ဆတ္တုပါဟနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပထမသိက္ခာပုဒ်၊ ဆတ္တုပါဟနဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ထီးဆောင်း, ဖိနပ်စီးမှု။

အမှုသည်—ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။ [၁]

ထီး ဖိနပ်[ပြင်ဆင်ရန်]

ထီးဆောင်းခြင်း, ဖိနပ်စီးခြင်းကို ဟန်ကြီး ပန်ကြီး လုပ်ခြင်းနှင့် အလှပြင်ခြင်း တစ်မျိုး ဟု (ရှေးခေတ်က) ယူဆကြဟန်တူ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ထီးဆောင်း၍ ဖိနပ်စီးလျက် ထိုထိုဤဤ လှည့်လည် သွားလာကြခြင်းကို “ကာမစည်းစိမ်ကို ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ” ဟု လူတို့က စွပ်စွဲကဲ့ရဲ့ ကြသောကြောင့် “ထီး ဖိနပ်ကို မဆောင်ရ”ဟု ပထမပညတ်တော်မူပြီးလျှင် ထီး ဖိနပ် မဆောင်းမစီးရလျှင် ရောဂါတိုးမည့် ဂိလာနဘိက္ခုနီအတွက် ခြွင်းချက်ထား၍ ဒုတိယပညတ်တော်မူရပြန်သည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဂိလာနာ ဆတ္တုပါဟနံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ဂိလာနမဟုတ်ဘဲ ထီး ဖိနပ်ကိုဆောင်းသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဂိလာနမဟုတ်ဘဲ ကျောင်းတိုက်အတွင်းနှင့် ကျောင်းတိုက်ဥပစာမှ တစ်ပါးသော မြို့တွင်း ရွာတွင်း တောအရပ်အားလုံးမှာပင် ဘိက္ခုနီတို့ ထီး ဖိနပ် ၂-မျိုးလုံးကို ဆောင်လျှင် စ၍ ဆောင်တိုင်း ပါစိတ်အာပတ် သင့်၏။ တစ်မျိုးကိုသာ ဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ “ဆောင်” ဟူသည် ထီးကိုဆောင်းခြင်း ဖိနပ်ကိုစီးခြင်းတည်း၊ ဘိက္ခုတို့လည်း ထီးအတွက်မှာ ဘိက္ခုနီများကဲ့သို့ မြို့ရွာတောအားလုံးမှာပင် မဆောင်းအပ်ဟု ခုဒ္ဒကဝတ္ထု ခန္ဓက၌ မိန့်တော်မူသည်။ ဖိနပ်ကား မြို့ရွာအတွင်းနှင့် အာဂန္တုအဖြစ်ဖြင့် အခြားကျောင်းတိုက်၌သာ မစီးအပ်၊ အာဂန္တု မဟုတ်သည့်အခါနှင့် တောထဲသို့သွားသည့်အခါ မိမိကျောင်းတိုက်တွင်းမှာမူ စီးကောင်း၏။

ထီး ဖိနပ် အပ်သောအချက်[ပြင်ဆင်ရန်]

ကိုယ်ပူ ရောဂါ-သည်းခြေပျက် ရောဂါ-မျက်စိ အားနည်းသော ရောဂါ-စသည်ဖြင့် ထီးမဆောင်းရလျှင် တိုးပွါးမည့် ရောဂါမျိုးရှိလျှင်လည်းကောင်း, မိုးရွာသည့်အခါ၌ အအေး မိမည်ကို စိုးရိမ်ရခြင်း နေပူလွန်း၍ အပူမိမည်ကို စိုးရိမ်ရခြင်း, သင်္ကန်းကို မိုးစိုမည်မှ စောင့်ရှောက်လိုခြင်းစသော လုံလောက်သော အကြောင်းရှိလျှင်လည်းကောင်း, ထီးဆောင်းကောင်း၏၊ နေပူလွန်းခြင်း အအေးများလွန်းခြင်း သွားရာအရပ်က ရောဂါဘယရှိခြင်းစသော အကြောင်းကြောင့် ကျန်းမာရေးကို ထိခိုက်လောက်လျှင် ဖိနပ်လည်း စီးကောင်း၏၊ ထိုသို့ အကြောင်းမလုံလောက်လျှင် ထီး ဖိနပ် ၂-မျိုးလုံးပင်မအပ်၊ ထီးအစား ယပ်ကိုသုံးစွဲ၍ ဖိနပ်မစီးဘဲ သွားနိုင် ခြင်းသာ အပြစ်အကင်းဆုံး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး