တင်ဦး၊ သူရ ဗိုလ်ချုပ်ကြီး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး
Tin Oo
၁၂ မတ်လ ၁၉၂၇ -
တင်ဦး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
နာယက
ကိုယ်ရေး အချက်အလက်
ဂုဏ်ထူဆောင် အမည် သူရ
မွေးရက် ၁၂ မတ်လ ၁၉၂၇
မွေးရပ်ဇာတိ ပုသိမ်မြို့၊ မြန်မာ
နိုင်ငံသား Flag of Myanmar.png မြန်မာနိုင်ငံ
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း)
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
စစ်မှုထမ်း အချက်အလက်
ဌာန ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
၁၉၄၃ - ၀၄ မတ် ၁၉၇၆
ရာထူး ကာကွယ်ရေးဦးစီးချုပ်

သူရဦးတင်ဦးအား အဖ ဦးမောင်ကြိုင်၊ အမိ ဒေါ်မြတင်တို့မှ ၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် ပုသိမ်မြို့၊ ဘွက်ကြီးတန်းလမ်း၌ မွေးဖွားသည်။ မီးဖွားစဥ် သားဦးစနေ မီးလိုမွှေမည်ကို နာမ်နှိမ်လို၊ ယတြာချေလိုသဖြင့် အဖွားဖြစ်သူ ဒေါ်မိုးက ဓားမကြီးကို ထမ်းကာ မွေးကင်းစကလေး အပေါ်မှ ခုနစ်ကြိမ် ခုနစ်ခါ ကျော်သည်။ [၁]

ငယ်ဘ၀ ပညာရေး[ပြင်ဆင်ရန်]

မောင်တင်ဦး အသက် ၄-၅ နှစ်အရွယ်တွင် မိဘများက ပုသိမ်မြို့ တာ၀တိံသာ အရပ်သို့ ပြောင်းရွေ့နေထိုင်ပြီး တံတားကြီးလမ်းရှိ ဆရာမ ဒေါ်ပုလေး၏ သူငယ်တန်းကျောင်းသို့ ပညာသင်ရန် အပ်နှံသည်။

ထို့နောက် ဖခင်ဖြစ်သူက ဧရာဝတီတိုင်းရေကြည်မြို့သို့ အလုပ်သင် မြေတိုင်းစာရေးအဖြစ် ပြောင်းရွေ့ အမှုထမ်းသည်တွင် မောင်တင်ဦးအား ရေကြည်မြို့ အထွက်နားတွင်ရှိသော ဆရာကြီး ဦးထွန်းမောင် ကျောင်းသို့ ပို့လွှတ် ပညာသင်စေသည်။ ထိုမှတစ်ဖန် ဖခင်ဖြစ်သူမှာ ရွှေဘိုမြို့ မြေတိုင်းသင်တန်းကျောင်းသို့ တစ်နှစ်ခန့် သွားရောက် ပညာသင်ကြားရမည် ဖြစ်သဖြင့် မောင်တင်ဦး၊ ညီဖြစ်သူ မောင်စိန်အောင်နှင့် မိခင်ဖြစ်သူတို့မှာ ကျောင်းကုန်းမြို့သို့ ခေတ္တပြောင်းရွေ့ နေထိုင်သည်။ ကျောင်းကုန်းမြို့ ဘုန်းတော်ကြီးသင် လောကဓာတ်ကျောင်းတွင် အေ၊ ဘီ၊ စီ၊ ဒီ အခြေခံ အင်္ဂလိပ်စာကို မောင်တင်ဦး စတင်သင်ယူသည်။ ထိုဘုန်းတော်ကြီးကျောင်းတွင် ဒုတိယတန်းအထိ ပညာသင်ကြားသည်။

ဖခင်ဖြစ်သူ ပုသိမ်မြို့သို့ အလုပ်ပြောင်းရွေ့ရသဖြင့် မောင်တင်ဦးတို့ မိသားစု ပုသိမ်သို့ ပြောင်းရွေ့ရပြန်သည်။ ပုသိမ်မြို့ မြူနီစပယ်ကျောင်းတွင် စတုတ္ထတန်း အောင်မြင်သည်။

