ကပိလဝတ်ပြည်
သက္ကတိုင်း (Shakya)၊ ကပိလဝတ်ပြည် (Kapilavastu) သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံတော်မူသော ပြည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး (၁၆) တိုင်း၊ ပြည်ကြီး (၂၀) ဟု ကျော်စောခဲ့သည်။
ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော်များကို ဟိမဝန္တာသို့ သွားရောက်နေထိုင်ရန် အမိန့်ရှိခဲ့ရာမှ သားတော် သမီးတော်တို့သည် ကပိရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီးတွင် ရသေ့ကြီး၏ အဆုံးအမကို ခံယူကာ တိုင်းပြည် တည်ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ်ပြည်ဟု ခေါ်တွင်သည်။ ကပိလဝတ်ပြည်ကို မြန်မာစာများ၌ ကပ္ပီလဝတ် ဟူ၍လည်း သုံးစွဲကြသည်။
သာကီဝင်မင်းတို့၏ ပြည်ထောင်ချင်းဖြစ်သော ကပိလဝတ်ပြည်နှင့် ကောလိယပြည်စပ်ကြားတွင် ရောဟီဏီမြစ် ဖြတ်သန်းစီးဆင်းသည်။ ခရစ်တော်မပေါ်မီ ၆ ရာစုနှစ်ခန့်က ကပိလဝတ်ပြည်တွင် မင်းအများ အလှည့်ကျအုပ်စိုးခဲ့၍ မြတ်စွာဘုရားအလောင်းတော် မွေးဖွားခိုက်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြီးစိုးခိုက်ဖြစ်သည်။ နေပြည်တော်၏မြို့ရိုးမှာ ၁၈ တောင်မြင့်ကြောင်း အမှတ်အသားများရှိသည်။ သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူပြီးနောက် သစ္စာလေးပါးကို သိမြင်၍ ဘုရားဖြစ်သည်တွင် ခမည်းတော်မင်းကြီးက အကြိမ်ကြိမ် ပင့်ဖိတ်သဖြင့် ကပိလဝတ်ပြည်သို့ ရာဇဂြိုဟ်ပြည် မှ ကြွလာပြီးသော် ဆွေတော်မျိုးတော် အပေါင်းကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။
မြတ်စွာဘုရားအား ကပိလဝတ် နေပြည်တော်သို့ ကြွပါမည့်အကြောင်း ဖွားဖက်တော် ကာဠုဒါယီအမတ်က ဂါထာ ၆၀ ဖြင့် သီကုံးလျှောက်ထားကြောင်း ကျမ်းဂန်များတွင် အခိုင်အမာဆိုသည်။ ထိုသို့ ပင့်လျှောက်ပုံကို အင်းဝခေတ်တွင် သျှင်အုန်းညိုက ဂါထာ ၆၀ ပျို့တွင် အသေးစိတ် ဖတ်ရှုနာပျော်ဖွယ် ရှိအောင်စပ်ဆိုခဲ့သည်။ ထိုနည်းတူ သျှင်ဥတ္တမကျော်ကလည်း မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွခန်းကို ‘စက်ဆဲ့နှစ်လီ၊ ဒွါဒသီဝယ်’ ချီသော တောလားရတုဖြင့် သီကုံးခဲ့သေးသည်။ ထို့ပြင် ဂါထာ ၆၀ ဝတ္ထုလည်း ရှိသေးသည်။
ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည်သို့ ရောက်မဆိုက်၌ပင် မာနတံခွန် ထူလှသော ဆွေတော်မျိုးတော်များအား ရေအစုံ၊ မီးအစုံ ယမိုက်ပြဋိဟာကို ပြသ၍ ဇာတ်ကြီးဆယ်စောင် အပါအဝင် ဝေဿန္တရာဇာတ်တော်ကို ဟောတော်မူသည်။ ထို့အပြင် နန္ဒာမင်းသားဟု ခေါ်တွင်သော ညီတော် မင်းနန်နှင့် သားတော် ရာဟုလာတို့အား သာသနာ့အမွေအနှစ် ပေးတော်မူသည်။
ထိုပထမအကြိမ် ဘုရားမြတ်စွာသည် ကပိလဝတ်ပြည်သို့ ရောက်တော်မူသည့်အလား နောက်ထပ် အကြိမ်ကြိမ်ကြွရောက်ဖူးကြောင်း ကျမ်းဂန်များတွင် ဖော်ပြထားသည်။ တစ်ကြိမ်၌ ကပိလဝတ်ပြည်သားများနှင့် ကောယိယပြည်သားတို့သည် ရောဟိဏီမြစ်ရေကို လယ်ရေသောက်အဖြစ် အတူတကွ သုံးစွဲကြရာမှ အချင်းပွားကြရာ မြတ်စွာဘုရားသည် ကြွရောက်လာ၍ ငြိမ်းချမ်းရေးကို ဟောပြောကြောင်း၊ နောက်တစ်ကြိမ်၌ကား ဝိဋဋျုဘမင်း၏ ရန်စွယ်ကို တားမြစ်အံ့သောငှါ မြတ်စွာဘုရား နေပြည်တော်သို့ ဒေသစာရီ ဖြန့်ချိကြောင်း ကျမ်းဂန်များတွင် မှတ်တမ်းတင်ထားသည်။
အေဒီ ၄ ရာစုနှင့် ၇ ရာစုနှစ်များအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသော တရုတ်အမျိုးသား ဖာဟီယန်နှင့် ဟူအင်စန်တို့သည် ကပိလဝတ်ပြည်နှင့် သာသနာတော်ဆိုင်ရာ ဌာနများအကြောင်းကို ကိုယ်တွေ့မှတ်တမ်းတင်ခဲ့ကြသည်။
ကပိလဝတ်ပြည်အနီး လုမ္ဗိနီအရပ်တွင် သီရိဓမ္မာသောကမင်းကြီးသည် လုမ္ဗိနီကျောက်တိုင်ကို စိုက်ထူခဲ့သည်။ ကပိလဝတ်ပြည် မြို့တော်ဟောင်းနေရာကို အတိအကျ မပြောသာသေးသော်လည်း နီပေါနိုင်ငံအတွင်းရှိ ပိပရာဝါ အမည်တွင်သော ရွာနေရာပင်ဖြစ်မည်ဟု ဆိုကြသည်။ ထိုအရပ်တွင် ကပိလဝတ် အမည်ပါသော မြူတာအိုးများကို တူးဖော်တွေ့ရှိရလေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Marshall, John (1918). Guide To Sanchi, Calcutta: ASI; p.64]
- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၄)။ "ကပိလဝတ်ပြည်"။ မြန်မာ့စွယ်စုံကျမ်း။ ၁ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၅၄။