အကပ္ပိယဝတ္ထု
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကပ္ပိယကောင်းတစ်ဦး၏ အလှူခံယူမှုဆိုင်ရာ တာဝန်များ မအပ်စပ်သော အကပ္ပိယဝတ္ထုများ
ရဟန်းတော်တို့ မကိုင်ကောင်း မသာယာကောင်း လက်မခံကောင်းသော ရဟန်းတော်တို့နှင့် မအပ်စပ်သော လှူဖွယ်ဝတ္ထု အစုစုတို့ကို အကပ္ပိယဝတ္ထုများဟု ခေါ်သည်။ ထိုမအပ်စပ်သော အကပ္ပိယ ဝတ္ထုများမှာ ရွှေတုံး ရွှေခဲ ရွှေဒင်္ဂါး၊ ရွှေထည်ပစ္စည်း လက်ဝတ်ရတနာများ၊ ငွေတုံး ငွေခဲ ငွေဒင်္ဂါး၊ ငွေထည်ပစ္စည်းများ၊ ခေတ်ကာလ အလိုက် ဈေးဝယ်သုံးစွဲ၍ ရကောင်းသော ပိုက်ဆံအမျိုးမျိုး၊ ငွေစက္ကူ အမျိုးမျိုးကို ဇာတရူပရဇတသိက္ခာပုဒ်အရ “နိဿဂ္ဂိယဝတ္ထု”ဟု ခေါ်၏။ အလှူခံမိလျှင် ပယ်စွန့်ပြီး အာပတ်ကို ကုစားရမည့်ဝတ္ထုဟု ဆိုလိုသည်။
ပုလဲ၊ ပတ္တမြားစသော ရတနာများနှင့် ကျွန်မိန်းမ၊ ကျွန်ယောက်ျား၊ လယ်ယာ၊ အာရာမ်၊ ဥယျာဉ်များကို ဒုက္ကဋဝတ္ထုဟု ခေါ်၏။ အလှူခံမိလျှင် ဒုက္ကဋ်အာပတ်သင့် သည်ဟု ဆိုလိုသည်။
ထိုနိဿဂ္ဂိယဝတ္ထု၊ ဒုက္ကဋဝတ္ထု (၂) မျိုးစလုံးကိုပင် မိမိ ပုဂ္ဂလိကအတွက် ဖြစ်စေ၊ မိမိဂိုဏ်း အတွက်ဖြစ်စေ၊ သံဃာတော်အတွက်ဖြစ်စေ၊ စေတီတော် အတွက်ဖြစ်စေ မိမိထံ လာရောက် အပ်နှံလှူဒါန်းလာလျှင် ပယ်ရမည်သာ ဖြစ်သည်။
ရွှေ ငွေ ရတနာခံယူမှုနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ ဆန္ဒတော်ကို သုတ္တန်ဒေသနာတော်များတွင်လည်း တွေ့ရပါသည်၊ ဝိနည်းသိက္ခာပုဒ် အတိအကျ ပညတ်တော်မူပုံကို မဖော်ပြမီ သုတ္တန် ဒေသနာတော်အချို့ကို ဖော်ပြ လိုပါသည်။[၁]
သာသနာ့ဂုဏ်မှေးမှိန်စေနိုင်သည်
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်တို့အား အောက်ပါအတိုင်း မိန့်တော်မူပါသည်-“ရဟန်းတို့-တိမ်တိုက်၊ ဆီးနှင်း၊ မြူခိုး၊ ရာဟု အသူရိန်တို့သည် နေ၊ လများကို ညစ်နွမ်း စေသည့် ဘေးရန်လေးမျိုးဖြစ်သည်။ ထိုဘေးရန်များက ညစ်နွမ်းအောင်လုပ်ထားသည့် နေ၊ လများသည် မတောက်ပနိုင် မထွန်းလင်းနိုင် မတင့် တယ်နိုင်တော့ပေ။”
“ရဟန်းတို့ ထို့အတူပင် အရက်သေစာ သောက်စားခြင်း၊ မေထုန်မှီဝဲခြင်း၊ ယုတ်ညံ့သည့် အသက်မွေးမှုနှင့် အသက်မွေးခြင်း၊ ရွှေ ငွေကို ခံယူခြင်း ဤတရားလေးပါးတို့သည် ရဟန်း သူတော်ကောင်းများကို ညစ်နွမ်းစေတတ်သည့် ဘေးရန်များ ဖြစ်ကြသည်။ ထိုဘေးရန်များကြောင့် ညစ်နွမ်းနေကြရသည့် ရဟန်းသူတော်ကောင်းများသည် ဂုဏ်အားဖြင့် မတောက်ပနိုင် မထွန်း လင်းနိုင် မတင့်တယ်နိုင်တော့ပေ။”[၁]
