မြန်မာ့တပ်မတော် သမိုင်းကြောင်း

ဝီကီပီးဒီးယား မှ
(မြန်မာ့တပ်မတော် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

မြန်မာဘုရင်များခေတ်[ပြင်ဆင်ရန်]

မြန်မာ့ တပ်မတော် (ဗမာ့တပ်မတော်) အကြောင်းကို တင်ပြရမည်ဆိုလျှင်ပုဂံပြည် အနော်ရထာမင်းစော လက်ထက်တွင် စစ်မက်ရေးရာအတွက် ထောင်ပြုမြို့၊ ရှစ်ရာပြုမြို့၊ လေးရာပြုမြို့ အစရှိသည့် မြို့ပြများ တည်ထောင်လိုက်ကြခြင်း အကြောင်းမှ အစပြုရပေမည်။

သို့ရာတွင် ရှည်လွန်းဝေးလွန်း မည်စိုး၍ ဗမာ့တပ်မတော် အကြောင်းကို ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲမှ စတင် တင်ပြမည်။ အိန္ဒိယ တပြည်လုံးကို ဝါးမျိုပြီဖြစ်သော နယ်ချဲ့မျက်နှာ ဖြူများသည် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများဖြင့် အထူးပြည့်ဝကုံလုံလျက်ရှိသော မြန်မာနိုင်ငံကိုလည်း ဝါးမျိုး လိုက်ကြရန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ(၁၈၂၄-၁၈၂၆ခုနှစ်) မဖြစ်ပွားမီကပင် ဒေလီမြို့နှင့် ဆင်းမလားမြို့များတွင် စီမံကိန်း များရေးဆွဲပြီးဖြစ်လေသည်။ ထိုကြောင့် သူတို့သည် မြန်မာ များနှင့် ရန်မဖြစ် ဖြစ်လေအောင် စစ်မဖြစ် ဖြစ်လေအောင် ကြံဆောင်ကြိုးစားကြကုန်သည်။

ရှေးဦးစွာ အာသံနယ်ဘက်တွင် ရန်စကြကုန်သည်။ ထိုအချိန်အခါက အာသံပြည်သည် မြန်မာ့လက်အောက်ခံ ဖြစ်သည် အာသံဘုရင် စန္ဒရကန္တရှိန်မှာ ဘိုးတော်ဘုရားက နန်းတင်ထားသူဖြစ်သည်။ သို့ဖြစ်ရာ အင်္ဂလိပ်တို့သည် စန္ဒရကန္တရှိန်၏ အမှူး အမတ်များကို ထောင်ထားပုန်ကန်ရန် သွေးထိုးပေးကြသည်။ ငွေကြေးများ ပေးကြသည်။ လက်နက် များပေးကြသည်။ ထိုကြောင့် ခရစ်နှစ် ၁၈၁၆ ခုတွင် အာသံ မှူးမတ်များ ထောင်ထားပုန်ကန် ကြသောအခါ မြန်မာ့ တပ်မတော်က သွားရောက် နှိမ်နှင်း လိုက်ရသည်။ ထိုတပ်ကြီး တွင် စစ်သူကြီးမဟာဗန္ဓုလလည်းပါ၏။

သို့ရာတွင် အကြီးအချုပ်ကား မဟုတ်သေး။ ထိုစစ်ပွဲတွင် မြန်မာ့တပ်မတော်က အကြီးအကျယ်အောင်နိုင်ပြီး စန္ဒရ ကန္တရှိန်ကို နန်းတင်ကာ တပ်ပြန်ခေါက်ခဲ့သည်။ နယ်ချဲ့မျက်နှာဖြူများသည် ၁၈၁၈ ခုနှစ်တွင် ဒုတိယ အကြိမ်သွေးထိုးကြပြန်သည်။ သို့နှင့် အာသံမှူးမတ်များ ထောင်ထားကြပြန်သည်။ မဟာဗန္ဓုလအပါအဝင် မြန်မာစစ်သူ ကြီးများက ကွပ်ကဲလျက် သွားရောက် နှိမ်နှင်းကြပြန်သော အခါ အကြီးအကျယ်အောင်နိုင်ကြ၍ စန္ဒရကန္တရှိန်ကို နန်းအပ် ခဲ့ကြပြန်သည်။

တတိယအကြိမ်အဖြစ် ၁၈၂၁ ခုနှစ်တွင် နယ်ချဲ့မျက်နှာ ဖြူများက သွေးထိုးကြပြန်သည် ယခုအချိန်၌သော် အာသံမှူး မတ်များကိုသာ သွေးထိုရုံမဟုတ် အာသံဘုရင် စန္ဒရ ကန္တရှိန်ကိုပါ သွေးထိုလိုက်ကြသည်။ ယခင်အခါများက အတိုင်းလည်း ငွေကြေးများနှင့် လက်နက်ခဲရမ်း မီကျောက်များ ပေးကြသည်။ ထိုမျှသာမက မျက်နှာဖြူစစ်ဗိုလ်များက အုပ်ချုပ် သည့် မျက်နှာဖြူ မျက်နှာမဲ စစ်သားအမြောက်အများကိုလည်း ပေးကြသည်။ ထို့ကြောင့် စန္ဒရကန္တရှိန်ကိုယ်တိုင် ဦးဆောင်ကာ ဘကြီးတော်မင်းကို ထောင်ထားပြန်သည်။ ဤအကြိမ်တွင်မူ စစ်သူကြီး မဟာဗန္ဓုလကိုယ်တိုင် ဦးစီး ဦးချုပ်ပြုကာ သွားရောက် နှိမ်နှင်းသည်။ မြန်မာ့တပ်မတော်ကား အကြီး အကျယ် အောင်ပွဲဆင်နိုင်ခဲ့၏။

နယ်ချဲ့မျက်နှာဖြူများသည် အာသံပြည်ဘက်တွင် အရေး နိမ့်ကာ မိမိတို့၏ အကြံအစည်များ ပျက်ပြားသွားရလေသော အခါ အိန္ဒိယ-မြန်မာ နယ်စပ်ဖြစ်သော စစ်တစ်ကောင်း နယ်ဘက်သို့ ဦးလှည့်ကြပြန်သည်။ သို့နှင့် သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာစစ်ပွဲ စရသည်။ ဤတွင်လည်း အနှောက်အယှက် အမျိုးမျိုး ပေးကြပြန်သည် စစ်သူကြီး မဟာဗန္ဓုလနှင့် မြဝတီ မင်းကြီးဦးစတို့ အုပ်ချုပ်ကွပ်ကဲသည့် မြန်မာ့တပ်တော်သည် ဂေါ့တော့ပလ္လင်တိုက်ပွဲ၊ ပန်းဝါတိုက်ပွဲနှင့် ငတ်မြစ်(နတ်မြစ်) တိုက်ပွဲတို့တွင် တိုက်ပွဲဝင် နယ်ချဲ့ မျက်နှာဖြူများကပင် အံ့ဩ ချီးမွမ်းရလောက်အောင် အောင်နိုင်လိုက်ကြသည်။

သို့ရာတွင် စစ်ပရိယာယ်၌ အဝါးဝပြီး ကျွမ်းကျင်ပြီးဖြစ်ကြ သော နယ်ချဲ့မျက်နှာဖြူများသည် စစ်တစ်ကောင်းနယ်စပ်၌ မြန်မာ့တပ်မတော်က သဲသဲမဲမဲ ဇွဲနဘဲနှင့် အောင်ပွဲများကို ဆင်နေကြစဉ် အတွင်း စစ်သင်းဘောများ ကုန်သင်းဘောများဖြင့် ရုတ်တရက် ရှောင်တခင် ရုန်ကုန်မြို့သို့ ဝင်ကာ သိမ်းပိုက်လိုက်ကြသည်။ အငိုက်မိကြရရှာသော မြန်မာများက အပြင်းအထန်ခုခံကြသေး၏။ မရ။ သိုနှင့် စစ်တစ်ကောင်းနယ်ဘက်သို့ ချီတက်တိုက်ခိုက်ရန် အားယူနေကြသော စစ်သူကြီးမဟာဗန္ဓုလ၏ လက်အောက်ခံ မြန်မာ့စစ်သည်တော်များသည်။ ရန်ကုန်မြို့သို့ ဆင်းလာကြရ ပြန်သည်။ သို့သော် အာသံ တိုက်ပွဲများမှ အစ ယခုထိ တောက်ရှောက် စစ်ဆင်ခဲ့ကြရသော မဟာဗန္ဓုလ၏ တပ်မတော် သားများသည် ပင်ပန်းနွမ်းနယ်လှချေပြီး။ အထူးသဖြင့် ရွှေတိဂုံ စေတီတော်ကြီးကို တောင်ထိပ်ခံတပ်အဖြစ် ရယူထားကြပြီး ဖိနပ်စီး အညစ်အကြေးစွန့် အိုးအိမ်တည်ဆောက် အမြှောက်ကြီး များကို တင်၍ လူသတ်ပွဲ ဆင်နေသော နယ်ချဲ့မျက်နှာဖြူတို့က အဖက်ဖက်တွင် တပန်းသာလျက်ရှိနေပြီး။ မည်သို့ပင်ဖြစ်စေ အစပထမ၌သော် မဟာဗန္ဓုလ၏ စစ်သည်တော်များသည် အောင်ပွဲများ ခံကြရသေး၏။ ကြည့်မြင်တိုင် တိုက်ပွဲများ ကုက္ကိုင်းတိုက်ပွဲများတွင် မြန်မာ့အစွမ်းကို အံ့မခန်း ပြနိုင်ကြသည်။ သို့ရာတွင် လက်နက်အရာ၌ကား အဆမတန် ကွာခြားနေမှုကြောင့် မဟာဗန္ဓုလသည် ဓနုဖြူမြို့သို့ အင်အားဖြည့်ရင်း ဆုတ်ခွာ ခဲ့ရလေသည်။

ဤတွင် လက်နက်ချင်း ကွာခြားနေမှုကို အနည်းငယ် တင်ပြလိုသည်။ မြန်မာစစ်သည်တော်များကား သေနတ်ကို လူတိုင်း မကိုင်နိုင်ကြ ဓားကိုင်၊ လှံကိုင်၊ တုတ်ကိုင် စသည် တို့ကလည်း ကူကြရပေးသေးသည်။ ကိုင်နိုင်သူများ၏ သေနတ် များမှာလည်း ယမ်းနှင့် အုန်းဆံ ကာပတ်နှင့် ကျည်နှင့် ပစ်ရသော ကျောက်မီးသေနတ်များသာ ဖြစ်ကြရာ တစ်ခါတရံ သေနတ်တချက်ထွက်ရန် အကြိမ်ကြိမ်မောင်းတင်၍ ဖြုတ်ကြ ရပေသည်။ နယ်ချဲ့မျက်နှာဖြူတို့၏ 'ရိုင်ဖယ်' သေနတ်များ မှာမူကား ခေတ်မီ သေနတ်များဖြစ်သည့် အပြင် လှံစွပ်များကို လည်း တပ်ဆင်ထားကြသည်။ သို့ရာတွင် အလွယ်တကူ ပစ်ရင်းခတ်ရင်းပင် ရန်သူကို လှံစွပ်တက်ထိုးနိုင်သည်။ မြန်မာတို့ကဲ့သို့ လှံဓား သုံးစရာမလို။ ထို့အပြင် အမြောက် ချင်းလည်း ကွာခြားလှပေးသည် မြန်မာ့အမြောက်တစ်လက်က ပစ်လွှတ်လိုက်သော ကျည်ဆန် တစ်ဆန်သည် လူတစ်ယောက်ကို ထိမှန်လျှင် ထိုသို့ထိမှန်သော သူကိုသာ ဒုက္ခပေးနိုင်သည် နယ်ချဲ့မျက်နှာဖြူတို့၏ အမြောက်တစ်လက်က ပစ်လွှတ်လိုက်သော ကျည်ဆန် တစ်ဆန်မှာမူကား လူကိုတိုက်ရိုက် မထိမှန်စေဦး လူလေးငါးယောက် အနီးသို့ကျ၍ ပေါက်ကွဲသွားခဲ့သော် ထိုလေးငါးယောက်ကို သေစေနိုင်ပေသည်။ ထိုသို့သော သာမန်အမြောက်များသာ မက နယ်ချဲ့အင်္ဂလိပ်တို့တွင် ဒုံးပျံအမြောက်များလည်း ပါသေးသည်။ သို့ဖြစ်ရာ မယှဉ်သာအောင် ကွာခြားသော ထိုလက်နက်များကြောင့်လည်း မြန်မာများ ရှုံးနိမ့်ရခြင်းဖြစ်ပေသည်။ ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဓနုဖြူခံတပ်အတွင်း၌ စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးရခြင်း အကြောင်းမှာလည်း အထက်တွင် ပြဆိုခဲ့ပြီးဖြစ်သော အမြောက်ဆန် တစ်ဆန်သည် သူ့အနီးတွင် ပေါက်ကွဲသွားခြင်းကြောင့် ဖြစ်သည်။

မဟာဗန္ဓုလ ကျဆုံးပြီး ဆိုသည်နှင့် တပြိုင်နက်လည်း မဟာဗန္ဓုလ၏ တပ်ကြီးပျက်ရချေတော့သည်။ မဟာဗန္ဓုလ၏ တပ်ကြီးပျက်ပြီ ဆိုသည်နှင့် တပြိုင်နက်လည်း ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကြီး ပြီးဆုံးပြီဟုဆိုနိုင်သည်။ သို့ရာတွင် ထိုသို့လက်နက်ချင်း မမျှ၍ ရှုံးပင် ရှုံးကြ ရငြားလည်း မြန်မာကို ကမ္ဘာက သိရပြီ။ မြန်မာကို ကမ္ဘာက ချီးမွမ်းရပြီ။ ထိုပထမ အင်္ဂလိပ်မြန်မာစစ်ပွဲနှင့် စပ်လျဉ်း၍ ချီးမွမ်းကြသူများအနက် မျက်နှာဖြူအမျိုးသမီး မစ္စတက်နစ်ဆင် ဂျက်စီက မြန်မာနိုင်ငံအကြောင်းဟု ခေါင်းစဉ်တပ်ထားသည့် သူ့စာအုပ်တွင် အောက်ပါမှတ်ချက်ဖြင့် နံဂုံးချုပ်ထားသည်။ ကျွန်ုပ်တို့(အင်္ဂလိပ်)ဘက်မှ စည်းကမ်းအရာနှင့် လက်နက်နှစ်ဖျာ ဤအရာတို့တွင် 'သာ'နေသည့် နည်းတူ မြန်မာတို့ ဘက်မှာလည်း ဂုဏ်ယူစရာ အချက်နှစ်ချက် ရှိနေပေသေးသည်။ ထိုသို့ဂုဏ်ယူစရာ အချက်နှစ်ချက်မှာ မြန်မာတို့၏ အံ့မခန်း နိုင်လောက်သော သတ္တိနှင့် ပြောမကုန် နိုင်လောက်သော ထထကြွကြွ လုံ့လ ဝီရိယရှိမှုတို့ပင် ဖြစ်သတည်း။ခရစ် ၁၈၂၅ ခုနှစ်တွင် ဖြစ်ပွားသော ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲတွင်လည်း မြန်မာများသည် သတ္တိအရာတွင် သာနေကြပါလျက်နှင့် လက်နက်ချင်းကွာခြားနေမှုကြောင့် အညံ့ခံလိုက်ကြရပြန်လေသည်။

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ အစဖြစ်သော ၁၈၈၅ ခုနှစ်တွင်မူကား အင်အားကြီးမားသော နယ်ချဲ့မျက်နှာဖြူတို့ သည် စစ်သင်းဘောများဖြင့် ဧရာဝတီ မြစ်ကြောင်းအတိုင်း ချီတက်လာကြကာ သီပေါဘုရင်ကို ကြက်ငှက်ကလေးများ ဖမ်းသကဲ့သို့ အလွယ်တကူပင် ဖမ်းဆီးယူငင်သွားကြသည်။ ထိုသည့်နောက်ပိုင်းတွင်မှ ရုတ်တရက်အားဖြင့် အံ့အားသင့် ကြက်သေ သေနေကြရသော မြန်မာတစ်မျိုးသားလုံးသည် အုံကြွ တော်လှန်ကြကုန်သည်။ ခုနစ်နှစ် ခုနစ်မိုး တိုင်တိုင်ကြာ၏။ ပုံဂံမှ ဗိုလ်ချိုသည်လည်းကောင်း၊ ပုပ္ပါးမှ ဗိုလ်နက်ကျော်သည် လည်းကောင်း၊ ဝန်းသိုမှ စော်ဘွားကြီး ဦးအောင်မြတ်သည် လည်းကောင်း၊ ရွှေဘိုမှ ထိပ်တင်မှတ် သည်လည်းကောင်း၊ ကျောက်ဆည်မှ ဗိုလ်သာကျန်သည်လည်းကောင်း၊ ဆင်ဖြူ ကျွန်းမှ ဗိုလ်ဥတ္တမသည်လည်းကောင်း၊ ဝဲလောင်မှ ဗိုလ်ရာညွန့် သည်လည်းကောင်း၊ ကျွန်းခင်ကြီးမှ ဗိုလ်လှကျော်သည် လည်းကောင်း၊ မင်းတုန်းမှ ဗိုလ်ရွဲသည်လည်းကောင်း၊ ဇီးပင် ကြီးမှ မြင်စိုင်းမင်းသားသည်လည်းကောင်း၊ ရှိမ္မကားမှ ဗိုလ်ရိုင်းသည်လည်းကောင်း၊ နတ်မောက်မှ ဗိုလ်မင်းရောင်သည် လည်းကောင်း၊ ရဲရဲတောက် မြန်မာ့တော်လှန်ရေး ခေါင်းဆောင် ကြီးများ ထိုစဉ်က မြန်မာ့တပ်မတော်၏ ဦးစီးဦးချုပ်များ ဖြစ်ကြသည်။

ထိုမျှသာမက နယ်ချဲ့ မျက်နှာဖြူများ လက်အောက်ခံ အောက်မြန်မာပြည်တွင် ကရင်အမျိုးသားများ၊ မွန်အမျိုးသား များ၊ ရခိုင်အမျိုးသား စသည်တို့ကလည်းကောင်း၊ ရှမ်းပြည်တွင် ရှမ်းအမျိုးသားများကလည်းကောင်း၊ အထက်မြန်မာပြည်တွင် ကချင်အမျိုးသားများ၊ ချင်းအမျိုးသားများ၊ လူရှေ ( လူရိုင်း ) အမျိုးသားများ စသည်တို့ကလည်းကောင်း အကြီးအကျယ် အပြင်းအထန်ပင် တော်လှန် ကြကုန်သည်။ သို့ရာတွင် လက်နက်ချင်းကလည်းမမျှ၊ မြန်မာ့ကံဇာတကလည်း ညှိုးနေခိုက်ဖြစ်သဖြင့် အမျိုးလိုက် တော်လှန် ကြပါငြားလည်း မအောင်မြင်နိုင်ရှာကြ။ ( မြန်မာ့တော်လှန်ရေး လည်းရု။ ) ဤသို့အားဖြင့် မြန်မာ့လွတ်လပ်ရေးကြီးကို လုံးဝဆုံး ရတော့သည်။

သည့်နောက်ပိုင်းတွင်မူကား ထိုကဲ့သို့ လုံးဝဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကို မရအရ တစ်စတစ်စ ကြိုးပမ်းခဲ့ ကြ၏။ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းများသည်လည်းကောင်း၊ ဂျီ၊ စီ၊ ဘီ၊ အေ အသင်းကြီးသည်လည်းကောင်း၊ ကျောင်းသား သပိတ် များသည်လည်းကောင်း၊ ၁၉၃ဝ ပြည့်နှစ်တွင် ဆရာစံ ခေါင်းဆောင်သည့် တောင်သူလယ်သမားများ၏ တော်လှန် ရေးကြီးသည်လည်းကောင်း၊ ၁၉၃၈ ခုနှစ်တွင် သခင်ဘိုးလှကြီး ခေါင်းဆောင်သော ' ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံ' ဟု မော်ကွန်းတွင်ရစ်သည့် ရေနံမြေမှ အလုပ်သမား လှုပ်ရှားမှုကြီး သည် လည်းကောင်း၊ တို့ဗမာ အစည်းအရုံးသည်လည်းကောင်း၊ ဗမာ့ထွက်ရပ်ဂိုဏ်းသည်လည်းကောင်း၊ ဗမာ့တော်လှန်ရေး ပါတီသည်လည်းကောင်း ဗမာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၏ မေ့မရနိုင်သော မှတ်တိုင်ကြီးများ ဖြစ်ကြပေသည်။

သို့နှင့် ၁၉၄ဝ ပြည့်နှစ်တွင် လက်ရှိမြန်မာ့တပ်မတော်၏ သမိုင်းအစသို့ ရောက်ပြီဟု ဆိုနိုင်သည်။ ထိုနှစ်တွင် တို့ဗမာ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးဖြစ်သော သခင်အောင်ဆန်းသည် ဟင်္သာတခရိုင်၊ ဒေါင့်ကြီးရွာတွင် နယ်ချဲ့မျက်နှာဖြူများက တောင်တန်း ဒေသများကို ဖိနှိပ်ချုပ်ချယ်ထားခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ဟောပြောလိုက်သည့်အတွက် ဟင်္သာတ ခရိုင်ရာဇဝတ်ဝန်က လူဖမ်း ဝရမ်းထုတ်လိုက်သည်။ ထိုကြောင့် သခင်အောင်ဆန်း သည် ' မြေအောက် ' ၌ ရုတ်ဖျက်နေရရာ ' ဗမာ့တော်လှန် ရေးပါတီ ' ဝင်များနှင့် မြန်မာ့လွတ်လပ်ရေးရရာ ရကြောင်း နည်းလမ်းများကို လျို့ဝှက်စွာ တိုင်ပင်ဆွေးနွေးကြသည်။ နောက်ဆုံး၌ သခင်အောင်ဆန်းကို နိုင်ငံခြားသို့ စေလွှတ် ပြီးလျှင် ရနိုင်မည့် မည်သည့် နိုင်ငံခြားအကူအညီ ကို မဆို ရယူရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် သခင်အောင်ဆန်းသည် ထိုနှစ်ဩဂုတ်လ ၈ ရက်နေ့တွင် တရုတ်အမျိုးသားကဲ့သို့ ရုတ်ဖျောက်ဝတ်ဆင်ကာ ' ဟိုင်လီ ' သင်းဘောဖြင့် နိုင်ငံခြားသို့ ထွက်ခွာ သွားခဲ့သည်။

ရှေးဦးစွာတွင် တရုတ်တို့၏ အကူအညီ ရလိုရငြားဖြင့် သခင်အောင်းဆန်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းခြေရှိ အမွိုင်မြို့တွင် ဆင်းသည်။ သို့ရာတွင် နှစ်လကျော်မျှ ယောင်ချာချာနေရပြီးလျှင် နိုဝင်ဘာလဆန်းတွင်မှ ဂျပန်စစ်ဘက်အရာရှိ တစ်ဦးနှင့် ဆက်သွယ်မိကာ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထိုလ ၁၂ ရက်နေ့တွင် လေယာဉ်ပျံဖြင့် ရောက်ရှိသွားလေသည်။

ဟာနေဒါ လေယာဉ်ပျံကွင်းတွင် ကြိုနေသူကား နောက်နောင်တွင် ဗမာ့တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေးကို အထူးအားပေးကူညီမည့် မစ္စတာ မီနာမီ ( ခေါ် ) ကာနယ် ဆူဇူကီး ( ခေါ် ) ဗိုလ်မိုးကြိုး ပင် ဖြစ်သည်။ ထိုကာ နယ်ဆူဇူကီး၏ အကူအညီဖြင့်ပင် သခင်အောင်ဆန်းသည် ဂျပန်စစ်ဘက်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရကာ မြန်မာ့လွတ်လပ်ရေးအတွက် လမ်းစရှာရသည်။ ထိုနောက် ၁၉၄၁ ခုနှစ် မတ်လအတွင်း မြန်မာပြည်သို့ လျို့ဝှက် ရုတ်ဖျောက်ပြန်လာခဲ့ပြီး လျှင် ဗမာ့တော်လှန်ရေးပါတီ ဝင်များနှင့် တွေ့ဆုံ၍ ဂျပန်တို့၏ အကူအညီများ၊ ကတိကဝတ်များ၊ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ရေးများ၊ ပြည်တွင်း လှုံ့ဆော်မှုများ၊ စည်းရုံးမှုများ၊ အထူးသဖြင့် ထိုလွတ်လပ်ရေးတိုက်ပွဲအတွက် မြန်မာ လူငယ်တစ်စုကို စစ်ရေး လေ့ကျင့်မှုပေးရန် အစီအစဉ်များ စသည်တို့ကို သခင်အောင်ဆန်းက ချပြသည်။ ဗမာ့ တော်လှန်ရေးပါတီ ဝင်များကလည်း သဘောတူညီကြ၏။ သို့နှင့် 'ရဲဘော်သုံးကျိပ် ' ဟု နောင်တွင်မည့် မြန်မာလူငယ် တစ်စုသည် လေးသုတ်ခွဲကာ တစ်သုတ်ပြီးတစ်သုတ် ဂျပန်နိုင်ငံသို့ လျို့ဝှက်စွာ ထွက်ခွာသွားကြသည်။ နောက် ထိုရဲဘော်သုံး ကျိပ်သည် ဟိုင်နန်ကျွန်းတွင်လည်းကောင်း၊ တိုင်းဝမ်းကျွန်း ( ဖော်မိုးဆား ) တွင်လည်းကောင်း ငါးလခန့်မျှ စစ်ပညာများကို မနားမနေ အပင်အပန်း အဆင်းရဲခံကာ ကြိုးစားလေ့ကျင့်ကြကုန်သည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဂျပန်တို့သည် စစ်မကြေညာဘဲ အမေရိကန်ပိုင် ပုလဲဆိပ်ကမ်း( ပါးလဟာဗာ) ကို လေယာဉ်ပျံများဖြင့် ဗုံးကြဲတိုက်ခိုက်လိုက်သည်မှအစ အမေရိကန်တို့လည်း စစ်ထဲသို့ ဝင်လာကြရသည်။ ကမ္ဘာ့ အရှေ့ပိုင်းတွင်သို့ စစ်ဖြစ်သည်နှင့် တစ်ပြိုင်နက် စစ်ရေး လေ့ကျင့်နေကြသော ရဲဘော်သုံးကျိပ်သည် ယိုးဒယားနိုင်ငံ ဗန်ကောက်မြို့သို့ အမြန်သွားကြာကာ ထိုလ ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးကို မရမချင်း အသက်ပင် သေသေ အရေပင် ခန်းခန်း မခွဲတမ်း မခွာတမ်း လုံးပန်းတိုက်ခိုက် ကြမည် ဟု လက်မောင်းသွေးများကို ဖောက်၍ သစ္စာရေသောက် လိုက်ကြကုန်သည်။ ထိုအပြင် ထိုနေ့တွင်ပင်လည်း ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် ကြီးကို ဖွဲ့စည်းလိုက်ကြသည်။ ထိုတပ်မတော်ကြီးတွင် ဝင်ရောက်ကြသူများကာ ရှေးယခင်က ပင် နယ်ချဲ့မျက်နှာဖြူများကို စိတ်အနာကြီးနာ၍ ယိုးဒယား နိုင်ငံသို့ တိမ်းရှောင်သွားကြပြီးလျှင် အိုးအိမ်ထူထောင်လျက် ရှိကြသော မြန်မာများ၊ နောက်မှ ရောက်ကြသော မြန်မာများ၊ မြန်မာတို့ကို ညီရင်းအစ်ကိုတစ်မျှ ချစ်ခင်လိုလားကြသော ယိုးဒယားများ၊ ရှမ်းယိုးဒယားများ၊ ရှမ်း တရုတ်များ၊ ရှမ်းဗမာများ အစရှိသည်တို့ ဖြစ်ကြသည်။ ထိုစဉ်က ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး အင်အားမှာ တစ်ထောင့် ငါးရာမျှလောက်သာ ရှိသေး၏။

ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ထိုဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ၁၉၄၂ ခု နှစ်စတွင် ဂျပန်အင်ပီးရီးယယ် တပ်မတော်ကြီးနှင့်အတူ စစ်သုံးကြောင်း ဖြန့်ကာ ယိုးဒယား မြန်မာနယ်စပ်ရှိ မတ်စောက်သော တောင် ကြီးများ၊ နက်ရှိုင်းသော ချောက်ကြီးများကို ဖြတ်ကျော်၍ မြန်မာပြည်တွင်းသို့ ဝင်ခဲ့သည်။ ရေး၊ မြိတ်၊ ထားဝယ်နှင့် မော်လမြိုင်မြို့တို့ကို အပြီးအပိုင်စီးနိုင် သိမ်းနိုင်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး၏ အလံတော်အောက်သို့ ဝင်ရောက် လာကြသည့် မျိုးချစ်ပုဂ္ဂိုလ်များသည်လည်း ဒီရေအလား တစ်နေ့တစ်ခြားပင် တိုးတက်များပြားလာခဲ့သည်။ သို့ရာတွင် ဟိုင်နန်ကျွန်းနှင့် တိုင်းဝမ်ကျွန်းတို့တွင် စစ်ရေး လေ့ကျင့်စဉ်ကပင် ဂျပန်များအပေါ် စိတ်ပျက်လက်စ ရှိခဲ့ကြ ရသော ရဲဘော် သုံးကျိပ်တို့သည် ပို၍ပင် စိတ်မချမ်းမြေ့စရာ၊ စိတ်ထိခိုက်စရာ အကြောင်းများ ဆင့်ကာ ဆက်ကာ ပေါ်ပေါက်လာပြန်သည်။ အထူးသဖြင့် ဂျပန်တို့သည် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကြီးနှင့် လက်တွဲ၍ ချီတက် လာရာတွင် တနင်္သာရီတိုင်းကို ရရှိပြီး သောအခါ၊ မော်လမြိုင် မြို့ကို သိမ်းပြီးသောအခါ ဗမာ့လွတ်လပ်ရေးကို ကြေညာပါ မည်ဟု ကတိကဝတ် ပြုခဲ့ကြကုန်သည်။ ယခုသော် တနင်္သာရီ တိုင်းကိုလည်း ရပြီးပေပြီ၊ မော်လမြိုင်မြို့ကိုလည်း သိမ်းပြီး ပေပြီ၊ သို့ရာတွင် လွတ်လပ်ရေးကို မကြေညာ ရုံသာမက ပါးရိုက်၊ နားရိုက် စသည်ဖြင့် ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်ပွားလာခဲ့သည်။ မြန်မာစစ်သားများနှင့် ဂျပန်စစ်သားများ၊ ဂျပန်စစ်သားများနှင့် မြန်မာလူထုသည် ကင်းစ ကွာစ ကွေစ ပြုလာသည်။ မြန်မာများကို လွတ်လပ်ရေး ပေးပါမည်ဟု ဆိုသော ဂျပန်များ၊ အရှေ့တောင်အာရှတိုက်၏ သာတူညီမျှ ရေး ဟု ကြွေးကြော်လျက်ရှိကြသော ဂျပန်များသည် မြန်မာများ စိတ်နာလာရအောင် လုပ်ဆောင် ကြပေပြီ။ မည်သို့ပင်ဖြစ်စေ လွတ်လပ်ရေးကြီးကိုသာ အာသာ ပြင်းပြလျက် ရှိကြသော မြန်မာများသည် သည်းညည်းခံ အောင့်အည်းကာ စောင့်စည်းစရာ ရှိသော တာဝန်အရပ်ရပ်ကို ကျိတ်လျက် မှိတ်လျက် စောင့်စည်းကြကုန်သည်။ သို့နှင့် မတ်လ ၈ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်ကြသည်။ ထိုချိန်အခါတွင် လူပေါင်း တစ်ထောင့်ငါးရာမျှဖြင့် စတင်တည်ဆောက်ခဲ့ကြသော ဗမာ့လွတ်လပ်ရေး တပ်မတော် ကြီးသည် သုံးလကျော် လေးလမျှအတွင်း လွတ်လပ်ရေးအတွက် အသက်ပေးလှူမည်ဟု အဓိဋ္ဌာန်ပြုထားပြီးဖြစ်ကြသော ဘီ အိုင် အေ တပ်သားပေါင်း နှစ်သောင်းခန့် အထိတိုးတက်၍ လာခဲ့ပြီ။ သို့ရာတွင် ထိုအချိန်အခါအထိပင် ဂျပန်များကား မြန်မာ့လွတ်လပ်ရေးကို မကြေညာကြသေး။ မကြေညာ ရုံမျှသာမက မြန်မာများ လိုလား တောင့်တနေကြသည့် လွတ်လပ်ရေး ဟူသော စကားသည်ပင်လျှင် မြန်မာများ၏ မျိုးချစ်စိတ်ကို လှုံ့ဆော် တက်ကြွစေသည်ဟု အထင်ရှိကာ မြန်မာများလည်း လွတ်လပ်ရေး ရတော့မည့် အတူတူ ဗမာ့လွတ်လပ်ရေး တပ်မတော် ခေါ် ဘီ၊ အိုင်၊ အေ တပ်မတော် အမည်မှ ဗမာ့ ကာကွယ်ရေးတပ်မတော်ခေါ် ဘီ၊ ဒီ၊ အေ တပ်မတော် အမည်သို့ ပြောင်းလိုက်လျှင်ကောင်းမည် ထင်ပါသည် ဟု တဘက်လှည့် ဆိုလာပြန်လေသည်။ ထို့ကြောင့် ထိုနှစ်ဩဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီ၊အိုင်၊အေ) ကို ရုပ်သိမ်းကာ ဗမာ့ ကာကွယ်ရေး တပ်မတော် ( ဘီ၊ ဒီ၊ အေ )ကို ပြန်လည် ဖွဲ့စည်းလိုက်ရသည်။ ထို ဘီ၊ ဒီ၊ အေနှင့် အတူလည်း ခြေလျင် တပ်ရင်း (၁)၊ ခြေလျင် တပ်ရင်း (၂) နှင့် ခြေလျင်တပ်ရင်း (၃) တို့အပြင် စစ်ဦးစီးဌာနချုပ်၊ စစ်ရုံးနှင့် မင်္ဂလာဒုံမှ စစ်တက္ကသိုလ်တို့ ပေါက်ဖွားလာ ကြသည်။

ဘီ၊ ဒီ၊ အေ ဟု ပြန်လည်ဖွဲ့စည်းပြီး၍ တစ်နှစ်ခန့် အကြာဖြစ်သော ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်များပေးသည့် လွတ်လပ်ရေး ကို မြန်မာများရကြ သည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီးလျှင် စစ်ဝန်ကြီးရုံးကို ဖွဲ့စည်းလိုက်လေသည်။ စစ်တပ်များကို အုပ်ချုပ်ရန်အတွက်မူ စစ်ဦးစီးချုပ်ဌာန ဟု သီးသန့်ဖွဲ့စည်းပြီးလျှင် ဗိုလ်မှူးကြီးနေဝင်း (ယခု စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး နေဝင်း) အား စစ်ဦးစီးချုပ် အဖြစ် တာဝန်ပေးအပ်သည်။ တပ်များကိုလည်း တိုးချဲ့ ဖွဲ့စည်းလိုက်ကြသည်။ ထိုအချိန်က တိုးချဲ့ဖွဲ့စည်းလိုက်ကြသော တပ်များကာ ခြေလျင်တပ်ရင်း (၄)၊ ခြေလျင်တပ်ရင်း (၅)၊ ခြေလျင်တပ်ရင်း (၆)၊ ခြေလျင်တပ်ရင်း (၇)၊ စက်မှုလက်မှု တပ်ရင်း (၂)၊ စက်အမြောက်တပ်ရင်း (၁)၊ အမြောက်ကြီး တပ်ရင်း (၁)၊ သယ်ယူပို့ဆောင်ရေးတပ်ရင်း (၁)၊ မော်တော် ယာဉ်တပ်ရင်း (၁) တို့ ဖြစ်ကြသည်။

မင်္ဂလာဒုံတွင်လည်း ဗိုလ်သင်တန်းကျောင်း ကို ဖွင့်လှစ်လိုက်လေသည်။ ဒုတိယ အပတ်ပြီးသည်အထိ ဂျပန် များက ဦးစီးကြ၏။ တတိယ အပတ်မှ ပဉ္စမအပတ်အထိမူ မြန်မာအရာရှိများက ဦးစီးသင်ကြားပေးကြသည်။ သင်တန်း တက်ခွင့်ရကြသော ဗိုလ်လောင်းများ အထဲမှလည်း အချို့ကို ဂျပန်နိုင်ငံသို့ စစ်ပညာတော်သင်များ အဖြစ် သုံး ကြိမ်တိုင်တိုင် စေလွှတ်နိုင်ခဲ့သည်။

ထိုခေတ် စစ်ဆင်ရေးများ အကြောင်းနှင့် စပ်လျဉ်း၍လည်း အနည်းငယ် တင်ပြလိုသေးသည်။ အကြမ်း မျဉ်းအားဖြင့် စစ်ဆင်ရေးများကို အောက်ပါအတိုင်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြသည်။

(က)ခရစ် ၁၉၄၂ ခုနှစ်တွင် ခြေလျင်တပ်ရင်း (၁) နှင့် ခြေလျင်တပ်ရင်း (၃) တို့ကို ရခိုင်တိုင်းတွင် တာဝန်ယူစေသည်။

(ခ) ခြေလျင်တပ်ရင်း (၃) ကို ရခိုင်မှ ရွှေဘို၊ မြစ်ကြီးနားဘက်သို့ ရွှေ့ပြောင်းလိုက်ကာ ဂျင်နရယ် ဝင်းဂိတ်တပ်များကို ရွှေဘိုမှဖြတ်၍ မီးရထားလမ်းကို အနှောက်အရှက် မပေးနိုင်ရန် တာဝန်ယူစေသည်။

(ဂ) ခြေလျင်တပ်ရင်း (၁) ကိုလည်း ကျောက်ဖြူ၊ သံတွဲ မြို့များမှ တစ်ဖန် အထက်ချင်းတွင်းသို့ ပြောင်းရွှေ့ လိုက်ပြန်သည်။

(ဃ)စက်မှုလက်မှု တပ်ရင်း (၁) ကမူ အင်းတော်မှ တီးတိန်၊ ဖလမ်းအထိ လမ်းသစ်ဖောက်လုပ်ရေး တာဝန်ယူရသည်။

(င)ခြေလျင်တပ်ရင်း (၄) သည်လည်း ခြေလျင်တပ်ရင်း (၃) နှင့် တွဲဖက်ကာ ဂျင်နရယ်ဝင်းဂိတ်၏တပ်များကို အပြင်းအထန် တိုက်ခိုက်ကြရသည်။

(စ) ခြေလျင်တပ်ရင်း (၇) ကမူ ကွပ်ခိုင်ဘက်တွင် တာဝန်ယူရ သည်။

(ဆ)နောက် စက်အမြောက်တပ်ရင်းနှင့် အမြောက်ကြီး တပ်ရင်းတို့မှာမူကား နိုင်ငံတော် နေရာအနှံ့အပြားတွင် ရန်သူ့လေယာဉ်ပျံများကို ပစ်ခတ်ချေမှုန်းရေး တာဝန်ယူကြရသည်။

