စူဠသုဝဇာတ်

ဝီကီပီးဒီးယား မှ

နဝကနိပါတ် - (၄၃၀) - စူဠသုဝရာဇဇာတ် [ မဟာသုဝဇာတ်နှင့် မထူးပြီ။ ]

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

လောဘနည်းဖွယ် ရောင့်ရဲလွယ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားဘင်၌ “ငါ့ရှင်တို့ … မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည်၌ ဝါဆိုတော်မူစဉ် မာရ်နတ်မင်း လှည့်ဖြားခြင်းကြောင့် ဆွမ်းမရလတ်သော် ဝါတွင်းသုံးလပတ်လုံး မြင်းကုန်သည်တို့ လှူဒါန်းသော တစ်ကွမ်းစားမျှသော မုယောဆွမ်းဖြင့် မျှတတော်မူလျက် အရပ်တစ်ပါးသို့ ကြွတော်မမူ၊ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်းသည် အံ့ဖွယ်ရှိပေစွ” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ယခုအခါ ငါဘုရား၏ အလိုနည်းခြင်း, ရောင့်ရဲခြင်းသည် အံ့ဖွယ်မရှိသေး၊ ရှေးအခါ တိရစ္ဆာန်ဖြစ်လျက် အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်းသည် ဖြစ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

[အတိတ်ဝတ္ထု အလုံးစုံသည် ဆိုခဲ့ပြီးသော မဟာသုဝဇာတ်နှင့် တူပြီ၊ စကားအသုံးအနှုန်း ထူးနိုးရာ ဂါထာစကားအဓိပ္ပါယ်မျှသာ ပြမည်။ အဓိပ္ပါယ်ကား မထူးပြီ။ ]

သူတော်ကျင့်မြတ် မခွဲခွာအပ်[ပြင်ဆင်ရန်]

“အို-ကျေးမင်း … အရွက်အခက် စိမ်းညို၍ အသီးများစွာ ရှိကုန်လျက် မြေတောင်၌ ပေါက်ရောက်သော သစ်ပင်များစွာတို့သည် ရှိကုန်၏၊ လေတိုက်သည်ရှိသော် တူရိယာသံကဲ့သို့ မြည်နေသော ရေသဖန်းပင်၌ အသင်ကျေးမင်း၏စိတ်သည် အဘယ်ကြောင့် အမြဲမွေ့လျော်စွာ နေဘိသနည်း”။

“အို-ဟင်္သာမင်း … မရေအတွက်နိုင် နှစ်ပေါင်းများစွာ ကာလပတ်လုံး ငါတို့သည် ထိုရေသဖန်းပင်၏အသီးကို စားကြရကုန်ပြီ၊ အသီးမရှိသည်ကို သိ၍ လည်း ရှေးအခါ၌ ကဲ့သို့ ချစ်မြတ်နိုးပါကုန်၏”။

ကျိုးနှစ်ပါးမသိက စွန့်ခွာကြ[ပြင်ဆင်ရန်]

“အို-ကျေးမင်း … ခြောက်သွေ့လျက် လေတိုက်သည်ရှိသော် တူရိယာသံကဲ့သို့ မြည်ကာ အရွက် အညွန့် မရှိ အသီးမရှိ မြေ၌ ပေါက်ရောက်သော ရေသဖန်းပင်ကို ငှက်တို့သည် စွန့်လွှတ်၍ သွားကြကုန်၏၊ ကျေးမင်း … သင်သည် သွားခြင်း၌ အဘယ်အပြစ်ကို မြင်သနည်း” –

“အို-ဟင်္သာမင်း … အသီး ဟူသော အကြောင့်ကြောင့် ထိုရေသဖန်းပင်ကို ဆည်းကပ်ကုန်သော ငှက်တို့သည် အသီးမရှိသည်ကို သိလတ်သော် ထိုငှက်တို့သည် စွန့်လွှတ်၍ သွားကြကုန်၏၊ ထိုငှက်တို့ကား မိမိအကျိုးငှာ ပညာရှိကုန်သော်လည်း သူတစ်ပါးအကျိုးငှာ ပညာမရှိကုန်၊ မိမိအကျိုးသာ လိုလားကုန်၏”။

ကျေးမင်းကျင့်ကို လွန်ကြည်ညို[ပြင်ဆင်ရန်]

“အို-ကျေးမင်း … အဆွေခင်ပွန်း၌ ဖြစ်သော ချစ်ခြင်းသည် ကောင်း၏၊ အဆွေခင်ပွန်းဖြစ်ခြင်း ပေါင်းဖော်ခြင်းသည် ကောင်း၏၊ သင်သည် ထိုတရားသဘောကို အကယ်၍ နှစ်သက်သည်ဖြစ်အံ့၊ ပညာရှိတို့ ချီးမွမ်းကြကုန်၏” ။

“အတောင်ယာဉ်ရှိ၍ ကောင်းကင်ဖြင့် သွားလျက် လည်းပင်းကောက်သော အို-ကျေးမင်း … သင်သည် အမှတ်မရှိသော ဆုကို အကယ်၍ အလိုရှိပါအံ့၊ ငါပေးပါမည်၊ ထိုဆုကို တောင်းပါလော့” ။

မိမိဆန္ဒကို ဆုယူလို[ပြင်ဆင်ရန်]

“အို-ဟင်္သာမင်း … ငါသည် ထိုရေသဖန်းပင်ကြီးကို အရွက် အသီး ရှိသည်ကို အကယ် မြင်ရငြားအံ့၊ ရွှေအိုးရသော သူဆင်းရဲကဲ့သို့ ထိုရေသဖန်းပင်ကို အဖန်ဖန် နှစ်သက်ရာ” –

ထိုနောင်မှ သိကြားမင်းသည် အမြိုက်ရေစင်ကို ယူ၍ ထိုရေသဖန်းပင်ကို သွန်းလောင်း၏။ အကိုင်း အခက်တို့ဖြင့် စည်ပင်သော ထိုရေသဖန်းပင်၏ အေးမြသော အရိပ်သည် နှလုံးမွေ့လျော်ဖွယ် ရှိ၏။

ကျေးမင်း လိုသရွေ့ သိကြားဖြည့်[ပြင်ဆင်ရန်]

“အို-သိကြားမင်း … ယနေ့ ငါသည် အသီးရှိသော ရေသဖန်းပင်ကို မြင်ရ၍ ချမ်းသာသကဲ့သို့ ထို့အတူ သင်သည်လည်း အလုံးစုံသော ဆွေးမျိုးဉာတိနှင့်တကွ ချမ်းသာပါစေ” –

ဟု သိကြားမင်းသည် ကျေးမင်းအားလည်း ဆုကို ပေးပြီး၍ ရေသဖန်းပင်ကို အသီးရှိသည်ကို ပြုပြီး၍ မယားနှင့်တကွ တာဝတိံသာနတ်ပြည် နန္ဒဝန်ဥယျာဉ်သို့ သွားလေ၏။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ချမ်းသာဆင်းရဲ၊ တူမကွဲ၊ နေမြဲခင်ပွန်းမည်။

(၂) သဖန်းငုတ်ကြွင်း၊ မစွန့်လျှင်း၊ ကျေးမင်းနေဖူးပြီ။

(၃) ရောင့်ရဲသည်းခံ၊ ချမ်းသာမှန်၊ ဧကန်ရတော့သည်။

စူဠသုဝဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