စတုတ္ထပါဋိဒေသနီယသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—သာကီဝင်မင်းသ္မီးအများ တောပုန်းတို့က လုယက်ဖျက်ဆီးခံရ။

အမှုသည်—တောကျောင်း ဘုန်းကြီးများ။

သူပုန်ထချိန် တောကျောင်း သွား၍ လှူမှု[ပြင်ဆင်ရန်]

ကပိလဝတ် နေပြည်တော်ဝယ် နိဂြောဓာရုံကျောင်းတိုက်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် သာကီဝင်မင်းတို့၏ ကျွန်တို့ ပုန်ကန်နေခိုက်နှင့် ကြုံကြိုက် နေလေသည်။

သာကီဝင်မင်းသ္မီးတို့သည် တောကျောင်းသို့ ဆွမ်းကပ် သွားလိုကြကုန်၏၊ ထိုအကြောင်းကိုကြား၍ တောကျောင်းလမ်းက ပုန်းအောင်း နေ့နှင့်ကြကုန်သော သူပုန်တို့သည် ဆွမ်းအပို့လာသော သာကီဝင်မင်းသ္မီးများအား ပစ္စည်းကိုလည်းလု, လူကိုလည်း ဖျက်ဆီးကြကုန်၏၊ သာကီဝင်မင်းတို့သည် ခိုးထုပ်နှင့်တကွ ထိုသူပုန်တို့ကို ဖမ်းပြီးလျှင် ရဟန်းတော်တို့အား “သူပုန်တွေရှိကြောင်းကို အသိမပေးကောင်းလား” ဟု အပြစ်တင်ကြကုန်၏။ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [ကျောင်းတိုက်သို့ မလာခင် တင်ကြို၍လျှောက်လျှင် “သူပုန်တွေ ရှိသည်”ဟု ပြောခွင့်ရသောကြောင့် ဤသို့ပညတ်တော်မူခြင်းဖြစ်သည်။ [၁]

ဂိလာနအား ခွင့်ပြုတော်မူခြင်း[ပြင်ဆင်ရန်]

ထိုသို့ ပညတ်တော်မူပြီးနောက် တောကျောင်းရဟန်း တပါးသည် မကျန်းမမာဖြစ်နေစဉ် လူတို့သည် ခဲဘွယ် ဘောဇဉ်ကို ယူ၍ တောကျောင်းသို့ လာကြကုန်၏၊ လူတို့သည် ထိုဂိလာနရဟန်းအား ဆွမ်းလှူကြသောအခါ ထိုရဟန်းသည် (ကျောင်းတိုက်သို့ မရောက်ခင် တင်ကြို၍ မလျှောက်ထားသော ဆွမ်းဖြစ်ရကား) အလှူမခံဘဲ နေကာ ထိုနေ့အဖို့ ဆွမ်းမစားရရှာတော့ချေ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ တောကျောင်း ရဟန်းအား (ဂိလာန ဖြစ်နေလျှင်)တင်ကြို၍ မလျှောက်ထားသော ခဲဘွယ်ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ စားခွင့် ပြုတော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, ယော ပန ဘိက္ခု တထာရူပေသု သေနာသနေသု ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒေယျ ဝါ, ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ ‘‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’တိ။

မြန်မာပြန်[ပြင်ဆင်ရန်]

တောရဖြစ်ကုန်သော သာသင်္ကသပ္ပဋိဘယဖြစ်ကုန်သော ကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘော ရှိကုန်သော ကျောင်းတို့၌ အာရာမ်၏ ဥပစာသို့ မရောက်မီ ရှေးက မသိစေအပ်ဘဲ ခဲဘွယ်ကို ဖြစ်စေ ဘောဇဉ်ကို ဖြစ်စေ အာရာမ် အတွင်း၌ မိမိကိုယ်တိုင် ခံယူ၍ ဂိလာန မဟုတ်ဘဲ ခဲမူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟုဆို၍ သီးခြား ဒေသနာ ပြောရာ၏။

ပါဋိဒေသနီယ အခဏ်းပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး