ပဝါရိတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(စတုတ္ထသိက္ခာပုဒ်၊ အာရာမဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ပင့်လည်းပင့်အပ် ဝါရိတ်လည်း သင့်ပြီးပါလျက် ခဲဖွယ် ဘောဇဉ်ကိုစားမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဘိက္ခုနီများကို ပင့်၍ဆွမ်းကပ်ခြင်း[ပြင်ဆင်ရန်]

ဗြဟ္မဏ (ပုဏ္ဏား) တစ်ယောက်သည် ဘိက္ခုနီတို့ကို ထမင်းစားဖိတ်၍ (ဆွမ်းစားကြွပါစသည်ဖြင့် မဖိတ်ဘဲ “ထမင်းစားကြွပါ” စသည်ဖြင့် မလျှောက်အပ်သော ပင့်နည်းဖြင့် ပင့်ဖိတ်၍) ဆွမ်းကျွေး၏၊ ဘိက္ခုနီတို့သည် မျက်နှာစိမ်းအိမ် ဖြစ်၍ ဝအောင်စားနိုင်ကြဟန်မတူ၊ ထို့ကြောင့် ထိုသူကျွေးစဉ်က “တော်ပါပြီ” ဟုဆို၍ ထပ်လိုက်သော ဆွမ်း, ဟင်းများကို တားမြစ်ခဲ့သော်လည်း ဆွမ်းစားပြီး၍ ပြန်ကြသောအခါ ဆွေမျိုးများအိမ်သို့ သွား၍ တချို့ ကထပ်စားကြ တချို့က ကျောင်းကျမှစားဖို့ရန် ဆွမ်းယူ၍သွားကြလေသည်။

ထိုဗြဟ္မဏသည် ဘိက္ခုနီတို့ပြန်သွားသောအခါ အိမ်နီးချင်းတို့ကို “ဘိက္ခုနီများကိုတော့ တင်းတိမ်အားရအောင် ကျွေးပြီးပါပြီ, လာကြပါဦး, မိတ်ဆွေတို့ကိုလဲ အားရအောင် ကျွေးပါဦးမည်” ဟု ဖိတ်ခေါ်လေရာ သူ၏ဖိတ်ခေါ် ပုံ (စကားကြီးကျယ်ပုံ)ကို မခံချင်သူတို့က “ခင်ဗျားက ကျုပ်တို့ကို ဘယ်မှာ တင်းတိမ်အောင် ကျွေးနိုင်မှာလဲ, ခင်ဗျားအိမ်က စားပြီးသော ဘိက္ခုနီ တွေတောင် ကျုပ်တို့အိမ်တွေဆီ လာပြီး တချို့ က စားသွား, တချို့ကဆွမ်းထည့် ယူသွားကြတယ်”ဟု ထိုသူ့စိတ်ကို ဆွပေးကြလေသည်၊ ထိုအခါ စကားကြီး စကားကျယ် ပြောမိသော ထိုဗြဟ္မဏသည် ရှက်လှသဖြင့် ထိုဘိက္ခုနီများ အပေါ် သဒ္ဓါကြည်ညိုစိတ် ကင်း၍ ကဲ့ရဲ့ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ နိမန္တိတာ ဝါ ပဝါရိတာ ဝါ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် မအပ်သော ဖိတ်နည်းဖြင့် ဖိတ်အပ်သည်လည်းဖြစ်-တော်ပြီဟု ပယ်မြစ်ပြီးလည်း ဖြစ်ပါလျက် နောက်ထပ် ခဲဖွယ်ကိုသော်လည်း ခဲအံ့၊ ဘောဇဉ်ကိုသော်လည်း စားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဘိက္ခုပါစိတ်ခန်း၌ ပါသော ပရမ္ပရဘောဇနသိက္ခာပုဒ်, ပဝါရိတသိက္ခာပုဒ်များနှင့် ဤသိက္ခာပုဒ်သည် မတူတတ် ဤသိက္ခာပုဒ်ကား ဘိက္ခုနီတစ်ယောက်ကို မအပ်သော ပင့်နည်းဖြင့် ပင့်၍ ဆွမ်းကျွေးရာဝယ် တော်ပါပြီဟု တားမြစ်ပြီးနောက် ထိုဆွမ်းအလှူရှင်ကို ခွင့်မပန်ဘဲ ဘယ်နည်းနှင့်မျှ နောက်ထပ်မစားရ၊ အလှူရှင်ကို ခွင့်ပန်ပြီးလျှင်ကား ဘိက္ခုပါစိတ်သိက္ခာပုဒ်၌ ရသင့်သော ခြွင်းချက်များအတိုင်း ညီညွတ်လျှင် နောက်ထပ် စားနိုင်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး