ကုလဒူသန

ဝီကီပီးဒီးယား မှ

ဒါယကာတို့အား ဖျက်ဆီးခြင်း ၈ မျိုး[ပြင်ဆင်ရန်]

၁။ ပန်းပေးခြင်း၊

၂။ သစ်သီး ပေးခြင်း၊

၃။ ဆပ်ပြာမှုန့်ပေးခြင်း၊

၄။ မြေညက်ပေးခြင်း၊

၅။ ဒန်ပူပေးခြင်း၊

၆။ ဝါးပေးခြင်း၊

၇။ ဆေးကု ပေးခြင်း၊

၈။ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း, တစ်ရွာမှတစ်ရွာသို့လည်းကောင်း အစေအပါး ခံ၍ သွားခြင်း။ [၁][၂]

ဒါယကာ ဒါယိကာမတို့၏ ပင်ကို သာသနာတော်ကို ကြည်ညိုနေသည့် သဒ္ဓါတရား ပျက်ပြားအောင် ပန်းပေးခြင်း, သစ်သီးပေးခြင်း, ရေချိုးကသယ်မှုန့်ပေးခြင်း, မြေညက်ပေးခြင်း, ဝါးပေးခြင်း, ဒန်ပူပေးခြင်း, ခြေဖြင့် သွား၍ ပစ္စည်း စကား သယ်ဆောင်ပေးခြင်း, ဆေးကုပေးခြင်းဟု ရှစ်မျိုး ရှိသည်။ သံဃာ၏ ဥစ္စာဖြစ်သော မြေညက်, ပန်းစသော ဂရုဘဏ်ပစ္စည်းတို့ကို အစိုးရသဖြင့် (ဝါ) ကိုယ်ပိုင် ထင်၍ ပေးသော ရဟန်းအား ကုလဒူသနဒုက္ကဋ်နှင့် တကွ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ခိုးလိုသော စိတ်ဖြင့် ပေးသောရဟန်းအား ပစ္စည်းတန်ဖိုးအလိုက် ဒုက္ကဋ်, ထုလ္လစ္စဉ်း, ပါရာဇိကအာပတ် သင့်၏၊ အကျယ်ကို ကုလဒူသကသိက္ခာပုဒ်တွင် ထပ်မံ ပြဆိုပါမည်။[၃]

(ဆောင်) ပွင့်, သီး, မှုန့်, မြေ၊ ဝါး, ပူ, ခြေ၊ ဝဇ္ဇေ ဒူရှစ်ဖြာ။

ကုလဒူသက = အမျိုးလေးပါးကို ဖျက်ဆီးပုံ[ပြင်ဆင်ရန်]

မင်း, သူဌေး, ကုန်သည်, သူဆင်းရဲဟူသော အမျိုးလေးပါးတို့ကို ဖျက်ဆီးတတ်သောကြောင့် “ကုလေ ဒူသေတီတိ ကုလဒူသကော”အရ အမျိုးလေးပါးတို့ကို ဖျက်ဆီးသူတည်း။

ဤ၌ မစင်, ညွန်, ရွှံ့ပုပ်တို့ဖြင့် ပက်၍ ဖျက်ဆီးခြင်း၊ တုတ်, ဓား လက်နက်တို့ဖြင့် ရိုက်ပုတ်ခြင်းတို့ဖြင့် ဖျက်ဆီးသည် မဟုတ်၊ ချီးမြှောက်ထောက်ပံ့ခြင်း၊ ချစ်ခင် လေးစားကြည်ညို ခင်မင်ရင်းနှီးလာစေခြင်း အကျိုးငှာ ပန်းပေးခြင်း၊ သစ်သီးပေးခြင်း စသော ကုလဒူသနဝတ္ထုရှစ်ပါးတို့ကို ဆောင်ရွက်ပေးခြင်းဟူသော ယုတ်မာသော အကျင့်ဖြင့် မိမိအပေါ်၌သာ ခင်မင် ကြည်ညို သဒ္ဓါတရားဖြစ်စေ၍ ပန်းပေးခြင်း သစ်သီးပေးခြင်းစသည်ကို မပြုကုန်သော ထိုကုလဒူသနအမှုမျိုးတို့ကို မပြုကုန်သော သီလကို ချစ်မြတ်နိုးကြသည့် ရဟန်းကောင်း ရဟန်းမြတ်တို့အပေါ်၌ ကြည်ညိုသဒ္ဓါတရား ပျက်ပြား၍ မလှူချင် မတန်းချင် ဖြစ်စေသည်ကို အမျိုးလေးပါးဖျက်ဆီးသူဟု ဆိုသည်။[၃]

