ကပ္ပိယကုဋိ

ဝီကီပီးဒီးယား မှ

ကပ္ပိယကုဋိ (၄) မျိုးရှိပါသည်။

၁။ ဥဿာဝနန္တိကကုဋိ၊

၂။ ဂေါနိသာဒိကကုဋိ၊

၃။ ဂဟပတိကုဋိ၊

၄။ သမ္မုတိကုဋိဟူ၍ ဖြစ်ပါသည်။[၁]

၁။ ဥဿာဝနန္တိကကုဋိ[ပြင်ဆင်ရန်]

သံဃာ၏လည်းကောင်း, ပုဂ္ဂိုလ်၏လည်းကောင်း နေစရာအကျိုးငှာ ရဟန်းတို့ချည်းသက်သက် ဖြစ်စေ၊ လူသာမဏေတို့နှင့် ရော၍ဖြစ်စေ၊ ပထမ ထူသောတိုင် သို့မဟုတ် ပထမနံရံခြေဖြစ်သော အုတ်ကျောက်ကို ချီမြှောက်၍ “ကပ္ပိယကုဋိံ ကရောမ”ဟု ဆို၍ဖြစ်စေ၊ ကပ္ပိယကုဋိံဟု ဆို၍ဖြစ်စေ မြေနှင့် တိုင်၊ မြေနှင့် အုတ်ကျောက် ထိသည်နှင့် ပါဠိပြောကြား ရွတ်ဆိုခြင်းအဆုံး တစ်ပြိုင်နက်ဖြစ်အောင်ဆို၍ ပြုလုပ်သော ကျောင်းကို ဥဿာဝနန္တိကကုဋိဟု ခေါ်သည်။ ကျောင်းဟောင်းကို ဖျက်၍ဖြစ်စေ၊ အသစ်ဖြစ်စေ ကျောင်းဆောက်ရာ၌ ဤဥဿာဝနန္တိကာကုဋိဖြစ်အောင် ရှေးဆရာတို့ စီမံလေ့ ရှိကြသည်။[၁]

၂။ ဂေါနိသာဒိကကုဋိ[ပြင်ဆင်ရန်]

အာရာမ (= အရံအကာ) မရှိသောကျောင်းကို ဂေါနိသာဒိကကုဋိဟု ခေါ်သည်။ ထို ဂေါနိသာဒိကကုဋိသည် အာရာမလည်း အရံ မရှိ၊ ကျောင်းလည်း အရံ မရှိအံ့၊ အာရာမဂေါနိသာဒိကကုဋိဟု ခေါ်၏၊ ကျောင်းသည် အလုံးစုံဖြစ်စေ, တချို့ဖြစ်စေ အရံ ရှိ၍ အာရာမသည် အရံ မရှိအံ့၊ ဝိဟာရဂေါနိသာဒိကကုဋိ ခေါ်သည်။ အရံ မရှိသည်သာ လိုရင်း ဖြစ်သည်၊ နွားတို့သည် ဝင်ရောက်နိုင်ရကား ထိုကျောင်းတိုက်ကို ဂေါနိသာဒိကကုဋိဟု ခေါ်သည်။[၁]

၃။ ဂဟပတိကုဋိ[ပြင်ဆင်ရန်]

လူဒါယကာတို့ ကျောင်းဆောက်၍ ကပ္ပိယကုဋိံ ဒေမ ပရိဘုဉ္ဇထ ဟူ၍လည်းကောင်း, “ကပ္ပိယကုဋိံ ကာတုံ ဒေမ”ဟူ၍လည်းကောင်း ဆို၍ လှူအပ်သော ကျောင်းမျိုးကို ဂဟပတိကုဋိ ဟုခေါ်သည်။

(မှတ်ချက်) သီတင်းသုံးဖော် ငါးယောက်တို့တွင် ရဟန်းကို ဖယ်ထား၍ ကြွင်းသော သီတင်းသုံးဖော်လေးယောက်နှင့် လူနတ်တို့ လှူသော ကျောင်းကိုလည်း ဂဟပတိကုဋိ ခေါ်သေးသည်။ တစ်ဖန် ရဟန်းသံဃာ၏ ကျောင်းကို ဖယ်ထား၍ ဘိက္ခုနီမကျောင်း အာရာမ်စောင့် တိတ္ထိ နတ် နဂါး ဗြဟ္မာတို့၏ ဗိမာန်ကိုလည်း ဂဟပတိကုဋိ ခေါ်သေးသည်ဟု အန္ဓကအဋ္ဌကထာ ဆို၏၊ ယာဝကာလိက ယာမကာလိက ဝတ္ထုကို သိမ်းထားကောင်း၏၊ အန္တောဝုတ္ထအပြစ် မရှိဟူလို။[၁]

၄။ သမ္မုတိကုဋိ[ပြင်ဆင်ရန်]