၁၉၃၇-၃၈ ခုနှစ် စတုတ္ထတန်း အောင်မြင်ပြီးနောက် ပုသိမ်မြို့ နိဂြောဓရုံ ဘုန်းကြီးကျောင်းအတွင်းရှိ ဗဟိုအမျိုးသား အထက်တန်းကျောင်း (Central National High School) သို့ ပြောင်းရွေ့ ပညာသင်ကြားသည်။ ကျောင်းဆရာ၊ ဆရာမများမှာ လစာ တစ်ပြားတစ်ချပ်မှ မရကြ။ မြို့ထဲမှ ချမ်းသာပြည့်စုံသူများ စေတနာအလျောက် ထောက်ပံ့ပေးကမ်းသော ပစ္စည်းပစ္စယကိုသာ ရကြသည်။ ပုသိမ်မြို့ ကုန်သည်ကြီးများ အသင်းမှ ဦးရွှေဖြူ အစရှိသော ချမ်းသာကြွယ်၀သူတို့က အဆက်မပြတ် လှူဒါန်းကြသည်။ နောင်အခါ အမျိုးသား အထက်တန်းကျောင်းကို ပုသိမ်မြို့ထဲသို့ ရွေ့ပြောင်းခဲ့ရာ ယခုပုသိမ်မြို့ အမှတ် (၂) အထက်တန်းကျောင်းမှာ ယခင်က အမျိုးသား အထက်တန်းကျောင်း ဖြစ်သည်။

ထူးထူးခြားခြား ဖြစ်သွားသည်မှာ မြူနီစပယ်ကျောင်းမှ စတုတ္ထတန်း အောင်လာသူ မောင်တင်ဦးတစ်ယောက် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် စတုတ္ထတန်း ပြန်တက်ရခြင်း ဖြစ်သည်။ မြူနီစပယ်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားခြင်း ချို့တဲ့ခဲ့သဖြင့် အင်္ဂလိပ်စာနှင့် ပတ်သက်သည့် သဒ္ဒါနှင့် ဖတ်စာများ ပြန်လည်သင်ကြားရန် ဖြစ်သည်။ ကျောင်းတွင် အင်္ဂလိပ်စာ အထူးပြုသင်တန်း သင်ကြားပေးသည်။ ကျောင်းလည်း အစိုးရ အထောက်အပံ့ခံ ဗဟိုအမျိုးသား အထက်တန်းကျောင်း ဖြစ်လာပြီး၊ ဆရာ၊ ဆရာမတို့မှာ လစာအခွင့်အရေး အတော်အသင့် ရရှိလာသည်။ ထို့ပြင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသားများလည်း ကျောင်းလခ၊ ကျောင်း၀င်ကြေး အနည်းအကျဥ်း ပေးရသေးသည်။ ယခုအခါ ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ထင်ရှားကျော်ကြားသော ထူးချွန်ဆရာ၊ ဆရာမများကို ခေါ်ယူခန့်ထားနိုင်လာသည်။ အိန္ဒိယအနွယ်၀င် ဆရာမူကာဂျီက သိပ္ပံပညာသင် ထူးချွန်သည်။ ကျောင်းအုပ်ဆရာကြီးမှာ ဆရာကြီး ဦးရွှေကျော်၊ ဒုတိယကျောင်းအုပ်မှာ ဆရာကြီး ဦးသာဒင်ဖြစ်သည်။

ထိုနှစ် ၁၉၃၇-၃၈ မှာပင် ပဉ္စမတန်းသို့ တက်ရောက်ခွင့် ရသည်။ ပဉ္စမတန်းတွင် သိပ်ကြာကြာမနေရဘဲ နှစ်ကုန်၍ စာမေးပွဲစစ်သောအခါ ပဉ္စတန်းအောင်မြင်၍ ဆဋ္ဌမတန်းသို့ တက်ရောက်ရသည်။ ဆဋ္ဌမတန်းတွင် ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ကြားရသည်။

