ခွဲရေးတွဲရေး
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ခွဲရေးတွဲရေးပြဿနာသည် ဗြိတိသျှအစိုးရ၏ နည်းပရိယာယ် ကြွယ်ဝသည့် နိုင်ငံရေးလှည့်ကွက်တစ်ခု ဖြစ်သည်။ ဗြိတိသျှအစိုးရသည် မြန်မာတိုင်းရင်းသားတို့၏ ဆန့်ကျင် တိုက်ခိုက်မှုများကို တိုက်ရိုက်ချိုးနှိမ်ဖျက်စီးခြင်းမပြုပဲ သွယ်ဝိုက်၍ တိုင်းရင်းသားအချင်းချင်း သွေးခွဲဖျက်စီးသည့် နိုင်ငံရေးပရိယာယ်ကို ကျင့်သုံးလေ့ရှိသည်။ ယင်းသို့ကျင့်သုံးခဲ့သည်မှာ ခွဲရေးတွဲရေးကိစ်စတွင် ပထမဆုံးအကြိမ်မဟုတ်ပေ။ ဂျီစီဘီအေအသင်းကြီး၏ဦးဆောင်မှုဖြင့် မြန်မာတိုင်းရင်းသားတို့ ဝံသာနုစိတ်ဓာတ်အမြင့်မား အတက်ကြွဆုံးအချိန်ကလည်း အလားတူနည်းစနစ်ကို ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ဗြိတိသျှအစိုးရသည် ၁၉၂၁ခု၊အောက်တိုဘာလ မန္တလေးမြို့၌ကျင်းပခဲ့သည့် ဂျီစီဘီအေကွန်ဖရင့်ကြီး၏ ဟုမ်မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အမြန်ပေးရမည်ဟူသော တောင်းဆိုချက်ကိုပြောင်ပြောင်ငြင်းဆိုခြင်းမရှိခဲ့ချေ။ မြန်မာတိုင်းရင်းသားများ လိုလားတောင်းဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးအစား ၁၉၂၃ ခု၊ဇန်နဝါရီလ(၂)ရက်နေ့တွင် ဒိုင်အာခီအုပ်ချုပ်ရေးပေးခဲ့သည်။ ဤသို့ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာတိုင်းရင်းသားများအား ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ဖြင့် ဖြားယောင်းသွေးဆောင်ခဲ့သည်။ ဝံသာနုအချင်းချင်း စိတ်ဝမ်းကွဲအောင် ရာထူးကြီးများဖြင့် မျှားကာ ကိုလိုနီစိုးမိုးမှုအဓွန့် ရှည်ရေးအတွက် ကြိုးပမ်းခဲ့သည်။
ဗြိတိသျှအစိုးရမျှော်လင့်ကြိုးပမ်းခဲ့သည့်အတိုင်း ဂျီစီဘီအေအဖွဲ့ချုပ်ကြီးတွင် ခေါင်းဆောင်များ နှစ်ခြမ်းကွဲခဲ့ကြသည်။ ဦးဖဖေခေါင်းဆောင်သည့်( ၂၁) ဦးအဖွဲ့က ဒိုင်အာခီအုပ်ချုပ်ရေးကိုလက်ခံခဲ့သည်။ ဦးချစ်လှိုင်၊ သာယာဝတီဦးပုနှင့်ဦးထွန်းအောင်ကျော်ဦးစီးသည့် လှိုင်ပုကျော် ဂျီစီဘီအေက ယင်းအုပ်ချုပ်ရေးများကို ရှုတ်ချသပိတ်မှောက်ခဲ့ကြသည်။ ဂျီစီဘီအေအသင်းကြီးအတွင်း နိုင်ငံရေးခံယူချက်များကွဲပြားခဲ့သည်နှင့်အမျှ အရင်းရှင် နယ်ချဲ့သမားများကို မျက်ခြည်ဖြတ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးစတင်ပြက်ပြားခဲ့တော့သည်။
ဒိုင်အာခီခေတ်အတွင်း မြန်မာတိုင်းရင်းသားများသည် ဗြိတိသျှနယ်ချဲ့အရင်းရှင်များနှင့် လက်ဝေခံတရုတ်ကုလားဓနရှင်များ၏ စီးပွားရေးသွေးစုပ်မှုနှင့် ဗြူရိုကရက်အရာရှိကြီးငယ်များ၏ ဖိစီးနှိပ်စက်မှုစသည်များကို အပြင်းအထန်ခံခဲ့ကြသည်။ ယင်းအချိန်တွင် ဝံသာနုခေါင်းဆောင်ကြီးများနှင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရစသည့်ရဟန်းတော်များက နယ်ချဲ့ဆန့်ကျင်ရေးတရားဟောကာ မြန်မာလူထုကို တပ်လန့်ဆော်ဩခဲ့ကြသည်။ ဝံသာနုစိတ်ဓာတ်များတစ်နေ့တခြား ရှင့်သန်ထက်မြက်လာခဲ့သည်။ အထူးသဖြင့် ၁၉၂၉-၃၀ ပြည့်နှစ်များတွင် မျိုးချစ်ဝံသာနုများ အထူးအုံကြွဆန့်ကျင်လှုပ်ရှားခဲ့တော့သည်။
ဗြိတိသျှအစိုးရသည် မြန်မာတိုင်းရင်းသားတို့၏ စီးပွားရေးအကျပ်အတည်းများနှင့် နိုင်ငံရေးနိုးကြားမှုများကို တရားဟောနည်းလမ်းဖြင့် ဖြေရှင်းမပေးနိုင်ခဲ့ချေ။ နိုင်ငံရေးလှည့်ကွက်ဆင်က ထွက်ပေါက်ရှာ လမ်းလွဲပစ်ရန် ထပ်မံကြိုးစားခဲ့ပြန်သည်။ ၁၉၃၀ ပြည်နှစ်၊ မေလ၊(၂၅) ရက်နေ့တွင် ကုလားဗမာ အဓိကရုဏ်းကြီးကို ဖန်တီးပေးခဲ့သည်။ ယင်းသို့ဖန်တီးပေးခြင်းဖြင့် နယ်ချဲ့ဗြိတိသျှ မုန်းတီးရေးစိတ်ဓာတ် မျက်ခြည်ပြတ်ကာ အမျိုးသားလှုပ်ရှားမှုမြှားဦးကို ကုလားအမျိုးသားများဘက်သို့ လှည့်ပေးခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် မြန်မာလူထု၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်မှာ လျော့နည်းမသွားခဲ့ချေ။ ကုလားဗမာအဓိကရုဏ်းဖြစ်ပွားပြီး တစ်လခန့်အကြာ ဇွန်လ(၂၄) ရကနေ့တွင် ရန်ကုန်ထောင်ကြီးအတွင်းမှ အကျဉ်းသားများ၏ ထကြွမှုကြီး ဖြစ်ပေါ်လာပြန်သည်။ ရန်ကုန်ထောင်ထကြွမှု ဖြစ်ပွားပြီးသည့်နောက်များမကြာမီ ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လတွင် မျိုးချစ်သခင်များ၏ တို့ဗမာအစည်းအရုံးကြီး ပေါ်ထွက်လာခဲ့သည်။ ယင်းနှစ်ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဗြိတိသျှအစိုးရကို လက်နက်ကိုင်တော်လှန်သည့် တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြန်သည်။ အရေးတော်ပုံအတွင်း နိုင်ငံခြားကုန်ပစ်စည်းများ သပိတ်မှောက်ရေး၊ အမျိုးသားအချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရေး၊တိုင်းရင်းဖြစ်အဝတ်အထည် နှင့် ကုန်ပစ်စည်းများကိုသာ ဝတ်ဆင်သုံးစွဲရေးစသည့်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ တို့ဗမာသခင်များ၏ ' ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည်တို့စာ' စသည့်ဆောင်ပုဒ်များကလည်း မြန်မာလူထုတစ်ရပ်လုံးနှင့်ဝံသာနုများအား ပြန်လည်နိုးကြားလာရန် တပ်လှန့်လှုံ့ဆော်ပေးခဲ့ပြန်သည်။ ဗြိတိသျှအစိုးရသည် ယင်းအခြေအနေအရပ်ရပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် ခွဲရေးတွဲရေးပြဿနာဖြင့် အာရုံပြောင်းကာ လမ်းလွှဲပေးခဲ့သည်။ အစိုးရ၏လှည့်ကွက်ဆင်မှုကြောင့် မြန်မာနိုင်ငံရေးလောကတွင် ၁၉၃၀-၃၁ လောက်မှစပြီး ခွဲရေးတွဲရေးပြဿနာသည်ထင်ရှားခဲ့သည်။ ယင်းပြဿနာသည် ယခုမှစတင်ပေါ်ပေါက်ခဲ့သည် မဟုတ်ချေ။ နိုင်ငံရေးသမားအချို့က ၁၉၁၁ခန့်ကပင်မြန်မာကိုအိန္ဒိယခွဲခွာသင့်ကြောင်း၊ တွဲနေခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် လူမျိုးအတွက် နစ်နာနေခဲ့ကြောင်း စသဖြင့် သတင်းစာများ၌ရေးသားဖော်ပြခဲ့သည်။ ထို့ပြင်ခွဲခွာရေးကိစ်စသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရန်အတွက် ပဏမခြေလှမ်းဖြစ်သဖြင့် ခွဲခွာရန် လိုလားခဲ့ကြသည်။
တစ်ဖန် ၁၉၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ပျဉ်းမနားမြို့ ၌ ကျင်းပသည့် ဗုဒ္ဓကလျာဏယုဝအသင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးပွဲကြီး ၌လည်း မြန်မာကိုအိန္ဒိယမှခွဲခွာသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။ ယင်းနှစ်ထဲမှာပင် ခွဲရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုရန်အတွက် မြန်မာကိုယ်စားလှယ်လေးဦးကိုကာလကတ်တားသို့ စေလွတ်ခဲ့သည်။ ထို့ပြင် ၁၉၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ ဥပဒေပြုအဖွဲ့ဝင် ဝတ်တော်ရဦးအသင်းက ခွဲခွာရေးအဆိုကို ၁၉၂၁ ၌ တစ်ကြိမ်၊ ၁၉၂၂ ၌ တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင်တင်သွင်းခဲ့ရာ အစိုးရကကန့်ကွက်သောကြောင့် ရုပ်သိမ်းခဲ့ရသည်။ မြန်မာနိုင်ငံဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံတွင်စစ်သား၊ ပုလိပ်၊ အလုပ်သမားမှစ၍ ကုလားများကို မှီခိုနေရသောကြောင့် အိန္ဒိယမှ မခွဲခွာသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဤသို့ဖြင့် ခွဲရေးကိစ္စမှာ ၁၉၁၁ ခုနှစ်ခန့်ကပင် အစပျိုးတောင်းဆိုခဲ့သော်လည်း ဗြိတိသျှအစိုးရကိုယ်တိုင် ခွဲခွာရေးကို သဘောမတူခဲ့ချေ။
သို့သော် ဗြိတိသျှအစိုးရသည် ၁၉၂၀ နောက်ပိုင်းမှစ၍ ခွဲရေးတွဲရေးပြဿနာနှင့် ပတ်သက်ပြီး အရင်းရှင်ကြီးများ၏ ဆန်ဒအရ သဘောထားပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် အရင်းမြှုပ် အမြတ်ထုတ်နေကြသည့် ဘုံဘေဘားမား၊ စတီးဘရားသား၊ ဧရာဝတီ၊ ဘီအိုစီ စသည့် ဗြိတိသျှအရင်းရှင်ကြီးများက သူတို့နှင့် ယှဉ်ပြိုင်နေကြသည့် ကုလားအရင်းရှင်ကြီးမျးကို မြန်မာနိုင်ငံမှ ထုတ်ပယ်လိုကြသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယလက်အောက်ခံ ပြည်နယ်တစ်ခုဖြစ်နေသောကြောင့် ကုလားအမျိုးသားများအပေါ် ကန့်သတ်ချုပ်ချယ်မှု မပြုနိုင်ခဲ့ချေ။ ထို့ပြင် ဗြိတိသျှကုမ္ပဏီကြီးများသည် အစိုးရအား အမြတ်ခွန် သန်းနှင့်ချီ၍ ပေးဆောင်ရသော်လည်း အခွန်တော်ငွေမှ တစ်စုံတစ်ရာ ပြန်လည်သုံးစွဲရေးအတွက် ဝင်ရောက် ပြောဆိုခွင့် မရှိခဲ့ချေ။ အိန္ဒိယဗဟိုအစိုးရက ငွေရေးကြေးရေးကိစ္စအားလုံးကို ချုပ်ကိုင်ထားခဲ့သည်။ မြန်မာနိုင်ငံဘုရင်ခံကိုယ်တိုင်ပင် ဗြိတိသျှအစိုးရနှင့် တိုက်ရိုက် ဆက်သွယ်ခွင့် မရခဲ့ပေ။ ထို့ကြောင့်မြန်မာနိုင်ငံရှိ ဗြိတိသျှအရာရှိများနှင့် အရင်းရှင်ကြီးများက အိန္ဒိယလက်အောက်တွင် လက်ဝေခံတစ်ဆင့်ခံအဖြစ်မနေလိုတော့ချေ။