သိမ်အတွင်း၌ ဉတ္တိဒုတိယကမ္မဝါစာဖြင့်ဖြစ်စေ၊ အပလောကနကံဖြင့် ဖြစ်စေ သမုတ်အပ်သော ကျောင်းမျိုးကို သမ္မုတိကုဋိဟု ခေါ်သည်။[၁]

အကပ္ပိယကုဋိ ဖြစ်ပုံ[ပြင်ဆင်ရန်]

၁။ ဥဿာဝနန္တိကကုဋိ ပျက်ပုံ = အလုံးစုံသော တိုင်နံရံခြေတို့ကို ပယ်ဖျက်အပ်ကုန်သော် ဥဿာဝနန္တိကကုဋိ ပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။ တိုင်တစ်လုံးဖြစ်စေ, နံရံခြေမျှဖြစ်စေ မပျက်သေးလျှင် ကပ္ပိယကုဋိ မပျက်သေး။

၂။ ဂေါနိသာဒိကကုဋိ ပျက်ပုံ = တံတိုင်းစသည်တို့ဖြင့် ထက်ဝက် ထက်ဝက်ထက်အလွန် ကာရံမိသော် ဂေါနိသာဒိကကုဋိ ပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။ တစ်ဖန် တံတိုင်းအကာရံစသည် ပျက်စီးပြန်သော် ကပ္ပိယကုဋိ ဖြစ်ပြန်သေး၏၊

၃။ ဂဟပတိကုဋိ ပျက်ပုံ = အမိုးအားလုံး ပျက်သော် ကပ္ပိယကုဋိပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။

၄။ သမ္မုတိကုဋိ ပျက်ပုံ = အမိုးအားလုံးပျက်သော် ကပ္ပိယကုဋိပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။ ပြန်၍မိုးလျှင် ကပ္ပိယကုဋိ ပြန်၍ဖြစ်သည်ဟု ယူသင့်သော်လည်း ထိုသို့ကား အဆိုမရှိပါ၊ ထို့ကြောင့် ဝိနည်းဓိုရ် ဆရာတော်ကြီးများသည် ကျောင်းပြင်မိုးသောအခါ အမိုးအားလုံး ဖျက်မချ စေဘဲ အမိုးအနည်းငယ် ချန်ထားခဲ့ပြီး နောက်မှ ပြန်မိုးစေကြသည်။

(မှတ်ချက်) ဂေါနိသာဒိကကုဋိ စသည်တို့ပျက်၍ သမ္မုတိကုဋိ ပြုလုပ်ပြန်သော် အပ်သည်၊ ပြုကောင်းသည်။ ဝါသာဂါရ နေစရာကျောင်း မဟုတ်သော ဆွမ်းစားကျောင်း ဥပုသ်အိမ် စသည်တို့ကား ဘယ်အခါမှ မပျက်ကောင်းသော ကပ္ပိယကုဋိ မည်၏၊ အဋ္ဌကထာကြီး ဘေသဇ္ဇခန္ဓက၌ အကျယ်လာပြီ။ (ပါတိမောက္ခမေဒိနီ၊ ၃၃၆။) အာပတ်သင့်ပုံများ ကာလိကလေးပါး၌ ပြဆိုအံ့။

(ဆောင်) ဂဟပတိ၊ သမ္မုတိ၊ ဂေါနိဥဿဝနန်။ ဥဿာဝနန်၊ တိုင်ခြေရံ၊ မကျန်အားလုံးပျက်။ ဂေါနိသာဒိ၊ ကာရံမိ၊ ပျက်၏ရာမ်ထက်ဝက်။ ဂဟပတိ၊ သမ္မုတိ၊ မရှိအမိုးပျက်။ ဝါသာဂါရ၊ မဟုတ်က၊ ပဉ္စမီ မပျက်။[၁]

သံဃိကဖြစ်စေ, ပုဂ္ဂလိကဖြစ်စေ နေဖို့ရန်ဆောက်လုပ်အပ်သော သဟသေယျအာပတ်လည်း သင့်လောက်အောင် အမိုးအကာရှိသော ကျောင်းဝယ် ကပ္ပိယကုဋိကို ရှိထိုက် ရထိုက်၏၊ ကပ္ပိယကုဋိ မရှိလျှင် ယာဝကာလိက, ယာမကာလိကဝတ္ထု နှစ်မျိုးတို့ကို ညဉ့်အခါ၌ အရုဏ်တက်အောင် မထားကောင်း၊ မသိုမှီးကောင်း၊ ထားမိလျှင်လည်း မစားကောင်း၊ စားလျှင် ဒုက္ကဋ် အာပတ်သင့်၏၊ ထိုသို့ အာပတ်မသင့်အောင် ကပ္ပိယကုဋိ ရှိထိုက် ဖြစ်ထိုက်သည် ဟူလို။ ဤအချက်ကို သတိပြုလိုက်နာသူများ အတော်ရှားနေပြီ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း