင်းဟူသော သန္တတိဇရာ၏ အမည်အရင်း ဖြစ်သည်။ ထိုထိုရုပ်အသင်းတို့၏ အဆုံး အဆုံး ဟူသမျှသည် သန္တတိမရဏ ဖြစ်သည်။ ထိုထိုရုပ်အသင်းတို့၏ သေဆုံးခြင်း ဖြစ်သည်။ ဝင်သက်မှာလည်း ထို့အတူပင် ဖြစ်သည်။

ရယ်ရုပ်အသင်း၊ ပြုံးရုပ်အသင်း၊ ရွှင်ရုပ်အသင်း၊ ပျော်ရုပ်အသင်း၊ ပုရုပ်အသင်း၊ ဆွေးရုပ်အသင်း၊ ငိုရုပ်အသင်း၊ မဲ့ရုပ်အသင်း စသည်တို့၌လည်းကောင်း၊ လောဘရုပ်အသင်း၊ ဒေါသရုပ်အသင်း၊ သဒ္ဓါရုပ်အသင်း စသည်တို့၌လည်းကောင်း၊ ရယ်ရုပ်၏ သေခြင်း၊ ပြုံးရုပ်၏ သေခြင်း စသည်ဖြင့် အသီးသီး ရှိကြ၏။ ဝစီကံတို့မှာလည်း စကားတစ်လုံး တစ်လုံးတို့၏ အဆုံးသည် ထင်ရှား၏။ စကားရုပ် အသင်းအသင်းတို့၏ သေဆုံးမှု ဖြစ်သည်။

ထိုဥတုဇရုပ်တို့၌ ပူအိုက်လှသည့်အခါ ယပ်လေခပ်ရာ၌ ယပ်ခပ်ချက်တစ်ခု တစ်ခုလျှင် ကိုယ်အင်္ဂါ၌ ရုပ်အသင်းအသင်း ဖြစ်ပေါ်၍ သေဆုံး၏။ ရေချိုးရာ၌ ရေတစ်ခါတစ်ခါ သွန်းလောင်းလျှင် ကိုယ်ခန္ဓာမှာ အေးရုပ်အသင်းအသင်း ဖြစ်ပေါ်၍ သေဆုံး၏။ ညောင်းမှု၊ ညာမှု၊ နာမှု စသည်တို့သည်လည်း ဥတုဇရုပ်အသင်းတို့၏ ဖောက်ပြန်မှုသာ များ၏။ အာဟာရတို့၌လည်း ပူသောအာဟာရကို မျိုမှု၊ အေးသောအာဟာရကို မျိုမှုတို့ကြောင့် ကိုယ်ခန္ဓာ၌ ထူးထူးအထွေထွေ ဖြစ်ပေါ်မှုများသည် အာဟာရထဲမှာ ပါရှိသော ဥတု၏ အစွမ်းလည်း ရှိ၏။ မသင့်သော အစာကိုစားမှု၊ ဆေးဝါးဓာတ်စာကို စားမှုကြောင့် ရောဂါဖြစ်ပွားမှု၊ တိုးပွားမှု၊ ပျောက်ငြိမ်းမှုတို့၌လည်း ထို့အတူ ဥတု၏ အစွမ်း ဖြစ်သည်။

ရှေး၌ ပြဆိုခဲ့ပြီးသော စိတ္တဇရုပ်အတွင်းမှာလည်း ဥတု၏ အစွမ်းများစွာ ပါရှိသည်သာ ဖြစ်၏။ အာဟာရဓာတ်ဆီအတွက်နှင့် အနာရောဂါဖြစ်ပွားမှု၊ အနာရောဂါ ပျောက်ငြိမ်းမှုဆိုသည်မှာ ကိုယ်၌ရှိသော ဥတုဓာတ်ဆီတို့ကို ပွားစီးစေမှု အတွက် ဖြစ်သည်။ သက်သက်သော အာဟာရဓာတ်ဆီ အစွမ်းမူကား အဆီအသား တောင့်တင်းမှု ဖြစ်သည်။ အဆီအသားတောင့်တင်းမှု ဆိုသည်မှာ မျိုလိုက်သော အာဟာရသည် ဝမ်းတွင်းသို့ရောက်ခဲ့လျှင် ရောက်သည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး ထောက်ပံ့နိုင်၏။ တစ်ကိုယ်လုံးမှာ ရှိကြသော အဆီအသားတို့သည် အားအင်တိုးတက်ကြကုန်၏။ တောင့်တင်းကြကုန်၏။ ဤအချက်သည် သတ္တဝါအပေါင်းတို့မှာ အရေးအကြီးဆုံးသောအချက် ဖြစ်၏။ ဤအာဟာရ၏ အရေးကို လောက၌ အသက်မွေးမှုဟု ခေါ်ကြ၏။ အသက်မွေးမှုသည် လောက၌ အဘယ်မျှလောက် အရေးကြီးကြပါသနည်းဟု မြော်မြင်မိကြပါလျှင် ဤအာဟာရထောက်ပံ့မှု၏ ကြီးကျယ်ပုံသည် ထင်ရှားလေသည်။ အသွေးအသားကို ပွားစေမှုထက်ပင် ဤထောက်ပံ့မှုသည် သာ၍ အရေးကြီး၏။ ဝမ်းတွင်း၌ ထောက်ပံ့သော အာဟာရလျော့ပါးခဲ့လျှင် တစ်ကိုယ်လုံးမှာ ရှိကြသော အသွေးအသားတို့သည် လျော့ပါးကြရကုန်၏။ အလွန်သိမ်မွေ့ကြသော စက္ခုသေတ အစရှိသော ကမ္မဇရုပ်တို့၏ အသက်သည်ကား ဇီဝိတရုပ်ဖြစ်သည်။ ဇီဝိတရုပ်၏ ကိုးကွယ်ရာကား အာဟာရထောက်ပံ့မှု ဖြစ်သည်။ အာဟာရထောက်ပံ့မှု လျော့ပါး၍ သွားခဲ့လျှင် ဇီဝိတရုပ်နှင့်တကွ တစ်ကိုယ်လုံး စင်လုံး ယိုင်ရလေတော့သည်။