ထို့ပြင် အရင်းရှင်များအပါအဝင် အိန္ဒိယတိုင်းရင်းသား လူတန်းစားအသီးသီးသည် မြန်မာနိုင်ငံသို့အမြောက်အမြားလာရောက်စီးပွားရှာခဲ့သည်။ မြန်မာ့စီးပွားရေးကဏ္ဍ အသီးသီးတွင် ကုလားအမျိုးသားများ ခြယ်လှယ်လွမ်းမိုးနိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့လာရောက်စီးပွားရှာသည့် နိုင်ငံခြားသားအရေအတွက်မှာ ၁၉၂၆-၂၇ တွင် ၃၃၈,၅၂၉ ယောက်ရှိပြီး အိန္ဒိယမှလာသည့် ကုလားများအရေအတွက်သည် ၃၀၉,၅၇၈ ယောက်ရှိသည်။ ၁၉၃၀-၃၁ တွင် မြန်မာနိုင်ငံသို့လာသည့် နိုင်ငံခြားသားအရေအတွက် ၂၈၃,၈၇၁ ဦးရှိသည်။ အိန္ဒိယမှလာသည့်ကုလားအများသည် ၂၆၁,၂၂၃ ဦးရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့လာရောက်စီးပွားရှာသည့် နိုင်ငံခြားသား(၁၀ဝ) အနက် ကုလား(၉၀) ကျော်ဖြစ်ကြောင်းတွေ့ရသည်။ သို့ကြောင့် မြန်မာနိုင်ငံသည် ကုလားအမျိုးသားများ၏ အကောင်းဆုံးစီးပွားရေး စားကျက်ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤမျှလွှမ်းမိုးများပြားနေသော ကုလားအမျိုးသားများကို စတင်ခေါ်ဆောင်လာသည့် ဗြိတိသျှတို့ကိုယ်တိုင် မကြည်ဖြူခဲ့တော့ပေ။ ၎င်းင်းတို့ကိုယ်တိုင်ကမြန်မာနိုင်ငံကို အိန္ဒိယမှခွဲခွာရန်လိုလားခဲ့ကြသည်။ ထို့ကြောင့် ဒိုင်အာခီအုပ်ချုပ်ရေးသက်တမ်း (၁၀) နှစ်ပြည့်သောအခါတွင် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲ၍ အုပ်ချုပ်ရေးသစ်သီးခြားပေးရန် ရည်ရွယ်ခဲ့သည် ယင်းရည်ရွယ်ချက်ဖြင့် ဘိလပ်ပါလီမန်လွှတ်တော်ကြီးက ဆာဂျွန်ဆိုင်မွန် အမှူးပြုသောစုံစမ်းရေးကော်မရှင်လူကြီးတစ်စုကို မြန်မာနိုင်ငံသို့စေလွှတ်စေခဲ့သည်။ စုံစမ်းရေးကော်မရှင်မရောက်မီကပင် မြန်မာဝံသာနုအဖွဲ့ချုပ်ကြီးက မန်တလေးမြို့တွင် အစည်းအဝေးပွဲကျင်းပပြီး ကော်မရှင်အဖွဲ့ရောက်လာလျှင်တွေ့ဆုံအစစ်ဆေးခံခြင်းမပြုရန်ဆုံး ဖြတ် ခဲ့ကြသည်။ ဆုံးဖြတ်ချက်အတိုင်း ဆိုင်မွန်ကော်မရှင် ရောက်လာသောအခါ ဦးစိုးသိမ်း ဂျီစီဘီအေ စသည့် ဝံသာနုအများစုက အစစ်ဆေးမခံဘဲ သပိတ်မှောက်ခဲ့ကြသည်။ ဦးဘဖေကြီးမှူးသော (၂၁) ဦးအဖွဲ့က မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲခွာလိုကြောင်း တင်ပြခဲ့ကြသည်။
ဆိုင်မွန်ကော်မရှင်က မြန်မာကို အိန္ဒိယမှ ခွဲခွာမှ အကျိုးရှိမည်ဖြစ်ကြောင်း ၁၉၃၀ ပြည့်နှစ်၊ ဇွန်လတွင် အစီရင်ခံစာတင်သွင်းခဲ့သည်။ ဘုရင်ခံဆားချားလ်အင်းနက်ကိုယ်တိုင်ကလည်း ခွဲခွာခြင်းဖြင့် မြန်မာနိုင်ငံအတွက် မည်မျှ အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း တိုင်းသူပြည်သားများအား သွန်သင်ဟောပြောရန် မင်းတိုင်ပင်အမတ်များအား သွန်သင်ဟောပြောရန် မင်းတိုင်ပင်အမတ်များကို ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဥပဒေပြု မင်းတိုင်ပင်အစည်းအဝေးကလည်း ၁၉၂၉ ခု၊ ဖေဖော်ဝါရီလ၌ တစ်ကြိမ်၊ ၁၉၃၀ ပြည့်နှစ် ဩဂုတ်လတွင်တစ်ကြိမ် နှစ်ကြိမ်တိုင် ခွဲခွာရေးအဆိုကို တင်သွင်းဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် ၁၉၃၀ ပြည့်နှစ်၊ ဩဂုတ်လ(၉) ရက်နေ့တွင် ကျင်းပခဲ့သော ဥပဒေပြု အစည်းအဝေးပွဲတွင် အင်္ဂလိပ်ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်က ခွဲရေးတွဲရေးနှင့်ပတ်သက်၍ မိမိတို့သဘောပြောင်းလဲကြောင်းနှင့် ခွဲခွာမှသာ မြန်မာနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။
