မာတိကာသို့ ခုန်သွားရန်

အာရာမပဝိသနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပထမသိက္ခာပုဒ်၊ အာရာမဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အခွင့်မပန်ဘဲ ဘိက္ခုတို့၏ ကျောင်းတိုက်အာရာမ်အတွင်း ဝင်မှု။

အမှုသည်—ဘိက္ခုနီအများ။ []

ဘိက္ခုတို့ သင်္ကန်းချုပ်ချိန်

[ပြင်ဆင်ရန်]

ရွာငယ်ကျောင်းတိုက်တတိုက်၌ များစွာသော ရဟန်းတော်တို့သည် အပေါ် ရမ်းသင်္ကန်းကို ချထား၍ သင်းပိုင် တထည်ကို ဝတ်လျက် သင်္ကန်းချုပ်နေကြစဉ် ဘိက္ခုနီတို့သည် (ကျောင်းတိုက်အတွင်းသို့ ဝင်လာလိုကြောင်း) ခွင့်မတောင်းကြဘဲ ဝင်သွားကြလေ၏၊ (ထိုသို့အပေါ် ရမ်း ဧကသီမပါဘဲ နေခြင်းသည် လူစိမ်း သူစိမ်း မရှိခိုက်သာ လျော်၏၊ မိန်းမသားတို့ မြင်သွားလျှင်ကား သာ၍ မလျော်) ထို့ကြောင့် ခွင့်မတောင်းဘဲ ဝင်လာခြင်းကို ဘိက္ခုတို့မနှစ်သက်၍ ကဲ့ရဲ့၍ကြသောကြောင့် “ခွင့်မတောင်းဘဲ ဘိက္ခုတို့အာရာမ်တွင်းသို့ မဝင်ရ”ဟု ပထမ ပညတ်တော်မူရလေသည်။

ရဟန်းမရှိ၍ မဝင်ရပုံ

[ပြင်ဆင်ရန်]

ထိုသို့ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ထိုကျောင်းတိုက်မှ ရဟန်းတော်အားလုံးပင် အရပ်တစ်ပါးသို့ ကိစ္စ ရှိ၍ သွားကြကုန်၏၊ ဘိက္ခုနီတို့သည် ကျောင်းတိုက်၌ ခွင့်ပန်စရာ ရဟန်းမရှိသောကြောင့် ကျောင်းတိုက်တွင်းသို့ မဝင်ကြကုန်၊ အရပ် တစ်ပါးသို့ သွားသောရဟန်းများ ပြန်ရောက်လာမှ ဘိက္ခုနီတို့လည်း ထိုအာရာမ်တွင်းသို့ ခွင့်တောင်း၍ ဝင်သွားကြသောအခါ ထိုဘိက္ခုနီတို့အား ကျောင်းတိုက်ထဲ၌ တံမြက်မလှည်းကောင်းလား, သောက်ရေသုံးရေ ခပ်မထား ကောင်းလား”ဟု ကဲ့ရဲ့ကြပြန်သောကြောင့် “ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်၍ ဝင်ရမည်၊ (ရဟန်းမရှိလျှင် ခွင့်မပန်ဘဲ ဝင်နိုင်သည်၊)”ဟု ပထမ အနုပညတ် တပ်တော်မူရလေသည်။

မသိ၍ ဝင်မိကြပုံ

[ပြင်ဆင်ရန်]

ထိုသို့ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် ထိုရဟန်းတော်အားလုံးပင် ကိစ္စတစ်ခုဖြင့်အခြားအရပ်သို့ ဖဲခွါ ထွက်သွားကြပြီးလျှင် မကြာခင်ပင် ပြန်ရောက် လာကြကုန်၏၊ ဘိက္ခုနီတို့သည် ကျောင်းတိုက်၌ ရဟန်းများ မရှိကြောင်းသာ သိ၍ ပြန်ရောက်နေကြောင်း မသိကြသောကြောင့် ခွင့်မပန်ဘဲ ဝင်သွားကြရာ, ကျောင်းတိုက်တွင်းရောက်မှ ရဟန်းများရှိနေသည်ကို တွေ့ရသဖြင့် “သူတို့မှာ ပါစိတ်အာပတ်သင့်လေသလား”ဟု ယုံမှားသံသယဖြစ်၍ ဘုရားရှင်အား လျှောက်ထားကြပြန်သောကြောင့် ဤဒုတိယ အနုပညတ် ထပ်တော် မူရပြန်လေသည်။

သိက္ခာပုဒ်

[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဇာနံ သဘိက္ခုကံ အာရာမံ အနာပုစ္ဆာ ပဝိသေယျ, ပါစိတ္တိယံ။

မြန်မာပြန်

[ပြင်ဆင်ရန်]

အကြင် ဘိက္ခုနီသည် ရဟန်းရှိမှန်းသိပါလျက် ရဟန်းရှိ နေသော ကျောင်းတိုက်အာရာမ်တွင်းသို့ ခွင့်မတောင်းဘဲ ဝင်သွားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

“ခွင့်ပန်”ဟူရာ၌ ရဟန်းတစ်ပါးပါးကိုဖြစ်စေ, သာမဏေတစ်ပါးပါးကို ဖြစ်စေ, အာရာမ်ကို စောင့်နေသော ကျောင်းစောင့်ကပ္ပိယကိုဖြစ်စေ ခွင့်ပန်နိုင်၏၊ ခွင့်ပန်၍ ဝင်သွားသော ဘိက္ခုနီ၏ နောက်မှ တဆက်ထည်းဝင်လိုက် သွားလျှင်လည်းကောင်း, ကျောင်းတိုက်အတွင်း၌ ဘိက္ခုနီများ စည်းဝေးနေထိုင်ခိုက် ဖြစ်လျှင်လည်းကောင်း, ခွင့်မပန်ဘဲ ဝင်သွားနိုင်၏။

ကိုးကား

[ပြင်ဆင်ရန်]
  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး