မုန်းချောင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင် (ခေါ်) ခေါနုသုမ် (ခေါ်) နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။


မဲဇလီရွာမှ ဧရာဝတီမြစ်နှင့် ဆုံရာအထိ အတည့်တိုင်းလျှင် မိုင် ၃ဝ ကျော် ရှိ သည်။ မြစ်ရိုးတစ်လျှောက်မှ တိုင်းလျှင် မူကားနှစ်ဆမျှရှိပေမည် ။ မုန်းချောင်းကမ်းဘေးမှာထက် မြို့ရွာများ ပိုမို တည်ရှိသည်။ မုန်းချောင်းဘေးတွင် မဲဇလီအောက်ဖက်မှစ၍ ရွာပေါင်း ၁ဝဝကျော်ရှိ၍ မြစ်ချောင်း၏ တစ်ဖက်တစ်ချက် အမျှပင် တည်ရှိသည်။ သို့ရာတွင် ပြောပလောက်သည်တို့ကား စေတုတ္တရာပွင့်ဖြူစသည်တို့သာလျှင်ဖြစ်၏။ မဲဇလီရွာအထက် ၄၅ မိုင်အထိ လှေများ တစ်နှစ်ပတ်လုံး ကူးလူးသွားလာနိုင်သည်။ မိုးအခါတွင် လှေများဖြင့်သာ ဖြတ်ကူးနိုင်သော်လည်း နွေအခါ၌ အချို့နေရာများတွင် ကျောက်ဆောင်များကို ကျော်ဖြတ်၍ ကူးသန်းနိုင်သည်။ မုန်းချောင်း မြစ်ဝှမ်းရှိ မြေသည် မန်းချောင်း မြစ်ဝှမ်းမှာထက် ပို၍ ပွသည်။ ဆည်မြောင်းများ ဖောက်လုပ်၍ ရေသွယ်မည်ဆိုပါက မန်းချောင်းမှာကဲ့သို့ပင် တောင်ခြေ တစ်လျှောက်မှသည် ဧရာဝတီမြစ်ဝှမ်းအထိ စိုက်ပျိုးနိုင်သည်။ မဲဇလီ အောက်ဖက်ဆီတွင် မုန်းချောင်းမြစ်ဝှမ်းသည် ၁ မိုင်မျှ ကျယ်ဝန်းသည်။ ထိုမှအောက်ဖက် ၁၈ မိုင် အကွာ ကျွဲတဲသို့ရောက်လျှင် ၆ မိုင်ရှိ၍ ထိုမှလွန်ပြန် သော် အလျား ၁၃ မိုင် အနံ ၇ မိုင်ခန့်ရှိသော မြေပြန့်ရှိ၏။ မြေလည်းကောင်းမွန် သည်။


မဲဇလီရွာ အထက် မြောက်ဖက်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးမြောင်း တစ်ခု တူးဖောက်ခဲ့သည့် အထောက်အထားများ တွေ့ရသည်။ အခြား တူးမြောင်းတစ်ခုမှာ မဲဇလီ၏ အောက်ဖက် ၁ဝ မိုင်ခန့် အကွာ တောင်ဖက်ကမ်းမှ ပြည်လုံးကျော်၏ အနောက်ယွန်းယွန်းတွင် ရှိခဲ့သည်။ အချို့နေရာများတွင် မုန်းမြစ်ကြောင်း ပြောင်းသည့် လက္ခဏာများ ရှိသည်။ ၁၉ဝ၈ ခုနှစ်ခန့်က မုန်းမြစ်ဝနှင့် ၃၄ မိုင်ကွာဝေးသော မဲဇလီရွာတွင် ရေလွှဲဆည်ကို စတင် ပြုလုပ်၍ ယခုအခါ မုန်းတူးမြေင်းစုဖြင့် ရေသွယ်ကာ လယ်ယာစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ မုန်းတူးမြောင်းစုသည်ကား မင်းဘူးခရိုင်ရှိ တူးမြောင်းစု ၃ စု အနက် အလယ်တူးမြောင်းစု ဖြစ်၏။ အခြား တူးမြောင်း ၂စုမှာ ကား စလင်းတူးမြောင်းစုနှင့် မန်း တူးမြောင်းစုတို့ ဖြစ်သည်။ မုန်းတူးမြောင်းကို အမှီပြုလျက်ရှိသည့် ရေသောက်မြေ ဧကပေါင်း မှာ ၇၉,၁၄ဝ ဖြစ်လေသည်။[၁]