၁၉၄၁ ခုနှစ်တွင် မောင်တင်ဦး န၀မတန်း ရောက်သည်။ ၁၉၄၁ ဒီဇင်ဘာလကုန်တွင် ကျောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။ ဗြိတိသျှဘုရင်ခံ၏ အစီအမံဖြင့် ပုသိမ်အရေးပိုင်က ဦးဆောင်ကာ ပုသိမ်မြို့တွင် Town Guards ခေါ် မြို့လုံခြုံရေးတပ်ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအမှုထမ်းအားလုံး မြို့လုံခြုံရေးအဖွဲ့သို့ မ၀င်မနေရ အားလုံး၀င်ကြရသည်။ ထိုတပ်ဖွဲ့ယူနီဖောင်းမှာ ဖော့ဦးထုပ်ဆောင်း၊ ကာကီအင်္ကျီနှင့် ဘောင်းဘီ၊ သားရေခြေပတ်နှင့် ရှူးဖိနပ်စီးရသည်။ ရင်ပတ်မှာ Town Guards ဆိုသောတံဆိပ် ချိတ်ရ၏။ ထိုအဖွဲ့ကို အုပ်ချုပ်သူမှာ S.D.O (Sub Divisional Officer) နယ်ပိုင်၀န်ထောက် ဦးဖေသန်း ဖြစ်သည်။

များမကြာမီ မိခင်ဖြစ်သူနှင့် မောင်တင်ဦးတို့ မောင်နှမတစ်စုတို့ သရက်ကွင်း၊ ရေကျော်ကြီးရွာသို့ သွား၍ စစ်ပြေးပုန်းရှောင်သည်။ ပုသိမ်ကထွက်လျှင် သဲဖြူ၊ တံခွန်တိုင်၊ ကန့်ကော်ခါး၊ ရေတွင်းဆိပ်၊ ရေကျော်ကြီး၊ သရက်ကွင်းသို့ ရောက်သည်။

ပုသိမ်မြို့တွင် ကျန်ခဲ့သော ဖခင်ဖြစ်သူပါ နောက်သုံးလခန့်တွင် ကျန်မိသားစု၀င်များ စစ်ရှောင်နေသော သရက်ကွင်းရွာသို့ ရောက်လာသည်။ မြို့တွင် အင်္ဂလိပ် အစိုးရ မရှိတော့ဘူး၊ ပုသိမ်က ထွက်ပြေးသွားလေပြီ။

ပုသိမ်မြို့ကို အုပ်ချုပ်နေသူမှာ ရှေ့နေ ဦးမြဘူးဖြစ်သည်။ ဦးမြဘူးမှာ နောင်နိုင်ငံတော် သမ္မတဖြစ်လာသူ ဒေါက်တာဘဦး၏ ညီအရင်းဖြစ်သည်။ ဦးမြဦးမှာ သူရဦးတင်ဦး၏ ယောက္ခမနှင့် မောင်နှမ ၀မ်းကွဲတော်စပ်သည်။

သရက်ကွင်းတွင် စစ်ရှောင်နေစဥ်တစ်နေ့ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ပုသိမ်မြို့သို့ ချီတက်လာသည်။ ဘီအိုင်အေတပ်သည် မြောင်းမြမြို့မှ မြင်းကဆိပ်ကို ဖြတ်ကျော်၍ သရက်ကွင်းရွာသို့ ရောက်လာသည်။ ဘီအိုင်အေတပ်တွင် တပ်ဖွဲ့၀င် ခြောက်ဦး၊ ခုနစ်ဦးခန့်ဖြင့် တပ်မှူးလုပ်သူမှာ ဗိုလ်အောင်ဖြစ်ပြီး၊ နောင်အခါ ဗိုလ်မှူးချုပ် မောင်မောင်ဖြစ်လာသည်။ ထိုစဥ်က ပါလာသူ ဗိုလ်ဘဇံမှာ နောင်အခါ ဗိုလ်မှူးကြီး၀င်း ဖြစ်လာသည်။

သရက်ကွင်းတွင် စစ်ရှောင်စဥ်မှာပင် ဖခင်ဖြစ်သူ ဦးမောင်ကြိုင် ၀မ်းရောဂါ ဖြစ်သည်။ ရောဂါသည်းလာပြီး နာလန်ထူရန် လမ်းမမြင်တော့သောအခါ မိခင်ဖြစ်သူက ဖခင်မကွယ်လွန်မီ သားနှစ်ယောက်ကို သင်္ကန်း၀တ်ဖြင့် မြင်သွားစေချင်သဖြင့် မောင်တင်ဦးတို့ ညီအစ်ကို နှစ်ယောက် ရွာဦးကျောင်းသို့ပြေးပြီး၊ ဘုန်းတော်ကြီးထံတွင် ကတုံးတုံး၍ သင်္ကန်းဆည်းရသည်။

