ကပ္ပိယကုဋိ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
"ကပ္ပိယ" ဆိုသည်မှာ "အပ်စပ်သော" ဟု အဓိပ္ပါယ်ရပြီး "ကုဋိ" ဆိုသည်မှာ "ကျောင်း" ကို ဆိုလိုသည်။ ထို့ကြောင့် ကပ္ပိယကုဋိ[၁]ဆိုသည်မှာ အပ်သော ကျောင်း၊ ရဟန်းတို့သုံးဆောင်ကောင်းသော ကျောင်းဟု အဓိပ္ပါယ်ရသည်။ [၂]
ကပ္ပိယကုဋိအင်္ဂါ ၄-ပါး
[ပြင်ဆင်ရန်]- (၁) ရဟန်းသံဃာတို့၏ အပိုင် ဥစ္စာလည်း ဖြစ်စေ။
- (၂) ရဟန်းသံဃာတို့ အမြဲနေဘို့ရာ ကျောင်းလည်း ဖြစ်စေ။
- (၃) သဟသေယျအာပတ်သင့်လောက်သော အမိုး အကာနှင့် ပြည့်စုံသည်လည်း ဖြစ်စေ။
- (၄) ကပ္ပိယဝေါဟာရဖြင့်လှူဒါန်းခြင်း၊ ဉတ်ကမ္မဝါစာနှင့် သမုတ်ခြင်း စသည်ဖြင့် ထိုထို ကုဋိ အားလျော်စွာ ကပ္ပိယ အစီအရင်ကို နေရာ တကျ ပြုလုပ်သည်လည်းဖြစ်စေ၊ ဤလေးပါးကို ကပ္ပိယကုဋိ၏ သာမည အင်္ဂါလေးပါးဟု ဆိုသည်၊
ပဉ္စမကပ္ပိယကုဋိ
[ပြင်ဆင်ရန်]ပဌမအင်္ဂါ မရှိသော လူတို့၏ အိမ်ရာတိုက်တာများသည်လည်းကောင်း, ဒုတိယ အင်္ဂါ မရှိသော ရဟန်းတို့ နေဘို့မဟုတ် အခိုက် အတန့်မျှ သုံးဆောင်ဘို့ဖြစ်သော ဝစ္စကုဋိ, ပဿာဝကုဋိ ဥပုသ်အိမ်, သိမ်, တန်ဆောင်း စသည်များသည်၎င်း, တတိယအင်္ဂါမရှိသော ရဟန်းတို့နေဘို့ရာပင် ဖြစ်သော်လည်း သဟသေယျအာပတ်သင့်လောက်အောင် အမိုး မရှိသောကျောင်း, အကာမရှိသောကျောင်း, အမိုးအကာပျက်၍နေသော ကျောင်းများ သည်၎င်း ကပ္ပိယကုဋိလေးပါးမှ အလွတ်ဖြစ်သော ပဉ္စမကပ္ပိယကုဋိ မည်၏။
(၁) ဥဿာဝနန္တိကာကုဋိ
[ပြင်ဆင်ရန်]“ရဟန်းအပိုင်၊ ရှေးဦးတိုင်ကို၊ ပွေ့ကိုင်ချီချ၊ မြေအကျနှင့်၊ ကပ္ပိယစကား၊ ဆုံးပြိုင်ငြား၊ မှတ်သား ဥဿာဝနန္တိကာ” ဟူသော လင်္ကာနှင့်အညီ
- (က) ရဟန်းသံဃာတို့၏ ပုဂ္ဂလိကသံဃိက ဖြစ်သော သစ် ဝါး အုတ် ကျောက်တို့နှင့် ဆောက်လုပ်သည်လည်း ဖြစ်စေ၊
- (ခ) ရှေးဦးစွာ စိုက်ထူသောတိုင် ရှေးဦးစွာတက်သော အုတ်ကျောက်တို့ကိုရဟန်းတို့ပွေ့ ချီ၍ မြေသို့ ကျသည်နှင့် “ကပ္ပိယကုဋိံ ကရောမ”ဟူသော ကပ္ပိယစကားအဆုံး ပြိုင်မိသည်လည်း ဖြစ်စေ၊ ဤအင်္ဂါ နှစ်ပါးနှင့် ပြည့်စုံသော ကုဋိကို ဥဿာဝနန္တိကာကုဋိဟု ဆိုသည်။
(၂) ဂေါနိသာဒိကာကုဋိ
[ပြင်ဆင်ရန်]“နွားတို့ နေဘိ၊ အနက်ရှိ၊ ဂေါနိသာဒိကာ” ဟူသော လင်္ကာနှင့်အညီ ဂေါနိသာဒိကာ သဒ္ဒါသည် နွားတို့နေရာဟူသော အနက်ရှိ၏၊ တိုက်တာ ကျောင်းကန် အရံအကာမရှိသည်ကို ဆိုလို၎င်းဖြစ်သည်။
- (က) တိုက်တာအကာအရံမရှိလျှင် အာရာမဂေါနိသာဒိကာမည်၏။