အမည်တွင်လာပုံ[ပြင်ဆင်ရန်]

မုန်းချောင်းကို ဒေသခံ ချင်းပုံချင်းမရင်းချင်း နှင့် လုံပေါချင်း လူမျိုးများ၏ ချင်းဘာစကားအရ ဟောလုံ ဟု ခေါ်ဆိုပါသည်။


မုန်းချောင်းတစ်လျှောက်ရှိ ဆည်တမံများ[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မုန်းချောင်းရေလှောင်တမံ (တမံပေါ်မှ)
မုန်းချောင်းရေလှောင်တမံမှ ရေပြင်ကြီး။ ရွာပေါင်း ၁၂ရွာ ရေမြုပ်၍ နေရာပြောင်းရွှေ့ပေးခဲ့ရသည်။
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မုန်းချောင်းရေလှောင်တမံ (ကောင်းကင်မှ)

ချောင်းဖျားမှ ချောင်းဆုံးအထိအစဉ်အလိုက်-

  1. အထက်ဗူးဆည် (စေတုတ္တရာမြို့နယ်၊ သူကောင်းကျင်းကျေးရွာအနီး၊ စီမံကိန်းကာလ)
  2. ဗူးဆည် (စေတုတ္တရာမြို့နယ်၊ ဗူးကျေးရွာအနီး၊စီမံကိန်းကာလ)
  3. မုန်းတမံ (စေတုတ္တရာမြို့နယ်၊ အောက်ပုံကျေးရွာအနီး၊ ဖွင့်လှစ်ပြီး။ လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်)
  4. ကြီးအုံကြီးဝဆည် (ပွင့်ဖြုမြို့နယ်၊ လယ္မကျေးရွာအနီး၊ ဖွင့်လှစ်ပြီး။ လျှပ်စစ်ဓာတ်အား ၇၄ မဂ္ဂါဝပ်)
  5. မဲဇလီဆည် (ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီး၊ ကိုလိုနီခေတ်။ လျှပ်စစ်ဓာတ်အားမထုတ်လုပ်ပါ။)

မုန်းချောင်း(မြစ်)အတွင်းသို့ စီးဝင်သောချောင်းလက်တက်များ[ပြင်ဆင်ရန်]

ချောင်းဖျားမှချောင်းဆုံးအထိအစဉ်အတိုင်း

  1. ခွက်ချောင်း (အနောက်ဘက်မှ)
  2. ဒွေးချောင်း(အနောက်ဘက်မှ)
  3. ပန်းအိချောင်း(အရှေ့ဘက်မှ)
  4. ချီချောင်း(အနောက်ဘက်မှ)
  5. အင်ကြင်းချောင်း(အနောက်ဘက်မှ)
  6. အောင်းချောင်း(အနောက်ဘက်မှ)
  7. ပလောင်းချောင်း(အနောက်ဘက်မှ)
  8. ထီးချောင်း(အရှေ့ဘက်မှ)
  9. ဆီမီးချောင်း(အနောက်ဘက်မှ)
  10. ပဇောချောင်း(အရှေ့ဘက်မှ)
  11. ကြီးချောင်း(အနောက်ဘက်မှ)


ရေဝေမြေမျက်နှာသွင်ပြင်အနေအထား[ပြင်ဆင်ရန်]