ကိုရင်နှစ်ပါး သင်္ကန်း၀တ်ဖြင့် အိမ်ပြန်ရောက်သောအခါ ဖခင်ဖြစ်သူမှာ အမောဖောက်နေပြီ။ သတိကား ရှိသေး၏။ ဖခင်ဖြစ်သူ နှုတ်မှ တစ်စုံတစ်ရာကို ပြောချင်ဟန်ရှိ၏။ အသံကား ပီပီသသ ထွက်မလာ။ မိခင်ဖြစ်သူက ဖခင်၏ နှုတ်ခမ်းနားသို့ နားကိုကပ်ပေးမှ သိရသည်မှာ ကိုရင်နှစ်ပါး၏ ဘွဲ့မည်ကို မေးမြန်းနေခြင်း ဖြစ်သည်။ ကိုရင် တစ်ဖြစ်လဲ မောင်တင်ဦးက သူ့ဘွဲ့အမည် ရှင်နန္ဒီသာရဟု အသံကျယ်ကျယ် အော်ပြောမှ ဖခင်ဖြစ်သူက 'သြော် ရှင်နန္ဒီသာရ၊ ရှင်နန္ဒီသာရ' ဟု အသံတိုးတိုးဖြင့် လိုက်ရွတ်လေသည်။ ကိုရင်တစ်၀ါ ရခဲ့သည်။ ဖခင်အလောင်းမြေကျပြီးမှ ရှင်လောင်းလှည့်၊ နတ်ပြ စသဖြင့် ရှင်လောင်းတစ်ပါး၏ လုပ်ရိုးလုပ်စဥ်များကို လုပ်ကြရသည်။

ကိုရင် တစ်၀ါရပြီးမှ ပုသိမ်မြို့သို့ ပြန်ပြောင်းကြသည်။ ပုသိမ်မြို့ အိုးဘိုလမ်းအိမ်တွင် နေကြသည်။ ထို့နောက် ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ မောင်တင်ဦး ဆယ်တန်းအောင်သည်။

စစ်သည်တော်ဘ၀ အစ[ပြင်ဆင်ရန်]

ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်း၌ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊အသက် ၁၆ နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင်တပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ထို့နောက် အသက် (၁၇)နှစ် အရွယ်တွင် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းသို့ ဗိုလ်လောင်းအဖြစ် တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ကြည်း(၃၆၅၁) ဒုဗိုလ်အဆင့် ပြန်တမ်းဝင် အရာရှိ အဖြစ် စတင်ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်၌ပင် ဗိုလ်ဖြစ်လာခဲ့သည်။ ၁၉၄၈ စက်တင်ဘာလ ၂၇ ရက်နေ့မှစကာ လက်နက်ကိုင်တပ်များ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နမခတိုင်းမှူး ဗိုလ်မှူးကြီး ဗထူး ဦးစီးသောတပ်များဖြင့် စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။

ဗိုလ်ချုပ်ကြီးသူရတင်ဦးသည် ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)တွင် တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပြီးနောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ရပါသည်။

၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့သည်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့သည်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါသည်။ ၁၉၆၃ခု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ခံရပြီးနောက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ပေးအပ်ခြင်း ခံရသည်။ ၎င်းမှတဆင့် ၁၉၆၄ ခု စက်တင်ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့သည်။

၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါသည်။ တပ်မတော်၏ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်သည့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်တွင် အသက်၄၅နှစ်သာ ရှိသေးသဖြင့် တပ်မတော်သမိုင်းတွင် အသက် အငယ်ဆုံးဗိုလ်ချုပ်များထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်အပ်ပါသည်။ ၁၉၇၄ခုမတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”အဖြစ် တာဝန်ပေးအပ်ခြင်း ခံရကာ တိုက်ပွဲများတွင် ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့ခြင်းအတွက် “သူရဘွဲ့”ကိုလည်း ရရှိခဲ့ပါသည်။

မူရင်း ရင်းမြစ်[ပြင်ဆင်ရန်]

စည်းလုံးခြင်းရဲ့ အင်အား

  1. စိန်တင်၊ တက္ကသိုလ် 'မြန်မာ့ဒီမိုကရေစီ ခရီးနှင့် သူရဦးတင်ဦး' စာ ၃။