ဤသို့ဖြင့် တစ်ချိန်က ခွဲခွာရေးကို ကန့်ကွက်ခဲ့သည့် ဗြိတိသျှတို့ကိုယ်တိုင် ယခုအခါ ခွဲခွာရေးကို နှစ်သက်ခဲ့ကြသည်။ ခွဲရေးတွဲရေးကို ပြဿနာကြီးတစ်ရပ်အဖြစ်တင်ပြပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တက်ကြွနေသည့် မြန်မာပြည်သူတို့၏ မြှားဦးကို လမ်းလွဲပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ခေါင်းဆောင်များအချင်းချင်း စည်းလုံးမှုပျက်ပြားပြီး အကွဲကွဲအပြားပြားဖြစ်အောင်ထိုးစစ်ဆင်ခဲ့သည်။
ဗြိတိသျှအစိုးရနှင့် အရင်းရှင်ကြီးများက မြန်မာနိုင်ငံကို အိန္ဒိယမှခွဲ၍ အုပ်ချုပ်ရေးသစ်ပေးရန် စီစဉ်ချိန်တွင် အိန္ဒိယအစိုးရနှင့် အရင်းရှင်ကြီးများက ခွဲခွာရေးကိုကန့် ကွက်ခဲ့ကြသည်။ အိန္ဒိယကွန်ကရက်ကြီး၏ နှစ်ပတ်လည်ကွန်ဖရင့်ကြီးကလည်း ခွဲခွာရေးကို အကြံပေးသည့် ဆိုင်မွန်ကော်မရှင်၏ အစီရင်ခံစာကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ အိန္ဒိယဥပဒေပြုလွှတ်တော်အစည်းအဝေးကလည်း ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအတည်ပြုခဲ့သည်။
ဤအချက်ကိုကြည့်ခြင်းဖြင့် အိန္ဒိယအစိုးရကိုယ်တိုင်ခွဲရေးကို မလိုလားကြောင်း ထင်ရှားပေသည်။ အထူးသဖြင့် မြန်မာ့စီးပွားရေးလောကကို လက်ဝါးကြီးအုပ်နေသော ကုလားအရင်းရှင်ကြီးများနှင့် ချစ်တီးများက ၎င်းတို့၏ စီးပွားရေး ထိခိုက်နစ်နာမည့်ဘေးမှ ကာကွယ်ဟန့်တားရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ မခွဲခွာရေးအတွက် ငွေအား၊ လူအား၊ အကြံဉာဏ်အားတို့ဖြင့် အဘက်ဘက်မှ ကူညီရန် စိုင်းပြင်းခဲ့ကြသည်။
ယင်းအချိန်တွင် ဗြိတိသျှအစိုးရမျှော်လင့်ခဲ့သည့် အတိုင်း တောင်သူလယ်သမား အရေးတော်ပုံကြီးကို အာရုံစူးစိုက်နေသော မြန်မာလူထုနှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများမှာ ခွဲရေးတွဲရေးလမ်းနှစ်သွယ်ကြောင့် အချင်းချင်း ထပ်မံ စိတ်ဝမ်းကွဲခဲ့ပြန်သည်။ ခွဲရေးကို ကြိုက်နှစ်သက်သော နိုင်ငံရေးခေါင်းဆောင်များအား ဗြိတိသျှတို့က လည်းကောင်း၊ တွဲရေးကို ကြိုက်နှစ်သက်သော ခေါင်းဆောင်များဘက်မှ အိန္ဒိယအမျိုးသားတို့က လည်းကောင်း တစ်ဖက်စီပါဝင် မြှောက်ပင့် ကူညီခဲ့ကြသည်။
ဤနည်းဖြင့် ဗြိတိသျှအစိုးရ၏ နိုင်ငံရေးလှည့်ကွက်ကြောင့် ခွဲရေးအဖွဲ့၊ တွဲရေးအဖွဲ့ဟူ၍ မြန်မာအမျိုးသားအချင်းချင်း တစ်ဖွဲ့နှစ်ဖွဲ့ တစ်သင်းနှင့်တစ်သင်း သွေးကွဲကာ ရန်ပွဲဖြစ်ခဲ့ကြတော့သည်။
ဦးဘဖေ၊ ဦးမောင်ကြီး စသည့်ပုဂ်ဂိုလ်များက ဦးဆောင်သော ပြည်သူပြည်သားအသင်းက ခွဲခွာရေးစာတမ်းထုတ်ဝေခဲ့သည်။ ယင်းစာတမ်းတွင် မြန်မာပြည်သည် အိန္ဒိယနှင့်တွဲနေလျှင် မည်မျှနစ်နာကြောင်းနှင့် ခွဲနေပါက မည်မျှအကျိုးခံစားရမည်ဖြစ်ကြောင်းများဖော်ပြထားသည်။ တွဲနေခြင်းအားဖြင့် ဘဏ္ဍာရေးအရ နစ်နာပုံများကို စာရင်းဇယားဖြင့် ဖော်ပြခဲ့သည်။ ထို့ပြင်အိန္ဒိယနှင့် တွဲနေသမျှကာလပတ်လုံး အိန္ဒိယနိုင်ငံနှင့် လူမျိုးကိုသာ ကမ္ဘာအသိများပြီး မြန်မာနိုင်ငံနှင့်လူမျိုးတိမ်မြုပ်နေမည်ဖြစ်သည်။ ခွဲမှသာမြန်မာကို ကမ္ဘာကအသိများပြီး ထင်ရှားလာပေမည်။ ခွဲထွက်ပြီးသီးခြားအုပ်ချုပ်ပါက ဗြိတိသျှအစိုးရက မြန်မာကိုဖိစီးနှိပ်စက်လိမ့်မည်စသည့်ပြောစကားများမှာ ကိုယ်အားကိုယ်မကိုးဘဲ ယ များကိုသာ အားကိုးသူတချို့၏ လန့်လုံးများ ဖြစ်သည် စသည်ဖြင့် ဖော်ပြထားသည်။
ယင်းအချိန်တွင် ဆရာတော်ဦးဥတ္တမကလည်း မခွဲခွာရေးအတွက် ပြည်သူပြည်သားတို့အား သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဗြိတိသျှအစိုးရအနေဖြင့် မြန်မာအမျိုးသားတို့၏ ဝံသာနုစိတ်ဓာတ်ကိုချိုးနှိမ်ရန် အိန္ဒိယအမျိုးသားဝံသာနုများ၏ လှုပ်ရှားမှုများ မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့မလာနိုင်ရန်အတွက် ခွဲခွာစေလိုခြင်းဖြစ်သည်ဟု တင်ပြထားသည်။ အလားတူပင် ဗြိတိသျှကုန်သည်ကြီးများကလည်း နိုင်ငံခြားရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်နေသည့် အိန္ဒိယအရင်းရှင်ကြီးများကို မောင်းထုတ်၍ ၎င်းင်းတို့နေရာကိုအရယူပြီး လက်ရှိအခြေအနေထက်တိုး၍ လက်ဝါးကြီးအုပ်အမြတ်ထုတ်ရန်အတွက် ခွဲခွာလိုကြောင်း ထပ်ဆင့်ဖော်ပြထားသည်။
မြန်မာ့အသင်းချုပ်ကြီးဥက္ကဋ္ဌ ဦးချစ်လှိုင်ကလည်း မြန်မာကို အိန္ဒိယနှင့် ခွဲခွာခြင်းအားဖြင့် စီးပွားရေး၊ အုပ်ချုပ်ရေးမှစ၍ အဘက်ဘက်မှ နစ်နာပြီးလျှင် ဗြိတိသျှအစိုးရ၏ လက်ခုပ်တွင်းမှ ရေပမာဖြစ်မည်ဟု ပြောကြားခဲ့သည်။ မြန်မာ့ဆန်စပါးမှစ၍ ထွက်ကုန်ပစ်စည်း(၇၀) ရာခိုင်နှုန်းကို အိန္ဒိယက နှစ်စဉ်ဝယ်ယူနေသော ခွဲရေးကို လက်ခံလိုက်ပါက မြန်မာ့စီးပွားရေးထိခိုက်နှစ်နာပေမည်။
အုပ်ချုပ်ရေးရှုထောင့်မှကြည့်ပြန်လျှင်လည်း ခွဲခွာလိုက်သည်နှင့် တပြိုင်နက် မြန်မာကို အိန္ဒိယနိုင်ငံမှ ခွဲခွာအုပ်ချုပ်ရုံတင်မကဘဲနောင်အခါ ချွင်းချန်ထားသော ဒေသများဟု ခေါ်တွင်မည့် တောင်တန်းဒေသများကိုပါ ခွဲထုတ်မည်ဖြစ်သည်။ ယင်းနယ်များ၏ အကျယ်အဝန်းသည် (၄/၉) ရှိသည်။ ၎င်းဒေသများမှ ၁၉၃၀ စာရင်းအရ ရေနံ၊ ပယင်း၊ လမ်းခင်းကျောက်၊ ရွှေ၊ သံ၊ ကျောက်နီ၊ ကျောက်စိမ်း၊ ပတ်တမြား၊ နီလာ၊ သံဖြူ၊ သံရိုင်း၊ ခဲ၊ ငွေ၊ ခဲ၊ သွပ်၊ ကြေး၊ ဝူဖရန်နှင့် မြေဆီအမျိုးမျိုး တန်ဖိုးငွေ (၁၅) ကုဋေခန့် ထွက်ခဲ့သည်။ ခွဲခွာခဲ့သော်အထက်ဖော်ပြပါ အဖိုးတန်ဓာတ်သတ်တုများထွက်ရာနယ်များ လက်လွှတ်ရမည်ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံမိ၍ မြန်မာလူထုဒုက္ခအမျိုးမျိုး ခံစားရသကဲ့သို့ ခွဲခွာရေးလက်ခံမိပါက ဆိုးရွားသော အုပ်ချုပ်ရေးကို လက်ခံမိပြီး ဗြိတိသျှတို့ စိတ်တိုင်းကျခြယ်လှယ်ခံကြရသည်။ သို့ဖြစ်၍ နစ်နာမှုများမှ ကာကွယ်ဟန့်တားနိုင်ရန် မခွဲခွာရေးအတွက် ကြိုးစားကြကုန်လောဟု သမ္မတဦးချစ်လှိုင်က တိုက်တွန်းခဲ့သည်။
ဤအချိန်တွင် တို့ဗမာအစည်းအရုံးတွင် သခင်လူငယ်များအနေဖြင့် ခွဲရေးကော၊ တွဲရေးပါ မည်သည့်ဘက်မှမထောက်ခံခဲ့ချေ။ သခင်လူငယ်များက မြန်မာနိုင်ငံသည် အိန္ဒိယမှခွဲသည်ဖြစ်စေ၊ မခွဲခွာပဲတွဲသည်ဖြစ်စေ နယ်ချဲ့ဗြိတိသျှတို့ လက်အောက်ခံပင် ဖြစ်သည်။ ထို့ကြောင့် သခင်များအနေဖြင့် တွဲရေးရော၊ ခွဲရေးပါ မထောက်ခံဘဲ ဗြိတိသျှ လက်အောက်မှ လုံးဝ လွတ်လပ်ရေးကိုသာ နှစ်သက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဤအချက်ကို ထောက်ရှုခြင်းဖြင့် သခင်လူငယ်တို့သည် ဗြိတိသျှတို့၏ နိုင်ငံရေးလှည့်ကွက်ကို ရိပ်စားမိဟန်တူသည်။ ၎င်းင်းတို့၏ နိုင်ငံရေးအတွေးအခေါ်မှာ ရင့်ကျပ်မှန်ကန်သည်ဟု ဆိုရပေမည်။ သခင်လူငယ်များက ခွဲရေးကော တွဲရေးပါ မလိုလားကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း (၂၁) ဦးမှ ဦးဘဖေ စသောပုဂ္ဂိုလ်များက ခွဲရေးကို ထောက်ခံခဲ့ကြသည်။ ဦးချစ်လှိုင်၊ ဦးစိုးသိမ်းနှင့် ဦးစု ဂျီစီဘီအေမှ ပုဂ္ဂိုလ်များနှင့် အများစုက တွဲရေးကို ထောက်ခံအားပေးခဲ့သည်။ ဆိုင်မွန်ကော်မရှင်အဖွဲ့ကြီးက ၁၉၃၀ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာကို အိန္ဒိယမှခွဲခွာသင့်ကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည်။ ဗြိတိသျှအစိုးရသည် ယင်းအစီရင်ခံစာကို အခြေပြုပြီးလျှင် ၁၉၃၀ ပြည့်နှစ် အောက်တိုဘာ (၂၇) တွင် လန်ဒန်မြို့၌အိန္ဒိယနိုင်ငံဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးပွဲပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် အိန္ဒိယပြည်နယ်တစ်ခုဖြစ်သည့်အလျောက် ယင်းအစည်းအဝေးသို့ ပါဝင်ရောက်ရမည်ဖြစ်သည်။ ထို့ကြောင့် (၂၁) ဦးမှ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဦးဘဖေက မြန်မာနိုင်ငံကို အိန္ဒိယမှခွဲပေးရန် တင်ပြတောင်းဆိုခဲ့သည်။ ယင်းသို့ တောင်းဆိုခဲ့သည်မှာ ပထမအကြိမ်မဟုတ်ဘဲ ၁၉၁၇ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်နှင့် ကာလကတ်တားမြို့တွင် တွေ့စဉ်ကပင် ခွဲခွာရေးအတွက် တောင်းဆိုခဲ့ဖူးကြောင်း တင်ပြခဲ့သည်။