သဒ္ဓါတရားပျက်စီးပုံ[ပြင်ဆင်ရန်]

ဥပမာ - မိန်းကလေးတစ်ယောက်သည် ပင်ကိုအားဖြင့် နဂိုက သဒ္ဓါတရား ကောင်းသူကလေးတည်း။ သို့သော် “ဒါနံ သဗ္ဗတ္ထသာဓကံ”အရ ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေ၏ဟူသော စကားကို သဘောပေါက်၍ ရဟန်းတစ်ပါးက သူ့ကို ကြည်ညိုလာအောင် ခင်မင်လာအောင် ထိုမိန်းကလေးအား ပန်း သစ်သီး စသည်ကို ပေးကမ်းလိုက်ရာ ထိုရဟန်း အားသာ ပို၍ လှူချင်တန်းချင်စိတ် ဖြစ်ကာ ချစ်ခင်လာပေမည်။ သို့သော် ထိုကဲ့သို့ ပေးဖော်မရသော လဇ္ဇီသူမွန် သီလရှိသူ အရှင်မြတ်တို့အား မလှူချင်, မတန်းချင်, မဆည်းကပ်ချင်, မကိုးကွယ်ချင် ဖြစ်လာတော့သဖြင့် ထိုမိန်းကလေး၏ နဂိုက ရှိနေသော အစစ်အမှန်သဒ္ဓါတရားကား ပျက်ပြားလေပြီ၊ ဤကဲ့သို့ပင် အခြားသူများအား ပန်း, သစ်သီးစသည်ပေးရာ၌ နည်းတူ သိပါ။[၃]

ပန်းပွင့်ပေးခြင်း[ပြင်ဆင်ရန်]

ရဟန်းသည် မိမိပိုင်သော ပန်းကို ပန်ဆင်ရန်နှင့် နတ်တင်ရန်အတွက် မိဘတို့အားလည်း မပေးအပ်၊ မပေးကောင်း။ ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မူကား ပေးကောင်း၏၊ ခေါ်, မခေါ်ဘဲ ရောက်လာကြကုန်သော မိဘတို့မှ ကြွင်းသော အဆွေအမျိုးတို့အားလည်း ရတနာသုံးပါးကို ပူဇော်ခြင်းငှာ ပေးကောင်း၏၊ သို့ရာတွင် တန်ဆာဆင်ခြင်းငှာလည်းကောင်း, ဗိဿနိုးနတ် စသည်တို့ကို ပူဇော်ခြင်းငှာလည်းကောင်း မိဘတို့အားလည်း မပေးကောင်း။ဒါယကာတို့ကို သိမ်းသွင်းစည်းရုံးရန် ရည်ရွယ်ချက်ဖြင့် ပေးကမ်းလျှင် ကုလဒူသနဖြစ်၍ ဒုက္ကဋ်အာပတ် သင့်၏၊ ကျောင်းတိုက်အတွက် သံဃာအတွက် ရည်ရွယ်သတ်မှတ်ထားသော ပန်းများကို ကျောင်းထိုင်ဘုန်းကြီးအနေဖြင့် အစိုးတရ ပိုင်စိုးပိုင်နင်း ပြုလုပ်၍ လူဒါယကာတို့အား ပေးလျှင် ကုလဒူသနထုလ္လစ္စဉ်းအာပတ် သင့်၏၊

သူတစ်ပါးပိုင်သော ပန်းနှင့် သံဃာပိုင်သော ပန်းကို မရိုးသားသောစိတ် (ခိုးလိုသော စိတ်ဖြင့်)ပေးလျှင် တန်ဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်ရောက်နိုင်၏၊ သစ်သီးစသည် ပေးရာ၌လည်း ဤနည်းတူပင် ဖြစ်သည်။ ဤသို့ ကုလဒူသနဒုက္ကဋ်၊ ကုလဒူသနထုလ္လစ္စဉ်း၊ ကုလဒူသန ပါရာဇိကအာပတ်များ ရှိသည်ဟု ခွဲခြားမှတ်သားထားသင့်သည်။[၃]

သစ်သီးပေးခြင်း[ပြင်ဆင်ရန်]

မိမိဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း, အကျွမ်းဝင်သည့် သူတစ်ပါး၏ ဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း ပန်းကဲ့သို့ပင် ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မိဘတို့နှင့် ရောက်လာကုန်သော အဆွေအမျိုးတို့အား ပေးကောင်း၏၊

သူတစ်ပါးပိုင် သံဃာပိုင် ကျောင်းပိုင်သစ်သီးကို ပေးရာ၌ တန်ဖိုးအလျောက် ပါရာဇိက ထုလ္လစ္စဉ်း ဒုက္ကဋ်အာပတ်သင့်၏၊ မိမိပိုင် သစ်သီးများကိုမူ (၁) လူမမာ မကျန်းမာသူအားလည်းကောင်း၊ (၂) စားရမဲ့ သောက်ရမဲ့ တောင်းစားနေသူအားလည်းကောင်း ပေးရာ၌ ကုလဒူသန အာပတ်မသင့်။ ထို့ပြင် သံဃာတော်များအား သံဃိက သစ်သီးဝေနေစဉ် ဒါယကာ ဒါယိကာများ ရောက်လာပါက ၎င်းတို့အား ထက်ဝက်သော ဝေစုကို သမ္မုတိရသော ရဟန်းအနေဖြင့် ပေးနိုင်ခွင့် ရှိ၏၊ သမ္မုတိမရသော ရဟန်းအနေဖြင့် သံဃာကို ပန်ကြားပြီးမှသာ ပေးရမည်။ သံဃိကအာရာမ် ကျောင်းတိုက်ကြီး၌ အစောင့်အရှောက် (ရက္ခက)ရဟန်းသည် မိမိစောင့်ရှောက်ခအတွက်ဟု ရည်မှတ်၍ အပင်အရေအတွက်မည်မျှ (သို့မဟုတ်) အသီးအရေအတွက် မည်မျှဟု ခွဲခြား၍ သတ်မှတ်ထားရမည်။ မိမိအတွက် သတ်မှတ်ထားသော ဝေစုမှ သစ်သီးများကို ကျောင်းသို့ လာရောက်တောင်းသူအား လေးငါးလုံး ပေးရမည်။ (သို့မဟုတ်) ဤအပင်မှ ယူနိုင်ကြောင်း ညွှန်ပြနိုင်သည်။ သံဃိကပိုင်မှ သစ်သီးများကိုမူ သံဃာအား ပန်ကြားပြီးမှသာ ပေးခွင့်ရှိ၏၊[၃]

ဝိနည်းပြစ်လွတ်အောင် ပေးကျွေးနည်း[ပြင်ဆင်ရန်]

ဝိနည်းသိက္ခာပုဒ်တော်ကို လေးစားသော ရဟန်းတော်များအနေဖြင့် သစ်သီး မုန့်ပဲ သွားရည်စာ ကျွေးမွေးလိုပါက လူဒါယကာတို့ကို တံမြက် လှည်းခြင်း၊ မြက်ရှင်းခြင်း၊ ပန်းကန်ဆေးခြင်း စသော ဝေယျာဝစ္စအမှု တစ်ခုခုကို ပြုလုပ်ရန် စေခိုင်းရ၏၊ ထိုသို့ စေခိုင်းရာ၌လည်း ဤ သစ်သီးခဲဖွယ်ကို စား၍ ဤဝေယျာဝစ္စ အမှုကို ပြုလော့ဟု တစ်ဆက်တည်း ကျွေး၍မခိုင်းရ။ ဤသို့ တစ်ဆက်တည်း ကျွေး, ခိုင်းလျှင် နိဿဂ္ဂိပါစိတ်အာပတ်မှ မလွတ်ပေ။ ဤအလုပ်ကို လုပ်ပါဟု ခိုင်းထားပြီးမှ ဤသစ်သီးကို စားပါဟု ဝေယျာဝစ္စ ပြုလုပ်သူအား ကျွေးမွေးရာ၌ ကုလဒူသန မဖြစ်၊ အာပတ် မသင့်ချေ။[၃]

ဆပ်ပြာစသည် ပေးခြင်း[ပြင်ဆင်ရန်]