ခြောက်ရက်၊ ခုနစ်ရက်တိုင်တိုင် အစာအာဟာရအသစ် မထောက်ပံ့ဘဲ ပစ်ထားခဲ့လျှင် ဇီဝိတရုပ်နှင့်တကွ ကမ္မဇရုပ်စု အကုန်ချုပ်ဆုံးကြရကုန်၏။ ဤကမ္မဇရုပ်ချုပ်ဆုံးသည်ကိုပင် သတ္တဝါသေပြီဟု ဆိုကြရကုန်၏။ ဤအာဟာရဓာတ်စီအတွက်နှင့် ဖြစ်ကြရကုန်သော အာဟာရဇ ရပသန္တတိ အထွေအထူး၊ ထိုသန္တတိ အထွေအထူးတို့၏ ဖြစ်ပေါ်မှု၊ လျော့ပါးမှု သေဆုံးမှုဟု ဆိုအပ်သော သန္တတိဇာတိ၊ သန္တတိဇရာ၊ သန္တတိမရဏမှုများသည် ထုတ်ဖော်ပြောဆိုဖွယ် မလိုလှ။ ကိုယ်တွေ့ ဒိဋ္ဌ ဖြစ်ကြလေပြီ။


နာမ်တရားတို့၏ သန္တတိသည် အလွန်များပြား၏။ မိမိတို့စိတ်ကို မိမိတို့ သိကြ၏။ မောဟသန္တတိ အမျိုးမျိုး ရှိကြ၏။ လောဘသန္တတိ အမျိုးမျိုး ရှိ၏။ ဒေါသသန္တတိ အမျိုးမျိုး ရှိ၏။ သဒ္ဓါသန္တတိအမျိုးမျိုး ရှိ၏။ မေတ္တာသန္တတိအမျိုးမျိုး ရှိ၏။ တစ်ထိုင်အတွင်းမှာပင် မိမိစိတ်အကြံအစည်သည် အထွေထွေ အပြားပြား အလွန်များသည်ကို လူတိုင်းပင် သိကြ၏။ စိတ်အကြံအစည် တစ်သင်း၊ တစ်သင်းမှာလည်း အကြံဖြစ်ပေါ်မှု၊ အကြံလျော့ပါးမှု၊ အကြံသေဆုံးမှု အသီးသီး ရှိကြ၏။ ငါ့မှာ လောဘဖြစ်ပွား၍ နေသည်ဟု သိကြ၏။ ငါ့မှာ ထိုလောဘ ပျောက်ငြိမ်းသွားပြီဟု သိကြ၏။ ထိုလောဘ သေဆုံးသွားပြီဟု မခေါ်ကြ။ ငါ့မှာ ဒေါသဖြစ်ပွား၍နေသည်ဟု သိကြ၏။ ထိုဒေါသ ပျောက်ငြိမ်းသွားပြီဟု သိကြ၏။ ထိုဒေါသ သေဆုံးသွားလေပြီဟူ၍ကား မခေါ်ကြ။ မခေါ်ကြသော်လည်း လောဘ၊ ဒေါသ ပျောက်ငြိမ်းမှု ဆိုသည်ကား လောဘ၏ သေဆုံးမှု၊ ဒေါသ၏ သေဆုံးမှုပင် ဖြစ်သည်။ သန္တတိမရဏပင် ဖြစ်သည်။

သန္တတိမရဏ ဖြစ်သောကြောင့် လောဘဖြစ်ခွင့် ဆိုက်ပြန်လျှင် ခဏခြင်းပင် ဖြစ်ပေါ်နိုင်ပြန်၏။ ဒေါသဖြြစ်ခွင့် ဆိုက်ပြန်လျှင် ခဏခြင်းပင် ဖြစ်ပေါ်နိုင်ပြန်၏။ ဤကား နာမ်တရားတို့၏ သန္တတိဇရာ၊ သန္တတိမရဏတို့ကို ပြဆိုခြင်း ဖြစ်သည်။

ဉာတပရိညာသည် တိရဏပရိညာ၏ အကျိုးငှါ ဖြစ်၏။ တိရဏပရိညာသည် ပဟာနပရိညာ၏ အကျိုးငှါ ဖြစ်၏။ ပဟာနပရိညာသည် လိုရင်းပဓာန ဖြစ်၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)