စတင်စီးဆင်းရာချောင်းဖျားသည် ချင်းပြည်နယ်ချင်းတောင်တန်း ကန်ပက်လက်မြို့နယ် ရှိ ဝိတိုရိယတောင် (ခေါ်) နတ်မတောင် (ခေါ်) ခေါနုသုမ် တွင် ချောင်းဖျားခံသည်။ ချောင်းလက်တက်ငယ်များ မြောက်မြားစွာရှိနေသောကြောင့် ကိုလိုနီခေတ်က မုန်းချောင်းကို မုန်းမြစ်ဟုသုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ချင်းတွင်းမြစ်နှင့် မူးမြစ်ပြီးလျှင် ဧရာဝတီမြစ်အတွင်းသို့ အနောက်ဘက်ခြမ်းမှ စီးဝင်သော မြစ်လက်တက် ချောင်းလက်တက်များထဲတွင် တတိယမြောက် အကြီးဆုံးနှင့် ရေစီးအားအများဆုံးဖြစ်သည်။ ချောင်း၏အနောက်ဘက်ခြမ်းသည် ရခိုင်ရိုးမ တောင်တန်းများဖြစ်ပြီး မိုးကောင်းစွာရကာ တစ်နှစ်ပတ်လုံး ရေရှင်သော ချောင်းလက်တက်ငယ်များ အများအပြားရှိကြသည်။ ဒွေးချောင်း၊ ချီချောင်း၊ အောင်းချောင်း၊ ဆီမီးချောင်း နှင့် ကြီးချောင်းတို့မှာ တစ်နှစ်ပတ်လုံးရေစီးသော ထင်ရှားသော ရေရှင်ချောင်းကြီးများဖြစ်ကာ ၎င်းချောင်းငယ်များ ဘေးတွင် မှီတင်းနေထိုင်ကြသော ဒေသခံ ချင်း နှင့် ဗမာ တိုင်းရင်းသားတို့သည် သီးနှံတစ်ရာသီခံသော ကိုယ်ထူကိုယ်ထ သစ်ဝါးဆည်များပြုလုပ်ကြကာ ရေသွင်း၍ စပါးစိုက်ပျိုးကြသည်။ သို့သော်လည်း မြေပြန့် ဧရိယာ အနည်းငယ်သာရှိသဖြင့် လယ်စိုက်ဧကနည်းပါးသည်။ ချောင်း၏အရှေ့ဘက်ခြမ်းသည် ပုံတောင်ပုံညာတောင်တန်း၏အဆက်ဖြစ်သော မြင်းညောင်းတောင်တန်း နှင့် နွားမတောင်တန်းကြီးများ ရှိနေပြီး မြေပြန့်ဒေသနှင့် ပိုမိုနီးကပ်သဖြင့် မိုးရေရရှိမှု နည်းပါးသော်လည်း နွေရာသီမျှသာ ရေခန်းခြောက်သည့် ချောင်းလက်တက်များ ရှိကြသည်။ ပန်းအိချောင်း၊ ထီးချောင်း နှင့် ပဇောချောင်းတို့မှာ ထင်ရှားကြပြီး အနောက်ဘက်ခြမ်းရှိချောင်းများကဲ့သို့ ရေစီးအားမများပြားလှပေ။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ရာသီမပြတ်ရေစီးပမာဏ အားကောင်းသောကြောင့် ဒေသတွင်း တစ်ရွာနှင့်တစ်ရွာ သွားလာကြရာတွင် ဒေသတွင်းလက်ဖြစ် သစ်လုံးထွင်းလှေများကို အသုံးပြု၍ လှော်တက် ထိုးဝါးများဖြင့် လှော်ခတ်ကာ ထက်အောက်စုန်ဆန်သွားလာကြသည်။ လှေငယ်ကလေးများသာဖြစ်၍ အထက်ဖျားတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ လဲပုံရွာ အထိ သွားလာနိုင်ကြသည်။ မုန်းချောင်းအောက်ပိုင်း ပွင့်ဖြူမြို့နယ်တွင်မူ အင်ဂျင်စက်တပ်လှေများဖြင့် သွားလာကြသည်။ မုန်းချောင်းဒေသသည် သစ်ဝါးအထူးထွက်သော ဒေသဖြစ်သည်နှင့်အညီ သစ်ဖောင်ငယ်များ နှင့် ဝါးဖောင်များ မျှောရာတွင်လည်း မုန်းချောင်းကို အသုံးပြုကြသည်။