ရဟန်းသည် မိမိပိုင်ဆပ်ပြာမှုန့် ဆပ်ပြာခဲ သွားတိုက်ဆေး စသည်ကို ဝေယျာဝစ္စပြုလုပ်သူအား ပေးကမ်းစွန့်ကြဲနိုင်၏၊ သူတစ်ပါးပိုင်ပစ္စည်း သံဃာပိုင်ပစ္စည်း ကျောင်းပိုင်ပစ္စည်းများကို ပေးရာ၌ ရှေးနည်းအတူ ကုလဒူသန အာပတ်များ သင့်နိုင်၏၊ ရဟန်းသည် မိမိ မဘုဉ်းပေးမီ ဆွမ်း ခဲဖွယ် ဘောဇဉ်များကို အမိနှင့် အဖအား ကျွေးမွေးကောင်း၏၊ ထို့ပြင် မိဘတို့အား လုပ်ကျွေး ပြုစုနေသူ၊ ကျောင်းကိစ္စ သံဃာ့ကိစ္စ ဝေယျာဝစ္စဆောင်ရွက်သူနှင့် ရှင်လောင်းတို့အားလည်း ပေးနိုင်၏၊ အာပတ်မသင့်ချေ။[၃]

လောကွတ်ပျူငှာ ပြုစုသင့်သူများ[ပြင်ဆင်ရန်]

ရဟန်းတော်များသည် မိမိကျောင်းသို့ ရပ်ဝေးမှ ရောက်ရှိလာသော ဧည့်သည်အားလည်းကောင်း, လှူဒါန်းရန် ပစ္စည်းမရှိ အထီးကျန် ဆင်းရဲသားအားလည်းကောင်း, အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များအားလည်းကောင်း, အစိုးရအမှုထမ်း မင်းစိုးရာဇာတို့အားလည်းကောင်း, လာဘ်လာဘကို မမျှော်လင့်ဘဲ အန္တရာယ်ပြုမည့် ဘေးမှ လွတ်စေရန် ရည်ရွယ်၍ လောကွတ်ပျူငှာ ပြုကောင်းသည်။ ပြုစုသင့်သည်။ သောက်ရေသုံးရေ ပေးရမည်။ နံနက်ပိုင်းတွင် ဆွမ်း ခဲဖွယ် ဘောဇဉ်များ ကျွေးမွေးရမည်။ ညနေပိုင်းဖြစ်မူ ချက်စားလိုပါက သာမဏေနှင့် ကပ္ပိယတို့ထံ အပ်နှံထားသော ဆန် ဆီ ရှိလျှင် ထုတ်ပေးရမည်။ အိပ်ရာ နေရာပေးရမည်။ ရဟန်းတို့၏ အသက်အန္တရာယ်ကို လည်းကောင်း, ကျောင်းကန်ဘုရား အဆောက်အဦးကိုလည်းကောင်း အန္တရာယ်ပြုနိုင်သူတို့အား သံဃိကပစ္စည်းကိုပင် ပေးကျွေးကောင်း၏၊ မိမိ မဘုဉ်းပေးမီ သီးခြား ခွဲထား၍ ပြင်ဆင်ကျွေးကောင်း၏၊ ဤသို့ ပြုစုခြင်းဖြင့် မိမိအပေါ် ကြည်ညို၍ ပစ္စည်းလေးပါး လှူဒါန်းလိမ့်မည်ဟု မျှော်လင့်ချက် မထားရ။ အန္တရာယ်မှ အသက်ဘေးမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပေးကမ်းကျွေးမွေးခြင်း ပြုစုခြင်း ဖြစ်သည်ဟု စိတ်က အောက်မေ့ဆင်ခြင်၍ ပြုစုကျွေးမွေးရမည်။[၃]

အင်္ဂတေ, သစ်, ဝါး စသည် ပေးခြင်း[ပြင်ဆင်ရန်]

ဖျော်စပ်ပြီးသော အင်္ဂတေ မြေညက် (သို့မဟုတ်) ထုံး, သဲ, ဘိလပ်မြေ, အုတ်မှုန့်ပေးခြင်း, ဒန်ပူပေးခြင်း, ကြိမ်, နွယ်, လျှော်, ဝါး, သစ်သား, သစ်ငယ်, မြက်, ဖြူဆံမြက်, ပြိန်းမြက်စသော ဆောက်လုပ်ရေးပစ္စည်းများမှ ကိုယ်ပိုင် ပစ္စည်းများကို လူဒါယကာတို့အား (၁) ဖြားယောင်းသိမ်းသွင်းရန်၊ ကြည်ညိုစေရန်၊ လှူဒါန်းစေရန် ရည်ရွယ်ချက်ဖြင့် ပေးလျှင် ဒုက္ကဋ်၊ (၂) မထေရ်ကြီး ကျောင်းထိုင် ဘုန်းကြီးအဖြစ် အပေါ်စီး ရ၍ ပိုင်စိုးပိုင်နင်းပြုလုပ်၍ ပေးလျှင် ထုလ္လစ္စဉ်း၊ (၃) ခိုးကြောင်ခိုးဝှက်ပြု၍ သံဃာ မသိအောင် ပုန်းကွယ်ဖုံးဝှက်၍ (ခိုးလိုသောစိတ်ဖြင့်) ပေးလျှင် တန်ဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်စေနိုင်၏၊[၃]

ဆေးကုသပေးခြင်း[ပြင်ဆင်ရန်]

ရဟန်းတော်များသည် လူဒါယကာ ဒါယိကာမတို့အား ဆေးမကုအပ်၊ ဆေးမပေးအပ်၊ ဆေးနည်းလည်း မပေးအပ်၊ ဆေးပေး ဆေးကုလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ သဒ္ဓါတရားပြည့်စုံ၍ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော ဘုရားဒါယကာ ကျောင်းဒါယကာ အလှူဒါယကာတို့ကို ဆေးပေးခြင်း ဆေး ကုခြင်း မပြုရ။[၃]

ဝိနည်းပြစ်လွတ်အောင် ဆေးနည်းပေးခြင်း[ပြင်ဆင်ရန်]

ဒါယကာတစ်ဦးက “တပည့်တော်၏ မိခင် ဖျားနာနေသဖြင့်, မည်သည့်ရောဂါ ဖြစ်နေ၍ ဆေးနည်း ပြောပြပါဘုရား၊ ဆေးနည်းကောင်း ညွှန်ပြပါဘုရား”ဟု လျှောက်ထားလာလျှင် ဆေးပညာ ဗဟုသုတရှိသော ရဟန်းသည် ဆေးနည်းကို တိုက်ရိုက် မပြောပြရ။ အနီး၌ရှိသော ဆေးကုကောင်းသူ ရဟန်း သာမဏေ တစ်ဦးဦးအား ပြောသည့်အနေဖြင့် “မည်သည့်ရဟန်း မည်သည့် ရောဂါဖြစ်စဉ်က မည်သည့်ဆေးဖြင့် ကုသ၍ ပျောက်ကင်းဖူးကြောင်း” ပြောကြားနိုင်သည်။ ဒါယကာဖြစ်သူက နံဘေးမှ ကြားနာမှတ်သား၍ သူ၏ မိခင်အား ထိုဆေးနည်းအတိုင်း ကုသပါလျှင် ထိုဆေးနည်းပြောကြားသော ရဟန်းမှာ ကုလဒူသနအမှု ပြုရာမရောက်၊ အာပတ် မသင့်ချေ။

သို့မဟုတ် ဒါယကာဖြစ်သူက ဝိနည်းနားလည်သဖြင့် မည်သူဖျားနာသည် မည်သူအတွက်ဟု နာမည်ကို မဖော်ညွှန်းဘဲ “ဤရောဂါမျိုး ဖြစ်နေသူကို မည်သည့်ဆေးဖြင့် ကုသရသနည်း”ဟု ဆေးပညာသဘောသက်သက်ကို မေးရာ၌ ထိုရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးနည်းများကို ပြောပြခွင့် ရှိ၏၊[၃]

ဆေးကုကောင်းသော ပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

ရဟန်းနှင့် သာမဏေများသည် မိမိ၏ ခမည်းတော် မယ်တော်နှင့် ၎င်းတို့ အား ပြုစုလုပ်ကျွေးသူ မိမိအား ဝေယျာဝစ္စ ပြုလုပ်ပေးသူနှင့် ရှင်လောင်းတို့အား ဆေးကုပေးအပ်၏၊ လူနာအား ဆေးနည်းပြောပြခြင်း ထိုလူနာ၏ ပစ္စည်းဖြင့် ဆေးဖော်စပ်ပေးခြင်း သို့မဟုတ် မိမိပစ္စည်းဖြင့် ဆေးဖော်စပ် တိုက်ကျွေး ကုသပေးခြင်း ပြုနိုင်၏၊ အကယ်၍ မိမိ၌ ဆေးပစ္စည်းများ မရှိပါက ဆွေမျိုးများထံ တောင်း၍လည်းကောင်း, ဖိတ်ကြားထားသော ဒါယကာများထံမှ အလှူခံ၍လည်းကောင်း, မရပါက နေမွန်းလွဲအချိန်တွင် အိမ်စဉ်လှည့်လည်ရပ်၍ ဆွမ်းခံသကဲ့သို့ ဆေးပစ္စည်း အလှူခံ၍လည်းကောင်း ဆေးပစ္စည်းတို့ကို ရှာဖွေ ဖော်စပ် ကုသပေးကောင်းသည်။[၃]

