မာတိကာသို့ ခုန်သွားရန်

ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီးတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လာရာ ဆိတ်ဖိုသည် ဆိတ်မ၌ ဖောက်ပြန်စွာ ပြုနေသည်ကို မြင်လေ၏။ ထိုအခါ မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် ဆိတ်ဖိုကို အသျှင်ဒဗ္ဗဟုလည်းကောင်း၊ ဆိတ်မကို မေတ္တိယဘိက္ခုနီမဟု ခေါ်ဝေါ်ကြရန် တိုင်ပင်ကြ၏။ ထိုရဟန်းတို့သည် “ငါတို့သည် ယခင်က မလ္လမင်း၏သား ဒဗ္ဗကို ပြောသံကြားဖြင့် စွပ်စွဲခဲ့၏။ ယခုအခါ ဘိက္ခုနီမ၌ ဖောက်ပြန်စွာ ပြုကျင့်သည်ကို မျက်မြင်တွေ့မြင်ကြရပြီ” ဟု ပြောဆိုကြ၏။

ထိုအခါ ရဟန်းတို့သည် မေတ္တိယဘုမ္မဇကရဟန်းတို့အား “ဤသို့ မပြောပါလင့်၊ ‌အသျှင်ဒဗ္ဗသည် ဤသို့ပြုမည်မဟုတ်ပါ” ဟု ပြောကြ၏။ ထိုအကြောင်းကို ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ အသျှင်ဒဗ္ဗအား “ထိုရဟန်းတို့ပြောသည့်အမှုအား ပြုကျင့်သည်ကို အမှတ်ရပါသလော” ဟု မေးမြန်း၏။ ထိုအခါ “မြတ်စွာဘုရား သိတော်မူသည့်အတိုင်း ဖြစ်သည်” ဟု ဖြေ၏။ မြတ်စွာဘုရားသည် ထိုမေးခွန်းကို သုံးကြိမ်တိုင် မေး၏။ အသျှင်ဒဗ္ဗသည် ယခင်အတိုင်းပင် သုံးကြိမ်တိုင်အောင် ဖြေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ဒဗ္ဗ ပညာရှိတို့သည် ထိုသို့ မဖြေကြားကုန်။ ပြုပါက ပြုသည်၊ မပြုပါက မပြုပါဟု ဖြေကြားလေ့ရှ်၏” ဟု မိန့်တော်မူ၏။ ထိုအခါ အသျှင်ဒဗ္ဗသည် မပြုမိကြောင်း ဖြေကြားလျှောက်ထား၏။

ထို့နောက် ရဟန်းတို့သည် “မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် အသျှင်ဒဗ္ဗကို သိက္ခာပုဒ်နှင့် ငြိစွန်းလောက်သော အချက်တစ်ခုကို ကောက်ယူကာ အဘယ်ကြောင့် ပါရာဇိကအာပတ်ဖြင့် စွပ်စွဲဘိသနည်း” ဟု ကဲ့ရဲ့ရှုတ်ချကုန်၏။

မြတ်စွာဘုရားသည်လည်း ထိုမေတ္တိယဘမ္မဇကရဟန်းတို့အား ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း အနိယယတသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့သည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“အကြင်ရဟန်းသည် ရဟန်းကို ဒေါသဖိစီး ဖျက်ဆီးလိုသောစိတ် ရှိသည်ဖြစ်၍၊ မနှစ်လိုသည်ဖြစ်၍ အခြားအရာဝတ္ထုတစ်ခုနှင့် သက်ဆိုင်၍ သိက္ခာပုဒ်နှင့် သက်ဆိုင်လောက်သော အချက်တစ်ခုကို ဆင်တူယိုးမှား ကောက်ယူပြီးလျှင် ထိုရဟန်းကို ဤမြတ်သောအကျင့်မှ ရွေ့လျောစေနိုင်ရာ၏ ဟု ကြံ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲဖျက်ဆီးငြားအံ့။ ထိုမှ နောက်အခါ သူတစ်ပါးတို့ အေးစီစစါအပ်သော်လကောင်း၊ မမေးမစိစစ်အပ်ဘဲသော်လည်းကောင်း ထိုအဓိကရုဏ်းသည် အခြားဝတ္ထုတစ်ခုနှင့် သက်ဆိုင်သည်လည်း ဖြစ်အံ့။ သိက္ခာပုဒ်နှင့် ငြိစွန်းလောက်သော အချက်တစ်ခုခုကို ဆင်တူယိုးမှား ကောက်ယူအပ်သည်လည်းဖြစ်အံ့၊ စွပ်စွဲသော ရဟန်းသည်လည်း အပြစါဒေါသကို ဝန်ခံအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ်သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်