ရွှေငွေအပ်က ကာမဂုဏ်အပ်သည်နှင့်တူနေသည်
[ပြင်ဆင်ရန်]ထို့အတူပင် မြတ်စွာဘုရားသခင်လက်ထက်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဘုရင်ဗိမ္ဗိသာရ၏ မင်းနန်းတော် အတွင်း၌ ပရိသတ်များ စည်းဝေးကြကာ “ရဟန်းတော်တို့အား ရွှေ ငွေသည် အပ်စပ်သည်၊ ရဟန်းတော်များသည် ရွှေငွေကို သာယာကြသည်၊ ရွှေ ငွေကို ခံယူနေကြသည်” ဟူသောစကား ဖြစ်ပွားပေါ်ပေါက်လာသည်။
ထိုအခါ ထိုပရိသတ်ထဲတွင် ပါဝင်နေသော မဏိစူဠကအမည်ရှိ ရွာသူကြီးတစ်ဦးက “မိတ်ဆွေတို့-ဒီလို မပြောကြပါနှင့်၊ ရဟန်းတော်တို့အား ရွှေငွေ မအပ်ပါ၊ ရဟန်းတော်များသည် ရွှေငွေကို မသာယာကြပါ၊ ခံလည်း မခံယူကြပါ၊ ရဟန်းတော်များသည် ပတ္တမြား ရွှေ ငွေကို ပယ်ကြပါသည်၊ ရွှေငွေနှင့် ကင်းကင်းရှင်းရှင်းဘဲ နေကြ ပါသည်” ဤသို့ပြောဆိုကာ ကန့်ကွက်ခဲ့ပါသည်။ ပရိသတ် ကလည်း နားလည်မှု ရသွားပါသည်၊ မဏိစူဠကရွာသူကြီး၏ စကားကို လက်ခံကြပါသည်။ ထို့နောက် မဏိစူဠက ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ သွားရောက်၍ ထိုအကြောင်းကို လျှောက်ထားသည်။
မြတ်စွာဘုရားသည် မဏိစူဠက ရွာသူကြီး၏ စကားကို လက်ခံအတည်ပြုသည့်အပြင် ရွှေ ငွေ အပ်တဲ့ သူအတွက် ကာမဂုဏ်(၅) ပါးလည်း အပ်တော့မှာပေါ့၊ ကာမဂုဏ် (၅) ပါးအပ်သည် ဆိုကတည်းက ဘယ်မှာ ရဟန်းတရား အားထုတ်နိုင်ပါတော့မလဲ၊သို့သော်လည်း မြက်ကို အလိုရှိသော ရဟန်းသည် မြက်ကို ရှာနိုင်သည်၊ သစ်သားကို အလိုရှိသည့်ရဟန်းသည် သစ်သားကို ရှာနိုင်သည်၊ လုပ်အားကို အလိုရှိသည့်ရဟန်းသည် လုပ်အားပေး နိုင်သည့်ယောက်ျားကို ရှာနိုင်သည်။
“ရွာသူကြီး-မည်ကဲ့သို့သော အကြောင်းနှင့်မျှ ရွှေငွေကို သာယာနိုင်တယ်၊ ရှာနိုင်တယ်လို့ ငါဘုရား ဟောတော်မမူပေ”
ဤသို့လျှင် မဏိစူဠကရွာသူကြီး၏စကားကို လက်ခံတော်မူကာ ရွှေငွေနှင့် ပတ်သက်၍ အပြည့်အစုံ ဖြည့်စွက် ဟောကြားတော်မူခဲ့သည်။[၁]
ရွှေငွေဆိုင်ရာ ပညတ်တော်
[ပြင်ဆင်ရန်]ရွှေငွေဆိုင်ရာကို ကိုယ်တိုင်ခံယူသည် ဖြစ်စေ၊ မိမိအတွက် သူတပါးကို ခံယူခိုင်း၊ ယူလိုက်ဟု ခိုင်းသည် ဖြစ်စေ၊ တစ်ခုခုသော နေရာ၌ အပ်နှံ၍ လှူဒါန်းအပ်သောရွှေငွေကို ကိုယ်နှုတ်ဖြင့် မပယ်ဘဲ သာယာသည်ဖြစ်စေ ထိုရွှေငွေများ နိဿဂ္ဂိထိုက်၍ ရဟန်းမှာ အာပတ်သင့်သည်။