မိဘမှ တစ်ပါးသော ဆွေမျိုးများအား ဆေးကုသပုံ[ပြင်ဆင်ရန်]

ထို့ပြင် ရဟန်းနှင့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တော်စပ်သူ ညီအစ်ကို မောင်နှမနှင့် ဦးကြီး ဦးလေး အဒေါ်စသည်တို့အား ၎င်းတို့၏ ဆေးပစ္စည်းဖြင့် ဖော်စပ်၍ ကုသပေးခွင့် ရှိ၏၊ အကယ်၍ မိမိပိုင် ဆေးပစ္စည်းဖြင့် ကုသပေးရပါက နောင်တစ်ချိန်တွင် အစားပြန်ပေးကြရန် ပြောဆို၍ ဆေးကုသပေး နိုင်သည်။ အလိုက်သိ၍ အစားပြန်ပေးပါက ယူရမည်။ ပြန်မပေးပါက ၎င်းဆေးတို့ကို အစားပြန်မတောင်းရ။[၃]

သီတင်းသုံးဖော်ရဟန်း၏ မိဘများအား ဆေးကုသပုံ[ပြင်ဆင်ရန်]

ဆေးပညာတတ်ကျွမ်းသော ရဟန်းသည် မိမိနှင့် အတူနေရဟန်း, ဆရာရဟန်း, တပည့်ရဟန်းတို့၏ မိခင်ဖခင်တို့အား မလွှဲမရှောင်သာ၍ ဆေးကုသပေးရပါက ထိုသားရဟန်း၏ ဆေးဝါးဖြင့် ကုသပေးရမည်။ ထိုရဟန်း၌ အရန်အသင့် ဆေးမရှိပါက မိမိ၏ ဆေးဝါးများကို သားရဟန်းပိုင်အဖြစ် ပေးအပ်ပြီးမှသာ ထိုသားရဟန်း၏ ဆေးဖြင့် ကုသပေးရမည်။[၃]

တခြားဆေးကုကောင်းသူများ[ပြင်ဆင်ရန်]

ထို့ပြင် အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များ, စစ်ရှုံးလာသော ဘုရင်နှင့် မင်းမှုထမ်းများ, ခရီးသည်များ, ရပ်ဝေးမှ ရောက်လာသော ခရီးသွားဧည့်သည်များ, ဆွေမျိုးမရှိ အထီးကျန်သူတို့သည် မကျန်းမာသဖြင့် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခိုလာပါက ဆေးကုသပေးနိုင်သည်။ ကုလဒူသနအာပတ် မသင့်ချေ။[၃]

ပရိတ်ရွတ်ခြင်း ကမ္မဝါစာဖတ်ခြင်း[ပြင်ဆင်ရန်]

“ဘုရားတပည့်တော်တို့၏ နေအိမ်နှင့် ရပ်ကွက်ကို ပရိတ်, ကမ္မဝါဖြင့် အရံအတားပြုလုပ်ပေးတော်မူပါဘုရား၊ ပရိတ်, ကမ္မဝါစာ ဖတ်၍ စောင့်ရှောက် ပေးတော်မူပါဘုရား”ဟု တောင်းပန်လျှောက်ထားရာ၌ ပရိတ် မရွတ်အပ်၊ မရွတ်ကောင်း၊ ကမ္မဝါစာလည်း မဖတ်ကောင်း၊ မလိမ္မာသော ဒါယကာအား နားလည်သဘောပေါက်စေရန် ရှင်းပြ၍ ဝိနည်းနှင့် ညီအောင် ပြန်လည် လျှောက်ထားစေရမည်။ “ပရိတ်တရားတော် ချီးမြှင့်ပေးတော်မူပါဘုရား၊ (သို့မဟုတ်) ပရိတ်ရွတ် ကြွတော်မူပါဘုရား၊ ကမ္မဝါဖတ် ကြွတော်မူပါဘုရား”ဟု လျှောက်ထားပါက ပရိတ်နှင့် ကမ္မဝါစာ ရွတ်ဖတ်ခွင့် ရှိ၏၊ ဒါယကာတို့ လျှောက်ထားတတ်ဖို့ အရေးကြီး၏၊[၃]