ဤသို့လျှင် ဗမာ့တပ်မတော်သည် လွတ်လပ်ရေးကြီးကို မျှော်ကိုး၍ အမျိုးမျိုးသော ဒုက္ခဆင်းရဲများကို ခံနေရခိုက် ဂျပန်များသည် ပါးရိုက်၊ နားရိုက်၊ နေပူလှမ်း၊ လက်သဲခွာ၊ ကျဉ်စက်တို့၊ လှံစွပ်ထိုး စသည်ဖြင့် တိုး၍ ဆိုး၍လာခဲ့သည်။ မြန်မာများ မခံမရပ်နိုင်ကြတော့။ သို့နှင့် တော်လှန်ရေး အစီအစဉ်များမှာ တစ်စတစ်စ ထုထယ်ကြီးမားလာရသည်။ ခရစ် ၁၉၄၃ ခုနှစ် နောက်ပိုင်းတွင် မဟာမိတ်တို့နှင့် အဆက်အသွယ် ရခဲ့ကြ၏။ ထိုကြောင့် တော်လှန်ရေး အစီ အစဉ်များကို စတင်ဆောင်ရွက်ကြရာတွင် ရှေးဦးပထမ စည်းလုံးနိုင်ငံရေး ပြင်ဆင်နိုင်ရေးအတွက် (၁) သရက်မြို့တွင် 'အနောက်တိုင်း'ကို ဖွင့်သည်။ အထက်မြန်မာပြည်အတွင်းရှိ တပ်များကို အုပ်ချုပ်စည်းရုံးရသည်။ တိုးချဲ့ထားသော ခြေလျင်တပ်များအပြင် လေ့ကျင့်ရေး တပ်ရင်း (၁) မှ (၄) အထိလည်း တိုးတက်ချဲ့ထွင်လိုက်သေးသည်။ နိုင်ငံရေး စည်းရုံးမှုကြီးတစ်ရပ် အနေနှင့်သော် ခရစ် ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းပါ တစ်စုတို့က ခေါင်းဆောင်လျက် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့တွင် ပါဝင်ခဲ့ကြသော နိုင်ငံရေးအသင်းအဖွဲ့များမှာ ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီ၊ လူငယ်များ အစည်း အရုံး၊ ဗမာ့တပ်မတော်၊ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင် ခေါင်းဆောင်များ၊ သံဃာတော်များ အစရှိသည်တို့ ဖြစ်ကြသည်။

ဂျပန်တော်လှန်ရေးအတွက် အရှိန်ယူစ ပြုနေကြပေပြီ။ ထိုအတောအတွင်း ယခင်က အစပျိုးခဲ့သော အစီအစဉ်များ အပေါ်တွင် နောက်ဆုံး အစီအစဉ် တစ်ရပ်အနေဖြင့်လည်း အောက်ပါအတိုင်း ဗမာ့တပ်မတော် အင်အားကို ခွဲဖြန့် ထားလိုက်ကြသည်။

(က) အထက်မြန်မာပြည်တိုင်း။ ။ တိုင်းမှူး ဗိုလ်မှူးဗထူး။ အထက်မြန်မာပြည်အတွင်းရှိ တပ်များကို အုပ်ချုပ်ကာ စစ်ကြောင်းဖွင့်ရန်။

(ခ) ရှေ့တန်းစစ်ဌာနချုပ်။ ။ ရှေ့တန်းစစ်ဌာနချုပ် စစ်ကြောင်းကို ဗိုလ်မှူးကြီးဇေယျ ဦးစီး၍ စစ်ဌာနချုပ် ရုံးအဖွဲ့နှင့် စစ်ဝန်ကြီးရုံး အဖွဲ့အားလုံး စုပေါင်း၍ သရက်စခန်းမှ မင်းတုန်းစခန်းသို့ ချီတက်ရန်။

(ဂ) အောက်မြန်မာပြည်မှတိုင်း ၇ တိုင်းတိုင်းအမှတ်-၁။ ။ တိုင်းအမှတ် ၁ စစ် ကြောင်းကို ဗိုလ်မှူးမောင်မောင် ဦးစီး၍ သာယာဝတီ၊ ပေါင်းတည် စစ်ကြောင်းသို့ ချီတက်ရန်။ ခြေလျင်တပ်ရင်း ၄ သည် တိုင်းအမှတ် ၁ နှင့် ပူးပေါင်းကာ လိုက်ပါ ချီတက်တိုက်ခိုက်ရန်။

တိုင်းအမှတ်-၂။ ။ တိုင်းအမှတ် ၂ စစ်ကြောင်းကို ဗိုလ်မှူးကြီးနေဝင်း ဦးစီး၍ဖျာပုံမြစ်ဝကျွန်းပေါ် စစ်ကြောင်းသို့ ချီတက်ရန်။

(၃) တိုင်းအမှတ်-၃။ ။တိုင်းအမှတ် ၃ စစ် ကြောင်းကို ဗိုလ်မှူးကြီး စောကြာဒိုး ဦးစီး၍ မအူပင်မြစ်ဝကျွန်းပေါ် စစ်ကြောင်းသို့ချီတက် ရန်။

(၄) တိုင်းအမှတ်-၄။ ။တိုင်းအမှတ် ၄ စစ် ကြောင်းကို ဗိုလ်မှူးကျော်ဇော ဦးစီး၍ ပဲခူးစခန်းမှ ရန်ကုန်ကို ခုခံတိုက်ခိုက်ရန်။

(၅) တိုင်းအမှတ်-၅။ ။ တိုင်းအမှတ် ၅ စစ်ကြောင်းကို ဗိုလ်ကြီးတင်ထွန်း ဦးစီး၍ တနင်္သာရီတိုင်း ထားဝယ် စစ်ကြောင်းသို့ ချီတက်ရန်။

(၆) တိုင်းအမှတ်-၆။ ။တိုင်းအမှတ် ၆ စစ် ကြောင်းကို ဗိုလ်မှူး ရဲထွဋ် ဦးစီး၍ ရထား လမ်းတလျှောက် ပျဉ်းမနား။ မိတ္ထီလာ စစ် ကြောင်းသို့ ချီတက်ရန်။

(ရ) တိုင်းအမှတ်-ရ။ ။ တိုင်းအမှတ် ရ စစ်ကြောင်းကို ဗိုလ်မှူးအောင် ဦးစီး၍ သရက်မှ သည် မင်းဘူးစစ်ကြောင်းတိုင်အောင် တာဝန်ခံ အုပ်ချုပ် တိုက်ခိုက်ရန်။ စစ်သေနာပတိချုပ်က ရှေ့တန်း စစ်ဌာနာချုပ်နှင့် အတူ မင်းတုန်း ဘက်သို့ လိုက်ပါ ချီတက်တိုက်ခိုက်မည်။ တပ်မတော် တစ်ခုလုံးကို အထူး ဆက်သာများ စေလွတ် အုပ်ချုပ်ကာ စစ်ဆင်ရေး ကိစ္စ အဝဝကို စီစဉ်မည်။

ဤအစီအစဉ်အတိုင်း ခရစ် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ကို စတင် တော်လှန်ကြကုန်သည်။ ထိုတော်လှန်ရေးကြီးအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့် လဲသွားကြရှာသူများလည်း အမြောက်အမြားပင် ရှိခဲ့ကြ၏။ ခြေ၊ လက်၊ မျက်စိ စသည်တို့ကို စွန့်လွတ်ပေးလှူခဲ့ကြသူများလည်း အမြောက်အမြားပင် ရှိခဲ့ကြ ၏။ သေကံမရောက် သက်မပျောက်သဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် ဆက်လက်ထမ်းဆောင်ခွင့် ရရှိနေကြ သူများလည်း အမြောက်အမြားပင် ရှိနေကြ၏။

သို့နှင့် တော်လှန်ရေး စချိန်မှအစပြု၍ ပြည်သူ့ တပ်မတော်ခေါ် ဘီ၊အင်၊အေ ဟု အမည်ပြောင်းလိုက်သော ဗမာ့ အောင်တပ်မတောကြီး၏ အံ့မခန်းနိုင်လောက်သော စွမ်းရည် သတ္တိကြောင့်လည်းကောင်း၊ ရဟန်း သံဃာတော်မြတ်များမှ အစ ကလေးအရွယ် လူမမယ်များအထိ ပျို အို ကျား မ မရွေး မြန်မာလူထု တရပ်လုံး၏ မေ့မရနိုင် လောက်အောင် အုံကြွ ပူးပေါင်း ဆောင်ရွက်ချက်ကြောင့် လည်းကောင်း ဖက်ဆစ် ဂျပန်များသည် အပြေးအလွှားပင် ဆုတ်ခွာခုခံရင်း ပျက်သုန်းကြရရှာကုန်သည်။ ထိုကြောင့်ပင်လျှင်လည်း တော်လှန်ရေး စ၍ တလသာသာ ဖြစ်သော ခရစ် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ဗိုလ်မှူးကြီးနေဝင်း ခေါင်းဆောင်သော ဗမာ့တပ်ဖွဲ့ကြီးသည် မဟာမိတ်များ မရောက်နိုင်မီပင် ရန်ကုန်မြို့တော်ကြီးကို ဝင်ရောက်သိမ်းပိုက်လိုက်ကာ မြန်မာ့အောင်လံကို စိုက်ထူ နိုင်ခဲ့သည်။ မဟာမိတ် တပ်ဦးကား ထိုလ ၃ ရက်နေ့ကျမှ ဝင်ရောက်နိုင်ရှာသည်။

ဖက်ဆစ် ဂျပန်ကို တော်လှန်လိုက်ပြီးသည့်နောက် ပြည်သူ့တပ်မတော် ခေါ် ဘီ၊ အင်၊ အေသည် မျိုးချစ် ဗမာ့တပ်မတော် ခေါ် ပီ၊ ဘီ၊ အက်(ဖ)ဟူသော အမည်ကို ခံယူလိုက်လေသည်။ ထိုမျိုးချစ် ဗမာ့တပ်မတော်၏ ရှေ့ရေးနှင့် စပ်လျဉ်း၍သော် အာရှ အရှေ့တောင်ပိုင်းရှိ မဟာမိတ်တပ်များ၏ သေနာပတိချုပ် ဗိုလ်ချုပ်ကြီးလော့ လူဝီမောင့်ဗက်တင်၏ ဖိတ်မန္တက ပြုချက်အရ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထိုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် သီဟိုဠ်ကျွန်း ကန္ဒီမြို့၌ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ကာ တင်းတင်းမာမာပင် အရေးဆိုခဲ့သည်။ ထိုကြောင့်လည်း တပ်မတော်ကြီး တိုးချဲ့ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ အခွင့်အရေးများရရှိခဲ့၏။ သို့နှင့် ရှေးဦးစွာ ထိုနှစ်အောက်တိုဘာလအတွင်း မျိုးချစ်ဗမာ့ တပ်မတော်မှ အရာရှိ၊အကြပ် တပ်သားများကို ခွင့်သုံးလ ပေးလိုက်သည်။ နောက်သုံးလစေ့၍ ခရစ် ၁၉၄၆ ခုနှစ် ဇန္နဝါရီလသို့ ရောက်သောအခါတွင်မူ မျိုးချစ် ဗမာ့ တပ်မတော်ကြီးဟူသော အမည်ကို ဖျက်သိမ်း၍ မျိုးချစ် တပ်မတော်မှ အရာရှိ၊ အကြပ်၊ တပ်သားများနှင့်ပင် သေနတ်ကိုင် တပ်ရင်း ၃၊ ၄ နှင့် ၅ တို့ကို ဖွဲ့စည်း ဖွင့်လှစ်လိုက်လေသည်။

သို့နှင့် ခရစ် ၁၉၄၇ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေဦးတင်ထွဋ်မြို့မ-ဦးသန်းကြွယ်သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင် ခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ထိုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် လက်ယာ-ဖရီးမင်း စာချုပ်ကို ချုပ်ဆိုသည်။ ထိုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် နု-အက်တလီ စာချုပ်ကို ချုပ်ဆိုသည်။ နောက်နှစ်ဖြစ်သော ခရစ် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံတော်သည် အချုပ်အချာ အာဏာပိုင် သမ္မတနိုင်ငံတော် အဖြစ်သို့ ရောက်ရှိခဲ့သည်။ (အောင်ဆန်း-အက်တလီ စာချုပ်။ လက်ယာ-ဖရီးမင်း စာချုပ်။

ဤသို့လျှင် ခရစ် ၁၈၈၆ ခုနှစ် နှစ်ဦးမှ အစ၊ စတင် တော်လှန်ခဲ့ကြသော တော်လှန်ရေး သမိုင်းသည် ခရစ် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ တစ်မျိုးသားလုံးက ရှိသမျှသော ခွန်အား စိတ်ဓာတ် စသည်တို့ကို စုပေါင်း စည်းရုံးကာ တစ်ညီတစ်ညွတ်တည်း တော်လှန်လိုက်ကြခြင်း အားဖြင့် လွတ်လပ်သော မြန်မာနိုင်ငံတော်၏ သမိုင်းအစသို့ ရောက်ရှိလာရ သည်။

ထို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေး တွင် ဗမာ့တပ်မတော်သားများကား ပြည်သူလူထု၏ တပ်ဦးတွင် တခန်းတကဏ္ဍအဖြစ် စွမ်းစွမ်းတမံ ပါဝင်နိုင်ခွင့် ရရှိခဲ့ကြရကား ထိုဗမာ့ တပ်မတော်အတွက် မမေ့အပ်မမေ့ ထိုက်နိုင်လောက်အောင် ထူးကဲမွန်မြတ်သော နေ့ဖြစ်သဖြင့် လည်း ခရစ် ၁၉၅၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ အစပြု၍ တော်လှန်ရေးနေ့ ကို ဗမာ့တပ်မတော်နေ့ ဟူ၍ပင် ဗမာ့တပ်မတော်သားများအဖို့ လေးစားစွာ သတ်မှတ်ခဲ့လေ သည်။ ဦးဘသောင်း တပ်မတော် ( ရေတပ် )။ ။ ၁၉၃၇ ခုနှစ်၌ မြန်မာပြည်နှင့် အိန္ဒိယပြည်ခွဲရေး ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် မြန်မာပြည် ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်ကို ကာကွယ်ရေးမှာ မြန်မာပြည်၏ တာဝန်ဖြစ်လာသည်။ ထိုကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် ဗမာ့အရံ ရေတပ်မတော် တစ်ခု တည်ထောင်ရန် ထိုစဉ်က မြန်မာပြည်ကို အုပ်ချုပ်ခဲ့သော ဗြိတိသျှ အစိုးရက ဆုံးဖြတ်ချက် ချမှတ်ခဲ့ သည်။ သို့သော်လည်း တပ်ဖွဲ့ရန် အာဏာပိုင်ဖြစ်သော ဘုရင်ခံ တွင် ကြည်းတပ်နှင့် လေတပ်ဖွဲ၏ စည်းရန်သာ အခွင့်အာဏာ ရှိ၍ ရေတပ် ဖွဲ့စည်းရန် အခွင့်အာဏာ မရှိသဖြင့် ရေတပ် ဖွဲ့စည်းရန် နှောင့်နှေးခဲ့ရသည်။

၁၉၄ဝ ပြည့်နှစ်တွင် ဖွဲ့စည်းရန်နှင့် ဘဏ္ဍာရေး သုံးစွဲရန်ခွင့်ပြုချက်များ ရရှိခဲ့သဖြင့် ဗမာ့အရံ ရေတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်းချိန်တွင် ခွင့်ပြုအင်အားမှာ အရာရှိ ၁၃၈ ယောက်နှင့် စစ်သည် ၁ဝဝဝ ဖြစ်သည်။ စတင် ဖွဲ့စည်းချိန်၌ စုဆောင်းရရှိသော အင်အားတွင် မြန်မာများ၊ မြန်မာအင်္ဂလိပ် ကပြားများနှင့် ကရင်အမျိုးသားများ အများစု အဖြစ် ပါဝင်သော်လည်း စုပေါင်း စိစစ်ပါက ဘာသာရှစ်မျိုး ကိုးကွယ်သော တိုင်းရင်းသားလူမျိုးများ ၁၂ မျိုး ပါဝင်ခဲ့ ကြောင်း သိရှိခဲ့ရသည်။

ဗမာ့အရံရေတပ်မတော် စတင်ဖွဲ့စည်းချိန်တွင် ရန်ကုန်မြို့၌ ပထမဆုံး ဆောက်လုပ်လျက်ရှိသော တိုက်ရေယာဉ်အမှတ် ၁၁ဝ၄ နှင့် နောက်ထပ်မံဆောက်လုပ်သော တိုက်ရေယာဉ် အမှတ် ၁၁ဝဝ၊ ၁၁ဝ၂၊ ၁၁ဝ၃ တို့မှာ ပြီးစီးခြင်း မရှိသေးသဖြင့် ဆွဲသင်းဘော ဆိုးမကြီး နှင့် အခြားအစိုးရ မော်တော်ရေယာဉ် သုံးစင်းကို လက်နက်တပ်ဆင်ပြီးလျှင် တိုက်ရေယာဉ် အဖြစ် အသုံးပြုခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည်တွင် ဗမာ့အရံရေတပ်မတော်သည် ဆောက်လုပ်ပြီးဖြစ်သော တိုက်ရေယာဉ် အမှတ် ၁၁ဝ၄၊ ၁၁ဝဝ၊ ၁၁ဝ၂ နှင့် ၁၁ဝ၃ တို့အပြင် အခြားအစိုးရ ရေယာဉ်များဖြင့် တနင်္သာရီ ကမ်းရိုးတန်းစစ်ဆင်ရေး တွင် ပါဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဆုတ်ခွာပြီးလျှင်၊ ၁၉၄၂ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ဆုတ်ခွာရသည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လတွင် ဗမာ့အရံ ရေတပ်မတော် ဌာနချုပ်ကို ကာလကတ္တားမြို့မှ ပင်ဒါပင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုအတွင်း ဂျပန်များ မြန်မာပြည်ကို သိမ်းယူပြီးနောက်၊ ၁၉၄၃ ခုနှစ်ခန့်တွင် ဗမာ့အရံ ရေတပ်မတော်မှ မြန်မာ ပြည်တွင် ကျန်ခဲ့သူများနှင့် မျိုးချစ်လူငယ်များ စုပေါင်း၍ ဧရာဝတီ ကုမ္ပဏီမှ ကျန်ခဲ့သော သဘေသ္မာငယ်ငါးစင်းဖြင့် ဗမာ့ လွတ်လပ်ရေး ရေတပ်မတော် ဖွဲ့စည်းကာ ဧရာဝတီ မြစ်ဝကျွန်းပေါ် တစ်လျှောက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်နှင့် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ဤအပိုင်းကာ မထင်မရှား ဆောင်ရွက်ခဲ့သော အပိုင်းဖြစ်သည်။

အိန္ဒိယပြည်သို့ ဆုတ်ခွာသွားရသော ဗမာ့အရံ ရေတပ်မတော်သည် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရာတွင် တိုက်ပွဲပေါင်း မြောက်မြားစွာ၌ ပါဝင်ခဲ့ပြီးလျှင် ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်တွေ မြို့ကို သိမ်းပိုက်ရာ၌ ပါဝင်ခဲ့သည်။ မြန်မာပြည်ကို မဟာမိတ်များ ပြန်လည်သိမ်းပိုက်ပြီးနောက် ဗမာ့အရံ ရေတပ်မတော် ဌာနချုပ်ကို ရန်ကုန်မြို့သို့ ပြန်လည်ရွှေ့ပြောင်း ဖွင့်လှစ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗြိတိသျှ အစိုးရက မြန်မာအစိုးရသို့ အာဏာလွှဲပြောင်းပေးအပ်ပြီးလျှင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရပြီးသည့်နေ့မှစ၍ ဗမာ့ရေတပ်မတော် ဟူသော အမည် ဖြင့် လွတ်လပ်သော တိုင်းပြည်၏ တပ်မတော် တစ်ရပ်အဖြစ် တည်ရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဗမာ့ရေတပ်မတော်၊ ဗမာ့တပ်မတော်၊ မြန်မာ့လေတပ်မတော်ဟူသော တပ်မတော် သုံးရပ် ပူးပေါင်းရေးမူအရ တပ်မတော် ( ရေတပ် ) ဟု အမည်ပြောင်းလဲခဲ့သည်။

တပ်မတော် (လေတပ်) ။ ။ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့၍ အင်္ဂလိပ် စစ်တပ်များသည် ဒန်းကတ် စစ်မြေပြင်မှ ဆုတ်ခွာခဲ့ရသည့် အချိန်တွင် အင်္ဂလိပ် အစိုးရသည် ကမ္ဘာ အရပ်ရပ်တွင် နေထိုင်လျက် ရှိကြသော အင်္ဂလိပ် လူမျိုးများအား ကြည်း ရေ လေတပ်များတွင် ဝင်ရောက်လေ့ကျင့် အမှုထမ်းကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ ထိုအချိန်က မြန်မာ ပြည်သည် အင်္ဂလိပ် လက်အောက်ခံ ကိုလိုနီ တိုင်းပြည် ဖြစ်ခဲ့သည့် အလျောက်၊ မြန်မာပြည်ကို အုပ်ချုပ်လျက် ရှိသော အင်္ဂလိပ် ဘုရင်ခံသည် အဆိုပါ ညွှန်ကြားချက်အရ မြန်မာ ပြည်တွင် နေထိုင်လျက် ရှိကြသော အင်္ဂလိပ်လူမျိုး အများ အပြားကို အရာရှိများအဖြစ် ခန့်အပ်ပြီးလျှင် စစ်တပ်များတွင် အမှုထမ်းစေခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေတပ်နှင့် လေတပ်များ မရှိသေးသဖြင့် ကြည်းတပ်များ၌သာ အမှုထမ်းစေခဲ့သည်။

ထို့နောက် အင်္ဂလိပ် ဘုရင်ခံသည် ရေတပ်နှင့် လေတပ်များ စတင် တည်ထောင်ရန်နှင့် အင်္ဂလိပ် လူမျိုး မဟုတ်သူများကို ရေတပ်၊ လေတပ်များတွင် ဝင်ရောက် အမှုထမ်းခွင့်ပြုရန် စီစဉ်ဆောင်ရွက်ခဲ့ရာ၊ ၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာပြည် အပျော်တမ်း လေကြောင်းတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာခဲ့လေ သည်။ များမကြာမီ ယင်းတပ်ဖွဲ့ကို မြန်မာပြည် အပျော်တမ်း လေတပ်ဟု အမည်ပြောင်းခဲ့သည်။ အထက်ဖော်ပြပါ မြန်မာပြည် အပျော်တမ်း လေတပ်မှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းအရ အင်္ဂလိပ် ဘုရင်ခံ၏ အစီအစဉ်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်မှ အင်္ဂလိပ်များ ဆုတ်ခွာသွားကြသောအခါ ယင်းတပ်သည် အိန္ဒိယပြည်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် အနာဂတ် အမျိုးသား လေတပ်မတော် ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် အထူးလေ့လာ ကြိုးစားအားထုတ် စီမံ ဆောင်ရွက်ခဲ့သည်တွင် ယခင် အပျော်တမ်း လေတပ် အမှုထမ်းများနှင့် ဗမာ့တပ်မတော် ဂျပန်နိုင်ငံ လေတပ် ပညာတော်သင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြီးလျှင် တာဝန်ပေးအပ်ခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လေတပ်ဖွဲ့စည်းပုံ မူဝါဒများကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ထံ တင်ပြခဲ့ကြသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် (အင်္ဂလန်ပြည် ရောက်ရှိနေစဉ်အတွင်း) ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံပြီးလျှင် မြန်မာ့တပ်မတော်အား အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ရာ လေတပ်အဆင့် လေးဆင့် ခွဲခြားပြီးသော် လေးနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် မြန်မာ့ အပျော်တမ်း လေတပ်ဖွဲ့စည်းရန် အမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးလျှင် ယင်းအမိန့်အရ မြန်မာအပျော်တမ်း လေတပ်ကို စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင် ကီးမားမှု၊ စိတ်ဆန္ဒ ပြင်းပြမှုများဖြင့် ယနေ့ တပ်မတော် (လေတပ်) အဖြစ် ထွန်းပေါက်ဖြစ်ပေါ်လာမည့် အမြုတေ အခြေခံ လေတပ် အဖွဲ့အစည်းကို မွေးထုတ်ခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အဆိုပါ မြန်မာ့ အပျော်တမ်း လေတပ်ကို အမြဲတမ်း လေတပ်အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းရန် အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကာကွယ်ရေး စီမံကိန်းများအရ ၁၉၄၇ ခုနှစ် ဧပြီလတွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ တပ်မတော် (လေတပ်) အဖြစ် တည်ရှိနေပေသည်။

[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)