ရူပိယသိက္ခာပုဒ်တွင် ဇာတရူပအရ ရွှေတုံး ရွှေခဲ ရွှေဒင်္ဂါးများကိုလည်းကောင်း၊ ရဇတအရ ငွေတုံး ငွေခဲ ငွေဒင်္ဂါး ငွေစက္ကူ၊ ငွေအဖြစ်ဖြင့် သုံးစွဲရသော ပိုက်ဆံ အမျိုးမျိုးကိုလည်းကောင်း ပညတ်တော်မူခဲ့သည်။[၁]
မယူရ-အယူမခိုင်းရ
[ပြင်ဆင်ရန်]ထိုအကပ္ပိယဝတ္ထုတို့ကို မယူရသည်မှာ အလှူရှင်တို့ လှူအပ်သော ရွှေငွေကို ဖြစ်စေ၊ လမ်းလယ်၌ ဥစ္စာရှင် မရှိသော ရွှေ ငွေကို ဖြစ်စေ ကိုယ်တိုင်ယူခြင်း မပြုရဟု ပညတ်တော်မူခဲ့သည်။ ထိုရွှေ ငွေတို့ကို ကိုယ်တိုင်မယူဘဲ တစ်ယောက်ယောက်ကို အယူခိုင်းခြင်းမျိုးကိုလည်း မပြုရဟု ပညတ်တော်မူခဲ့သည်။
ထိုသို့ အယူခိုင်းရာ၌ မိမိအဖို့ အယူခိုင်းလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါသည်၊ အခြားသီတင်းသုံးဘော် များအတွက် အယူခိုင်းလျှင် ဒုက္ကဋ်အာပတ် သင့်ပါသည်။
လူများပိုင်ဆိုင်သော ရွှေ ငွေများကို “ယူလော့-သိမ်းထား လော့၊ မည်သည့်အဖိုး ပေးချေလိုက်လော့” စသည်ဖြင့် မစီမံကောင်းကြောင်း သာရတ္ထဒီပနီဋီကာ၌ ဖွင့်ဆိုသည်။[၁]
အပ်နှံငွေ
[ပြင်ဆင်ရန်]မိမိအနီးအပါးမျက်မှောက်၌ လာရောက်ပြီးလျှင် “ဤရွှေ ငွေသည် ဤဝတ္ထုသည် အရှင်ဘုရားဖို့ ဖြစ်ပါသည်”ဟု လျှောက်ထား၍ လှူအပ်သော ရွှေ ငွေ၊ “မည်သည့်အရပ်မှာ၊ မည်သည့်ဘဏ်တိုက်မှာ၊ သို့မဟုတ် မည်သူ့လက်မှာရှိသော ရွှေငွေများသည် အရှင့်ဖို့ ဖြစ်ပါစေ၊ အရှင့်အား လှူဒါန်းပါ၏”ဟု အဝေးအရပ်ကို ညွှန်ပြ၍ လှူအပ်သော ရွှေ ငွေ၊ဤရွှေ ငွေများကို ဥပနိက္ခိတ္တ = အပ်နှံလှူဒါန်း အပ်သော ရွှေငွေဟု ခေါ်၏။[၁]
သာယာခြင်း
[ပြင်ဆင်ရန်]ထိုကဲ့သို့ လှူရာ၌ ဦးခေါင်းခါ၍ဖြစ်စေ၊ ငါတို့မှာ ရွှေ ငွေ မအပ်၊ ရွှေငွေကို ငါတို့ အလိုမရှိဟု ပြော၍ဖြစ်စေ ကိုယ်နှုတ်တစ်ခုခုဖြင့် မပယ်ရှားဘဲ စိတ်ဖြင့် လက်ခံမှုကို သာယာခြင်းဟု ခေါ်၏။ သာယာမိ၍ နိဿဂ္ဂိပါစိတ်အာပတ် သင့်ရောက်သည်။[၁]
ရွှေငွေနှင့် ပတ်သက်၍ ကျင့်ဖွယ်ရာ
[ပြင်ဆင်ရန်]သိက္ခာပုဒ်တော်တွင် “သာဒိယေယျ-သာယာ ငြားအံ့”ဟု ဟောတော်မူသဖြင့် သာယာမှ နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါသည်၊ ယခုကာလ အလှူစသည်၌ ငွေကို လှူသောအခါ ထူးထူးခြားခြား ကိုယ်နှုတ်စိတ်ဖြင့် မင်း ပယ်သာလျှင် “ငါမယူလို-ငါမသာယာ၊ ကပ္ပိယ သုံးချင်ရာ သုံးပေစေ”ဟု အမှန်စင်ကြယ်သော မသာယာသော စိတ်ဖြစ် နိုင်ပါလျှင် အာပတ်မသင့်ပါ။