ဦးဘဖေတင်ပြချက်ကို အကြောင်းပြု၍ ၁၉၃၁ ခု၊ နိုဝင်ဘာ(၂၇)ရက်နေ့တွင် လန်ဒန်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးပွဲကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးကြီးသို့ လှိုင်ပုကျော် ဂျီစီဘီအေမှ ဦးချစ်လှိုင်၊ သာယာဝတီဦးပုနှင့် ဦးထွန်းအောင်ကျော် (၂၁) ဦးဂျီစီဘီအေမှ ဦးဘဖေ၊ ဦးမောင်ကြီး၊ ဒေါက်တာသန်းမောင်၊ ဦးဘစီနှင့် ဦးမောင်မောင်အုန်းခိုင်၊ ဦးစိုးသိန်း၊ ဂျီစီဘီအေမှ သာယာဝတီဦးမောင်မောင်၊ ဦးစုဂျီစီဘီအေမှ ဦးစု၊ ရွှေတောင်ကြားအဖွဲ့မှ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်နှင့် သီပေါစော်ဘွားကြီး စောအုံကြာ ကရင်အမျိုးသားများမျ သရာရွှေဘနှင့် စစ်ဓနီလူနီ၊ အမျိုးသားပါလီမန်အဖွဲ့မှ ဦးနီ မြန်မာအမျိုးသမီးကောင်စီမှ ဒေါ်မြစိန်၊ အိန္ဒိယအမျိုးသား မစ်စတာကာဝပ်ဂျီနှင့်မစ္စတာဟာဂျီ၊ အင်္ဂလိပ်အမျိုးသားမစ္စတာဟားပါးနှင့် ကင်းပနက်တို့ တက်ရောက်ခဲ့သည်။
သခင်ဘသောင်းကြီးမှူးသည့် တို့ဗမာသခင်တပ်စုက လန်ဒန်မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်မည့်ကိုယ်စားလှယ်ကြီးများ သင်္ဘောဆိပ်အဆင်းတွင် ရုပ်ပြောင်ပိုစတာကြီးများကို ကိုင်လျက် ကန့်ကွက်လွှာစာတမ်းများကို လိုက်လံဝေငှခဲ့သည်။ ယင်းပိုစတာကြီးတွင် နန်းရင်းဝန် မစ္စတာမက်ဒေါ်နယ်က လှေဦးတွင်ထိုင်လျက် ထိပ်တွင်ကြိုးတပ်၍ အမဲရိုးဆွဲထားသော ဝါးလုံးရှည်ကြီးကို ကိုင်ထားသည်။ မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်မည့် ကိုယ်စားလှယ်ကြီးများကလည်း လည်ပင်းတွင်သံကြိုးတပ်လျက် တွဲလောင်းကျနေသော အမဲရိုးကိုရလိုဇောဖြင့် လိုက်ရင်း နန်းရင်းဝန်ညွှန်ပြရာသို့ ကူးခပ်ဆွဲဆောင်နေပုံဖြစ်သည်။
ရုပ်ပြောင်၏အဓိပ္ပာယ်မှာ လူကြီးများသည် အမဲရိုးနှင့်တူသော ကျွန်သက်ရှည်မည့် အုပ်ချုပ်ရေးရာထူးကိုမက်မောသည့်အတွက် လှေကြီးနှင့်တူသော မြန်မာနိုင်ငံမှာ ဗြိတိသျှအစိုးရဆွဲငင်ခြယ်လှယ်ရာ မျောပါရမည့်ပုံဖြစ်သည်။ ရုပ်ပြောင်ကိုလေ့လာခြင်းဖြင့် သခင်လူငယ်တို့သည် နယ်ချဲ့ဗြိတိသျှအစိုးရ၏ လှည့်ကွက်မျိုးစုံကို အထက်ပါရုပ်ပြောင်ဖြင့် မြန်မာတို့သိရှိရန် ညွှန်ပြပေးခဲ့သည်။ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဗြိတိသျှအစိုးရသည် မူလအစီအစဉ်အတိုင်း ၁၉၃၁ ခု၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် လန်ဒန်မျက်နှာစုံညီအစည်းအဝေးပွဲကြီးကို ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရဘက်မှ လော့ပီးလ်၊ လော့လိုသီဟန်၊ ဆာဆင်မြူယယ်လီဟိုး၊ မစ္စတာဖွယ်ရာ၊ လော့မာစီ၊ မေဂျာဂရေဟမ်ပို၊ မစ္စတာဂျီအိပ်ချ်ဟောလ်၊ မစ္စတာဝါဂျော့မင်းနှင့် လော့ဝယ်လင်တန်တို့ တက်ရောက်ခဲ့သည်။ နန်းရင်းဝန် မက်ဒေါ်နယ်နှင့် သဘာပတိ လော့ဟီလ်တို့က အစည်းအဝေးတွင် ခွဲရေးကိုသာ ဦးတည်ဆွေးနွေးရန်၊ခွဲရေးအလိုလားပါက ကန့်ကွက်ရန်ပြောကြားခဲ့သည်။ ၎င်းင်းတို့၏ အဖွဲ့မိန့်ခွန်းတွင်ပင် ဗြိတိသျှအစိုးရ၏ သဘောထားကိုထည့်သွင်းဖော်ပြထားကြောင်း သိသာထင်ရှားသည်။
မြန်မာကိုယ်စားလှယ်များဘက်မှ ဦးဘဖေ၊ဦးမောင်ကြီး၊ ဦးဘစီတို့က ခွဲရေးကိုတင်ပြဆွေးနွေးပြီး ဦးချစ်လှိုင်၊ သာယာဝတီ ဦးပုနှင့် ဦးထွန်းအောင်ကျော်တို့က ခွဲရေးကိုကန့်ကွက်ဆွေးနွေးခဲ့သည်။ ဤနည်းဖြင့်မျက်နှာစုံညီအစည်းအဝေးကြီးတွင် မြန်မာတိုင်းရင်းသားအချင်းချင်း တစ်သင်းနှင့်တစ်သင်း သဘောကွဲလွဲခဲ့ကြသည်။ နောက်ဆုံးတွင်းနန်းရင်းဝန်ကြီးက မြန်မာနိုင်ငံကို အိန္ဒိယမှခွဲမည် သို့မဟုတ် တွဲမည်ဟူသော သဘောတူညီချက်ကို မြန်မာပြည်သူအများစု၏ မဲဆန္ဒဖြင့်သာ ဆုံးဖြတ်လိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ထို့နောက်တွဲရေးခွဲရေးပြဿနာသည် ဗြိတိသျှအစိုးရလိုလားသည့်အတိုင်း မြန်မာတိုင်းရင်းသားအချင်းချင်း တစ်သင်းနှင့်တစ်သင်း၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ သွေးကွဲခဲ့ကြသည်။ စာနယ်ဇင်းများကလည်း တွဲရေးဘက်၊ခွဲရေးဘက်စသည်ဖြင့် မိမိတို့လိုရာဘက်ကို ဝေဖန်ရေးသားခဲ့ကြသည်။ ရွေးကောက်ပွဲမကျင်းပမှီကပင် ဦးစိုးသိမ်းနှင့် သက်ပန်းဆရာတော် အမှူးပြုသော သံဃာတော်တို့သဘောကွဲလွဲခဲ့ကြသည်။ ထို့ကြောင့်ဦးစိုးသိမ်း ဂျီစီဘီအေမှ ၎င်းကိုယ်တိုင် ဥက္ကဠအဖြစ် ဆောင်ရွက်သောအဖွဲ့နှင့် သက်ပန်းဆရာတော်ကြီးမှူးပြီး ဦးချစ်ဖေဥက္ကဠအဖြစ် ဆောင်ရွက်သည့်ဂိုဏ်းဟူ၍ နှစ်ဂိုဏ်းကွဲခဲ့ကြသည်။