စိုက်ပျိုးရေးအတွက်အသုံးပြုပုံ[ပြင်ဆင်ရန်]

မုန်းချောင်းတစ်ဘက်တစ်ချက်စီတွင် အနည်းငယ်ပြန့်ပြူးသောမြေအနေအထား ဧရိယာ အနည်းငယ်ရှိသဖြင့် မုန်းချောင်းမှရေကို တစ်ဘက်ပိတ်ဆည်များတည်ဆောက်သွယ်ယူလျှက် ဆန်စပါးကို အဓိက စိုက်ပျိုးကြသည်။ ၎င်းဆည်များသည် ဒေသခံလယ်သမား၏ တစ်နှစ်တစ်ကြိမ် တည်ဆောက်ရသော တစ်ရာသီခံ ယာယီ သစ်ဝါးဆည်များသာ ဖြစ်ကြပြီး မိုးတွင်းကာ ရေကြီးသောအခါ တိုက်စား ဖြိုဖျက်ခြင်း ခံရသည်။ သို့ဖြစ်၍ တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ်အမြဲ ပြန်လည်ဆောက်ရသော ဆည်အမျိုးအစားများဖြစ်ကြသည်။ ထင်ရှားသော ကိုယ်ထူကိုယ်ထ သစ်ဝါးဆည်များမှာ

  1. တပွင်ဆည်
  2. ဗူးဆည်
  3. ပွင့်တောက်ဆည်
  4. လုံးပေါဆည်
  5. အောက်ပုံဆည်

တို့ဖြစ်ကြသည်။ သို့ရာတွင် ယခုအခါ အစိုးရဆည်စီမံကိန်းများ တည်ဆောက်နေပြီး တည်ဆောက်ပြီးစီးပါက ရိုးရာအစဉ်အလာအရ တည်ဆောက်လာကြသော ယာယီ သစ်ဝါးဆည်များမှာ ပပျောက်သွားဖွယ်ရှိသည်။


မုန်းချောင်းဘေးရှိ ထင်ရှားသောမြို့ရွာများ[ပြင်ဆင်ရန်]

  1. သူကောင်းကျင်း
  2. မင်းဒင်ကျင်း
  3. ခွက်ချောင်း
  4. လုံးကြီး
  5. အပေါ
  6. တန့်လည်ကျင်း
  7. အကျီ
  8. တပွင်
  9. ဒွေးကုန်း
  10. ဒွေးကျင်း
  11. ဗူးရွာ
  12. အထက်လယ်
  13. ပွင့်တောက်
  14. ချီရွာ
  15. ကုန်းတရား
  16. အောင်းရွာ
  17. အလယ်ပုံ
  18. ပုံဆိပ်
  19. အောက်ပုံ
  20. သရန်ကိုင်း
  21. ခြင်ပြစ်ကိုင်း
  22. လုံးပေါ
  23. စေတုတ္တရာမြို့
  24. မြေနီကုန်း
  25. ညောင်အိုင်
  26. တောင်မြေနီ
  27. ငါးမ
  28. သံဆယ်
  29. ကြီးအုံ
  30. ကြီးဝ
  31. ကျောက်ပုံ
  32. ခဲပြစ်
  33. ဝန်လို
  34. ခိုနန်း
  35. မုံညင်း
  36. မအူပင်ရွာ
  37. မဲဇလီ
  38. ရှောက်တော
  39. လယ်ကိုင်း
  40. ကျောင်းတော်ရာ
  41. ပွင့်ဖြူမြို့

ချောင်းကူးတံတားများ[ပြင်ဆင်ရန်]

ချောင်းကူးတံတားကြီး ၂စင်းသာ ရှိသည်။

  1. စေတုတ္တရာမြို့နှင့် ညောင်အိုင်ရွာကြား စလင်း-စေတုတ္တရာ ကားလမ်းပေါ်ရှိ ညောင်အိုင်တံတား
  2. ပွင့်ဖြူမြို့နှင့် ရှောက်တောရွာကြား မင်းဘူး-စလင်း ကားလမ်းပေါ်ရှိ မုန်းချောင်းတံတား


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)