ပရိတ်ရေနှင့် ပရိတ်ချည် ပြုလုပ်ပေးခြင်း[ပြင်ဆင်ရန်]

ပရိတ်ရေနှင့် ပရိတ်ချည်တို့ကို ရဟန်း၏ ပစ္စည်းဖြင့် ပြုလုပ်မပေးရ၊ ဒါယကာ ဒါယိကာမတို့ ပိုင်သော ရေနှင့် ချည်ခင်တို့ဖြင့်သာ ပရိတ်ရေနှင့် ပရိတ်ချည် ပြုလုပ်ပေးရမည်။ ရဟန်းသည် ပရိတ်ရွတ်နေစဉ် ရေကို လက်ဖြင့် မွှေနှောက်ပေးခြင်း၊ ချည်ကို လက်ဖြင့် ကိုင်တွယ်သုံးသပ်ပေးခြင်း ပရိတ်ရေနှင့် ပရိတ်ချည်တို့ကို ပြုလုပ်ပေးနိုင်၏၊ အာပတ်မသင့်ချေ။ ပရိတ်သဲ ပရိတ်ခဲ ပရိတ်ပန်းတို့ ပြုရာ၌လည်း နည်းတူပင် သဘောပေါက် သိမြင်ပါလေ။[၃]

ဂါထာမန္တန်စသည် မန်းမှုတ်ခြင်း[ပြင်ဆင်ရန်]

ဆေးကုသခြင်းဟု ဆိုရာ၌ စားဆေး ထိုးဆေး လိမ်းဆေးတို့ဖြင့် ကုသခြင်းသာမဟုတ် ဂါထာမန္တန်ဖြင့် မန်းမှုတ်ပေးခြင်း၊ အထက်လမ်း အောက်လမ်း ပယောဂနည်းများဖြင့် ဆေးကုသခြင်း၊ ပျောက်စေခြင်း၊ ဆေးကုသခြင်းတို့ကိုလည်း ရဟန်းတော်များ ပြုလုပ်ခွင့် မရှိချေ။ အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ ဂဝံရုပ် ဆေးဖယောင်းတိုင် ဆေးနွားရုပ်စသော အဆောင်များ, အဂ္ဂိရတ်ဓာတ်လုံးများ, စိန်ဆေးကန့် ဝက်ဒုဋ္ဌ်ဟင်လက် စသောအစီအရင်များကို ပေးခြင်းသည်လည်း ဒါယကာဒါယိကာမတို့၏ ပိုမိုကြည်ညို အားကိုးအားထားမှုများကို ခံရသဖြင့် သဒ္ဓါတရားအစစ်အမှန်ကို ပျက်စီးစေသောကြောင့် ကုလဒူသနအမှု၌ အကျုံး ဝင်လေ၏၊ ဓာတ်ရိုက် ဓာတ်ဆင် ယတြာချေ ကျောက်တုံးမ နတ်စီး ဓာတ်စီး လက္ခဏာဟော ဗေဒင်ဟော နိမိတ်ကောက်ခြင်း ချဲအတိတ် ထီအတိတ် ပေးခြင်းတို့ကိုလည်း အလားတူ ကုလဒူသနအမှုတို့ဟု ဆိုအပ်၏၊ ရဟန်းတော်များ အထူးသတိထား ရှောင်ကြဉ်ရမည့် အချက်များ ဖြစ်သည်။[၃]

တမန်သည် ပြုခြင်း[ပြင်ဆင်ရန်]

တစ်ရပ်တစ်ကျေးရောက်ရှိနေသူထံသို့ သွားရောက်၍ သတင်းစကား ပြောကြားပေးခြင်း၊ အကျိုးအကြောင်းစုံစမ်း၍ မူလစေလွှတ်သူထံ တစ်ဖန် ပြန်၍ သတင်းပို့ခြင်း (= တမန်သည်) မပြုလုပ်အပ်၊ ပြုလုပ်လျှင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ထိုသို့ သတင်းစကား သွားရောက်ပြောကြားခြင်းကြောင့် ရရှိသောဆွမ်းကို ဘုဉ်းပေးလျှင် မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ လူတို့၏ လောကီစီပွားရေးကိစ္စ အိမ်မှုကိစ္စ ကျန်းမာရေး လူမှုရေးကိစ္စတို့နှင့် စပ်သော သတင်းစကားတို့ကို သွားရောက် မပြောကြားရန် တားမြစ်တော်မူခြင်း ဖြစ်သည်။[၃]

သတင်းစကား ပို့ဆောင်ကောင်းသော အရာများ[ပြင်ဆင်ရန်]

ရဟန်း သာမဏေ ရှင်လောင်းတို့၏သတင်းစကား မယ်တော် ခမည်းတော်နှင့် မိမိရဟန်း၏ ဝေယျာဝစ္စပြုလုပ်ပေးသူတို့၏ သတင်းစကားကိုမူ သွားရောက် ပြောကြားပေးကောင်း၏၊ လူဒါယကာတို့၏ ဘုရားတည် ကျောင်းဆောက် ရှင်ပြု အလှူဒါနပွဲ စသော သာသနာရေး ကုသိုလ်ရေးနှင့် စပ်လျဉ်းသည့် သတင်းစကားတို့ကိုမူ ပြောကြားပေးကောင်း၏၊ အာပတ် မသင့်ချေ။[၃]

လမ်းခရီးကြုံ၍ မေးမြန်းသဖြင့် ပြောကြားခြင်း[ပြင်ဆင်ရန်]

ခရီးသွား ခရီးပြန်ရင်း လမ်းကြုံ၍ ဒကာတို့က အကျိုးအကြောင်း မေးမြန်းသဖြင့် ဖြေကြားပြောဆိုရာ၌မူ အာပတ်မသင့်ချေ။ ဥပမာအားဖြင့် မန္တလေးမြို့မှ ဖခင်ဖြစ်သူ ဦးဘက ရန်ကုန်မြို့ရှိ သားဖြစ်သူ ကိုဝထံသို့ ခရီးသွားကြုံမည့် ဥုးသောဘိတကို မိမိမကျန်းမာကြောင်း၊ ဆေးရုံတက်၍ ဗိုက်ခွဲရကြောင်း စသည်ပြောကြားပေးပါရန် မှာကြားလျှောက်ထားလိုက်၏၊ ဥုးသောဘိတသည် “ကောင်းပြီ၊ ကောင်းပါရဲ့၊ ဟုတ်ကဲ့၊ ပြောပေးမည်၊” စသည်ဖြင့် ဝန်ခံခြင်း မပြုလုပ်ခဲ့ဘဲ ရန်ကုန်မြို့သို့ ရောက်သောအခါ ကိုဝ၏ အိမ်သို့ သွား၏၊ ကိုဝက စတင်၍ မိမိဖခင်ကြီး၏ ကျန်းမာရေးအကြောင်း အခြေအနေကို မေးပါက ပြောပြခွင့်ရှိ ၏၊ အကြောင်းစုံ ပြောပြနိုင်၏၊ အာပတ် မသင့်ချေ။ သို့သော် ကိုဝက မမေးမြန်းဘဲ မိမိက စတင်၍ သင်၏ ဖခင်ကြီး မကျန်းမာကြောင်း၊ ဆေးရုံတက် ကုသရကြောင်း၊ ဗိုက်ခွဲရကြောင်း စသည် သတင်းစကား ပြောကြားလျှင် ဥုးသောဘိတသည် ကုလဒူသနဒုက္ကဋ်အာပတ် သင့်၏၊ လမ်းခရီးကြုံ၍ ရဟန်းတော်တို့ မှာကြားမှု အပြုခံရပါက အာပတ် မသင့်အောင် ပြောကြားပေးနည်းများကို မှတ်သားသင့်ပါသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. (ဝိ၊ဋ္ဌ၊၄၊၁၈၀။)
  2. ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ၃.၁၀ ၃.၁၁ ၃.၁၂ ၃.၁၃ ၃.၁၄ ၃.၁၅ ၃.၁၆ ၃.၁၇ ၃.၁၈ ၃.၁၉ ၃.၂၀ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း