အလားတူပင် ဦးစုဂျီစီဘီအေမှလည်း ဦးစုနုတ်ထွက်သွားပြီးလျှင် နှစ်ဂိုဏ်းကွဲခဲ့ပြန်သည်။ ရေဦးဂိုဏ်းအဖွဲ့ဥက္ကဠ ရေဦးဆရာတော်က ဦးမြတ်သာဒွန်းကိုဥက္ကဠတင်မြှောက်၍ အဖွဲ့သစ်တည်ထောင်ခဲ့သည်။ ၎င်းဆရာတော်နှင့် ရွှေဘိုအသင်းဆရာတော်တို့က လည်း ဦးထွန်းအောင်ကျော်ကို ဥက္ကဠတင်မြှောက်၍ အဖွဲ့သစ်တည်ထောင်ပြန်သည်။ ဤနည်းဖြင့်ဦးစုဂျီစီဘီအေ နှစ်ဂိုဏ်းကွဲသကဲ့သို့ ရေဦးဂိုဏ်းသားများမှာလည်း နှစ်ဖွဲ့ကွဲခဲ့ပြန်သည်။ ရွေးကောက်ပွဲကြီးသို့ နီးကပ်လာသည်နှင့်အမျှ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးအတွင်း သဘောထားကွဲလွဲမှုများ၊ယှဉ်ပြိုင်မှုများ ပြင်းထန်လာခဲ့သည်။ ဂျီစီဘီအေအဖွဲ့ကြီးအတွင်း၌ ဦးချစ်လှိုင်ဂျီစီဘီအေ၊ (၂၁)ဦး ဂျီစီဘီအေ၊ဦးစိုးသိမ်း ဂျီစီဘီအေ၊ ဦးချစ်ဖေ ဥက္ကဠအဖြစ် ဆောင်ရွက်သည့် ငါးဆူနှင့်ရွှေဘိုအသင်း ဂျီစီဘီအေဟူ၍ ခြောက်ဂိုဏ်းကွဲထွက်ခဲ့သည်။ အလားတူပင် သံဃသာမဂ်ဂီအဖွဲ့ကြီးမှာလည်း ဦးချစ်လှိုင်ကိုအားပေးသည့် အညမညသံဃသာမဂ်ဂီအဖွဲ့၊ သက်ပန်းဂိုဏ်းသံဃသာမဂ်ဂီအဖွဲ့၊ ရေဦးဂိုဏ်းသံဃသာမဂ်ဂီအဖွဲ့၊ငါးဆူဆရာတော်နှင့် ရွှေဘိုအသင်းဆရာတော်တို့ဂိုဏ်းသံဃတော်များနှင့် ဦးစိုးသိမ်း ဂျီစီဘီအေကို အားပေးသည့်သံဃတော်များဟူ၍ ခြောက်စုကွဲခဲ့သည်။
၁၉၃၂ ခု၊ ဧပြီလတွင် ရွေးကောက်ပွဲပြုလုပ်သောအခါ ဦးချစ်လှိုင် ဂျီစီဘီအေ၊ သက်ပန်းဂိုဏ်း ဂျီစီဘီအေ၊ရေဦးဂိုဏ်း ဂျီစီဘီအေ၊ငါးဆူနှင့် ရွှေဘိုအသင်းဂိုဏ်း ဂျီစီဘီအေနှင့် ဦးချစ်လှိုင်ကို အားပေးသည့် အညမညသံဃသာမဂ်ဂီအဖွဲ့၊ သက်ပန်းဂိုဏ်းသံဃသာမဂ်ဂီအဖွဲ့၊ရေးဦးဂိုဏ်းသံဃသာမဂ်ဂီအဖွဲ့၊ ငါးဆူဆရာတော်နှင့်ရွှေဘိုအသင်းဆရာတော်တို့၏ သံဃသာမဂ်ဂီအဖွဲ့များက တွဲရေးဘက်မှ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ယခင်ကနိုင်ငံရေးလာကတွင်မကျော်ကြားသေးသောဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ ဦးဘချို၊ဦးကျော်မြင့်၊ ဦးဘခိုင်၊ ဦးကျော်ဒင်စသည့်ပုဂ္ဂိုလ်တို့ကလည်း တွဲရေးဘက်မှ တက်တက်ကြွကြွပါဝင်ခဲ့ကြသည်။ (၂၁)ဦး ဂျီစီဘီအေ၊ရွှေတောင်ကြားအဖွဲ့နှင့်တသီးပုဂ္ဂလစသည်များကခွဲရေးဘက်မှ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ရွေးကောက်ပွဲပြီးသောအခါ တွဲရေးဘက်မှ မဲငါးသိန်းကျော်ဖြင့် အနိုင်ရခဲ့သည်။ သို့ရာတွင် လွှတ်တော်အမတ်များက အဆုံးအဖြတ်ပေးရန် အစည်းအဝေးကျင်းပခဲ့သည်။
ယင်းအစည်းအဝေးတွင် ဒေါက်တာဘမော်နှင့် ရမ်းဗြဲဦးမောင်မောင်တို့ကခွဲရေးကို ကန့်ကွက်သကဲ့သို့ အိန္ဒယနှင့် ရာသက်ပန်တွဲရေးကိုလည်း ကန့်ကွက်ကြောင်း အဆိုတင်သွင်းခဲ့ကြသည်။ လွှတ်တော်ဥက္ကဠဦးချစ်လှိုင်က ယင်းအဆိုသည်တွဲမည်သို့မဟုတ် ခွဲမည်ဟု တိကျပြတ်သားစွာ မဖော်ပြသည့်အတွက်ကြောင့် ပယ်ချခဲ့သည်။ ထိုသို့ ပယ်ချခဲ့သောကြောင့် ဦးဘဖေ၊ဒေါက်တာဘမော်နှင့် အင်္ဂလိပ်အမတ်များက များစွာ မကျေမနပ်ဖြစ်ပြီးလျှင် ဦးချစ်လှိုင်အားဥက္ကဠ အဖြစ်မှ ဖြုတ်ချခဲ့သည်။ ထို့နောက် အင်္ဂလိပ်အမတ် ဒီဂလင်းဗီးကို တင်မြှောက်၍ ဒေါက်တာဘမော်တို့ တင်သွင်းချက်ကို အတည်ပြုခဲ့သည်။ တစ်ဖန်မြန်မာနိုင်ငံဥပဒေကောင်စီ၏ ဆုံးဖြတ်ချက်ကို အင်္ဂလန်အစိုးရထံ တင်ပို့ခဲ့သည်။ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကောင်စီသည် တိကျပြတ်သားစွာ မဆုံးဖြတ်နိုင်ခြင်းမှာ ခွဲရေးကိုလိုလားသောကြောင့် ဖြစ်သည်ဟုမှတ်ချက်ချကာ မြန်မာနိုင်ငံကိုအိန္ဒယမှ ခွဲထုတ်မည်ဟု ထုတ်ပြန်ကြေညာလိုက်တော့သည်။