- (ခ) တိုက်တွင်းရှိ ကျောင်းများမှာ အကာအရံမရှိခဲ့လျှင် ဝိဟာရဂေါနိသာဒိကာမည်၏၊ ထိုနှစ်ပါးတွင် တိုက်တာ အကာအရံမရှိမှုသာ လိုရင်း ဖြစ်၏၊ တိုက်တွင်းရှိ ကျောင်းများ၌ ကျောင်း အောက်မှာ နွားမဝင်နိုင်ရန် အကာအရံရှိမှု, မရှိမှုသည် လိုရင်းမဟုတ်၊ အရံဆိုသည်မှာလည်း နွားတို့ကို ကာဆီးနိုင်ရန် အမြင့်နှစ်တောင် ခြောက်သစ်ရှိ၍ တတိုက်လုံးကို ဝန်းဝိုင်းမိအောင် ရှိခဲ့သော်လည်းကောင်း, ထက်ဝက်ခန့်ရှိခဲ့သော်၎င်း, အရံရှိသည် မည်၏။ တိုက်တာ တစ်ခုလုံး အရံမရှိခဲ့သော်၎င်း, ရှိသောအရံသည် ထက်ဝက်အောက် နည်းခဲ့သော်၎င်း အရံမရှိသည် မည်၏၊ ဤအရံ မရှိမှုသည်ပင် ဂေါနိသာဒိကာကုဋိ၏ အင်္ဂါပင်တည်း။
(၃) ဂဟပတိကုဋိ
[ပြင်ဆင်ရန်]“လူသန္တက၊ ကပ္ပိယဟူ၊ ဆို၍လှူ၊ မှတ်ယူ ဂဟပတိ”ဟူသော လင်္ကာနှင့်အညီ
- (က) မလှူမီ ရှေးအဖို့၌ လူတို့၏အပိုင်ဥစ္စာလည်းဖြစ်စေ၊
- (ခ) ကျောင်းပြီး၍ လှူဒါန်းသောအခါ၌ “ဣမံ ဝိဟာရံ ကပ္ပိယကုဋိံ ကာတုံ သံဃဿ ဒေမ (သံဃာ ဖို့) အာယသ္မတောဒေမ (ပုဂ္ဂလိကဖို့)”ဟူသော ကပ္ပိယစကားကို မြွက်ဆို၍ လှူဒါန်းသည်လည်း ဖြစ်စေ၊ ဤအင်္ဂါ နှစ်ပါးရှိသော ကျောင်းကို ဂဟပတိကုဋိဟု ဆိုသည်။
(၄) သမ္မုတိကုဋိ
[ပြင်ဆင်ရန်]“သမုတ်တုံဘိ၊ သမ္မုတိ၊ ဉတ္တိဒုတိယာ။ ပန်ကြားမှုလည်း။ အပ်သတည်း။ နှစ်နည်း အဆိုလာ” ဟူသော လင်္ကာနှင့်အညီ ကပ္ပိယကုဋိ အင်္ဂါချို့တဲ့သဖြင့် အကပ္ပိယဖြစ်၍နေသော ကျောင်းကို ကပ္ပိယ ကုဋိ ဖြစ်စေခြင်းငှါ ဉတ္တိဒုတိယကမ္မဝါစာဖြင့် သမုတ်ရသည်၊ ထိုကုဋိကို သမ္မုတိကုဋိခေါ်သည်၊ အဋ္ဌကထာ၌ကား အပလောကနကံ ဖြင့်လည်း သမုတ်အပ်၏ဟု လာ၏၊ ဝိနည်း မတတ်သော ရဟန်းတို့ အလှူခံ၍ နေသော ကျောင်းဟောင်း, ဝိနည်းမတတ်သော ရဟန်းတို့ဆောက်လုပ်သော ကျောင်းသစ်, ဝိနည်း မတတ်သော ရဟန်းတို့ အမိုးဟောင်းကို ဖျက်၍ အသစ်မိုးသော ကျောင်းမျိုး၊ ဤကဲ့သို့ သော ကျောင်းများကို နောက်ဆက်ခံ၍နေသော လဇ္ဇီပေသလ ရဟန်းသည် သမ္မုတိကပ္ပိယကုဋိ ဖြစ်အောင် ပြုလုပ်၍ နေရမည်၊ ဉတ္တိဒုတိယကမ္မဝါစာဖြင့်သော်လည်း သမုတ်ရမည်၊ အပလောကနကံဖြင့်သော်လည်း သမုတ်ရမည်ဟု ဆို၏။ “အင်္ဂါမညီ၊ ကျောင်း ကုဋီ၊ အကပ္ပီယသာ”ဟူသော လင်္ကာနှင့်အညီ ရှေး၌ ပြခဲ့ပြီးသော သာမညအင်္ဂါ အသီး အသီးသော ဝိသေသအင်္ဂါတို့နှင့် မညီညွတ်သော ကျောင်းများသည် အကပ္ပိယကုဋိမည်၏၊ အကပ္ပိယကုဋိ ဆိုသော်လည်း မနေအပ်, မထိုင်အပ်သော ကျောင်းဟု ဆိုလိုသည် မဟုတ်၊ ကာလိကဝတ္ထုများနှင့် စပ်၍ အာပတ်အပြစ်ရှိသောကြောင့်ဆိုသတည်း။ [၃]