ထိုငွေကို ကပ္ပိယကာရက သို့မဟုတ် ကျောင်းသား ယူလာ၍ နည်းစနစ်တကျ-
အရှင်ဘုရား-မည်မျှတန်သောအပ်သောပစ္စည်းကို တပည့်တော်ထံ တောင်းတော်မူပါဟု လျှောက်လျှင် မူလက ငွေကို မသာယာခဲ့သောကြောင့် အပ်ဖွယ်ရှိပါသည်၊ ဤသို့ မလျှောက်ဘဲ ကျောင်းသား စသူတို့က ယူရုံသာယူထားလျှင် ထိုငွေနှင့်စပ်၍ ဘာမျှမအပ်တော့ပါ။[၁]
စွန့်ရခြင်းအကျိုး
[ပြင်ဆင်ရန်]ထိုသို့ အလှူခံမိသောရွှေငွေများသည် နိဿဂ္ဂိပစ္စည်း များဖြစ်သွားသဖြင့် စွန့်ရပါမည်။ ထိုသို့ ရွှေငွေကို စွန့်ရာ၌ သံဃာဂိုဏ်းပုဂ္ဂိုလ် အားလုံးပင် မအပ်သောကြောင့် အခြားနိဿဂ္ဂိပစ္စည်းကဲ့သို့ သံဃာဂိုဏ်းပုဂ္ဂိုလ်အား စွန့်ခွင့်မရပါ။ သံဃာ့အလယ်တွင်-
အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟသိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ၊ ဣမာဟံ နိဿဇ္ဇာဟု-ပါဠိလို ဆို၍ ဖြစ်စေ၊
အရှင်ဘုရား-တပည့်တော်သည် ရွှေငွေကို ခံယူမိပါပြီ၊ ဤရွှေငွေကို တပည့်တော် စွန့်ပါ၏ဟု မြန်မာလို ဆို၍ ဖြစ်စေ စွန့်ရသည်။
ထိုကဲ့သို့ စွန့်ပြီးသောအခါ လူတစ်ယောက်ယောက် လာလျှင် ဤဟာကို သိလော့ဟု ပြောရမည်။ ဤငွေဖြင့် ဘာကို ယူခဲ့ရမည်နည်းဟု ဒကာကလျှောက်လျှင် မည်သည့် ပစ္စည်းကို ယူစေလိုသည်ဟု မပြောဘဲ မည်သည့်ပစ္စည်း တော့ သံဃာမှာ အပ်တာဘဲဟု ပြောနိုင်၏။ ထိုသို့ ပြော၍ ဝယ်ယူလာလျှင် ထိုပစ္စည်းကို သံဃာအားလုံး ဝေ၍ သုံးဆောင်ကောင်း၏။ ဤသို့မှ မစွန့်လျှင် မည်သည့် ရဟန်းမျှ မအပ်တော့ပေ။ စွန့်လျှင် သံဃာများ၌ ပစ္စည်း သုံးစွဲခွင့်ရခြင်းသည် ရွှေငွေကို စွန့်ရခြင်း၏ အကျိုးဖြစ်လေသည်။
ရွှေငွေကို အလှူခံမိသော ရဟန်းမှာမူ စွန့်လိုက်သည့်အတွက် မိမိမှာအပြစ်ကင်း၍ သန့်ရှင်းခြင်းအကျိုးသာ ရှိ၏၊ ထိုစွန့်ပြီး ရွှေငွေမှ ပစ္စည်းကို ရဟန်းသာမဏေ ကပ္ပိယတို့က တဆင့်ပေးသော်လည်း မသုံးစွဲကောင်းပေ။ ထိုစွန့်ပြီး ရွှေငွေဖြင့် မျိုးစေ့ကိုဝယ်၍ စိုက်ထားအပ်သော သစ်ပင်၌သော်မှ ထိုရဟန်းမှာ အရိပ်မခိုကောင်း၊ ထိုငွေဖြင့် ဝယ်ထားအပ်သော ဆီ၊ ရေနံဆီ၊ ဖရောင်းတိုင်၊ မီးလုံးများ၏ မီးရောင်၌သော်ပင် စာမချကောင်း၊ မဖတ်ကောင်းဟု စာပေကျမ်းဂန်တွင် ပြဆိုထားလေသည်။
ဤသို့သော သံဃကိစ္စများ၌လည်း ကပ္ပိယကာရကတို့သည် ဝိနည်းအရာနားလည်မှုရှိစွာဖြင့် ဆောင်ရွက်တတ် ကြရလေသည်။[၁]