ဤနည်းဖြင့် ဗြိတိသျှအစိုးရသည် နိုင်ငံရေးစိတ်ဓာတ်တက်ကြွနေသော မြန်မာပြည်သူတို့အား နိုင်ငံရေးနည်းပရိယာယ်ဖြင့် တန်ပြန်ထိုးစစ်ဆင်ကာ ကုလားဗမာမုန်းတီးရေး၊ ဗမာအချင်းချင်းစိတ်ဝမ်းကွဲရေး၊ အိန္ဒိယနှင့်မြန်မာ ခွဲရေးတွဲရေးစသည့် ပြဿနာများကိုဖော်ထုတ်ကာလမ်းလွှဲဖယ်ရှားနိုင်ခဲ့သည်။ နယ်ချဲ့ပယောဂကြောင့် ရဟန်းရှင်လူ ပြည်သူတစ်ရပ်အတွင်း အငြင်းပွားမှုများကို ပေါ်ပေါက်ခဲ့သည်။ တွဲရေးခွဲရေးပြဿနာကြောင့် တောင်သူလယ်သမားအရေးတော်ပုံကြီးကို အာရုံစူးစိုက်ကာ တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားတို့၏ အမျိုးသားစိတ်ဓာတ်သည်လည်းမှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ တစ်ဦးနှင့် တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ အငြင်းပွားကာ ရန်များခဲ့တော့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံမှ ခွဲထုတ်မည့် အစီအစဉ်ကို ပြင်ဆင်ရပြန်သည်။ အုပ်ချုပ်ရေးအသစ်အတွက် ဆွေးနွေးရန်ဒုတိယအကြိမ် မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးကို ၁၉၃၃ ခုနှစ်၊အောက်တိုဘာလတွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ ဦးချစ်လှိုင်၊ ဦးဘဖေ၊ ဦးသိမ်းမောင်၊ ဒေါက်တာ်ဘမော်၊ မစ္စတာယက်ဂျီ၊ ဒေါက်တာဒေါ်စောစု၊ သရာရွှေဘ၊ ဦးရွှေသာ၊ မစ္စတာကင်းပနက်၊ မစ္စတာဟားပါး၊ မစ္စတာ ဟာဂျီနှင့် မစ္စတာကာဝပ်ဂျီတို့ အစည်းအဝေးတက်ရောက်ခဲ့ကြသည်။ ယင်းအစည်းအဝေးတွင်' (၉၁)ဌာနအုပ်ချုပ်ရေး' ပေးရန် ဆွေးနွေးခဲ့ကြသည်။ အုပ်ချုပ်ရေးအသစ်အတွက် ' ၁၉၃၅ ခုနှစ်၊ မြန်မာပြည်အုပ်ချုပ်ရေး အက်ဥပဒေ' ကိုလည်း ပြဋ္ဌာန်းကြေညာခဲ့သည်။ ယင်းဥပဒေရ ၁၉၃၆ခု၊နိုဝင်ဘာလတွင် ဥပဒေပြုကောင်စီရွေးကောက်ပွဲတွင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်များမှာ(၉၁)ဌာနရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် လုံးပမ်းခဲ့ရပြန်သည်။ ရွေးကောက်ပွဲတွင် ယခင်ကဲ့သို့ ဂျီစီဘီအေအသင်းချုပ်ကြီး ဟူသောအသုံးအနှုန်းများကို မသုံးတော့ချေ။ လှိုင်မြစ်ပေါ်အဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့၊ ဒေါက်တာဘမော်အဖွဲ့၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့၊ ဖေဘီယန်အဖွဲ့နှင့် ရွှေတောင်ကြားအဖွဲ့ဟူ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နောက်ဆုံးတွင်ဒေါက်တာဘမော်ညွှန့်ပေါင်းအစိုးရတက်ကာ ကျွန်သက်ရှည်စေမည့် (၉၁)ဌာနအုပ်ချုပ်ရေးသစ် စတင်လည်ပတ်ခဲ့တော့သည်။
ကျမ်းကိုးစာရင်း
[ပြင်ဆင်ရန်]၁။ တို့ဗမာအစည်းအရုံးသမိုင်း (ပတွဲ)၊ စာ-၉၄၊၉၇ ၂။ စစ်ကိုင်းဟန်တင်၊ မြန်မာနိုင်ငံမှတ်တမ်း (၂)၊စာ၂၉၁၊ ၂၉၂ ၃။Report on the Adminisration of Burma, for the years 1924-30 ,XI ၄။ တို့ဗမာအစည်းအရုံးသမိုင်း(ပတွဲ)၊စာ-၁၂၅ ၅။………..ယင်း………..စာ-၁၄၇။ ၆။(က) မြန်မာ့အလင်းသတင်းစာ (အချပ်ပို)၁၉၃၂၊ မေ ၂၇ ။ (ခ) ပြည်သူပြည်သားအဖွဲ့မှ ထုတ်ဝေသောခွဲခွာရေးစာတမ်း၊စာ-၁၂၃ ၇။ ဗန်ဓုလဂျာနယ် ၁၉၂၉၊ဖေဖော်ဝါရီ ၁၃။ ၈။ မောင်အေး၊ ခွဲရေးမခွဲရေးအရေးတော်ပုံ၊ရန်ကုန်၊ မောင်ပုဘရားသားစာပုံနှိပ်တိုက်၊ ၁၉၃၂၊စာ-၄ ၉။ ယင်း။ စာ-၄၊၁၆။ ၁၀။ တို့ဗမာအစည်းအရုံးသမိုင်း(ပတွဲ) စာ-၁၅၁ ၁၁။ ယင်း၊စာ-၁၅၀ ၁၂။(က) သခင်ဘသောင်း၊ဝံသာနုအရေးတော်ပုံသမိုင်း ရန်ကုန်၊ တသက်တာစာပေ၊စာ-၁၅၀ (ခ) ဒေါ်မြင့်မြင့်သန်း' ခွဲရေးတွဲရေး' တက်ကသိုလ် ပညာပဒေသာစာစောင်၊
- ဦးစိုးသိမ်းမှာ အဂင်လိပ်အစိုးရက တက်ရောက်ရန် ဖိတ်ကြားသော်လည်း မတက်ရောက်ဘဲ-
- အုပ်ချုပ်ရေးဌာနပေါင်း (၉၈)ခုရှိသည့်အနက် ဘုရင်ခံက (၇)ဌာနကို တိုက်ရိုက်အုပ်ချုပ်ပြီး လွှတ်တော်အမတ်များက ဌာနတာဝန်ခံများဖြင့် ကျန်(၉၁)ဌာနကို အုပ်ချုပ်စီမံရသည်။