ဘေရီယမ်
ဘေရီယမ်(Barium) သည် ငွေဖြူရောင်ရှိသော ဒြပ်စင်တစ်ခုဖြစ်ပြီး၊၎င်းကို ပတ်ဝန်းကျင်တွင် သဘာဝအလျောက် တည်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။ ၎င်းဒြပ်စင်သည် ဆာလဖာ(sulfur)၊ ကာဗွန်(carbon) သို့မဟုတ် အောက်ဆီဂျင်(oxygen) ကဲ့သို့ အခြားသော ဓာတုဗေဒဆိုင်ရာ(chemicals)ဒြပ်စင်များနှင့် ပေါင်းစပ်ဖြစ်တည် နေသည်။ ၎င်းသည် အလွန်ပေါ့ပြီး၊ ၎င်း၏ သိပ်သည်းခြင်းမှာ သံ၏ တစ်ဝက်မျှသာရှိသည်။ လေထဲတွင် ဘေရီယမ် အောက်ဆီဂျင်နှင့်ဓာတ်ပြုနိုင်သည်။ ရေနှင့်လျှင်မြန်စွာ ဓာတ်ပြု၍ ဟိုက်ဒရောဆိုဒ်နှင့် လွတ်လပ်သောဟိုက်ဒရိုဂျင် ပုံစံများကိုပေါ်ပေါက်စေသည်။ ဘေရီယမ်သည် non-metals အားလုံးနီးပါးနှင့် ဓါတ်ပြုပြီး၊ တစ်ခါတစ်ရံ အဆိပ် အတောက်ပုံစံ ဒြပ်ပေါင်းများကို ပေါ်ပေါက်စေသည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
ဘေရီယမ်ကို တစ်ခါတစ်ရံတွင် ဘေရီယမ်-နီကယ် သတ္တုစပ်များအဖြစ်ပြုလုပ်၍ ခြောက်သွေ့ပြီး အောက်ဆီဂျင်ဖယ်ရှားထားသော လေဟာနယ် ပြွန်အတွင်း လျှပ်စစ်အဖို၊အမစွန်း ပလက်ခေါင်းတိုင်းများအဖြစ် အသုံးပြုကြသည်။ ၎င်းကို တောက်ပသော မီးချောင်းများတွင်လည်း အသုံးပြုကြသည်။ (မသန့်စင်သော ဗေရီယမ်ဆာလဖိုက် ဖော့စဖာရစ်(စ်)(barium sulfide phosphoresces) နှင့်ထိတွေ့ပြီးနောက် အလင်းရောင်ထွက်ခြင်း ဖြစ်သည်။)
ဘေရီယမ်ဒြပ်ပေါင်းများဖြင့် ပြုလုပ်ထားသော ဆီနှင့် ဓါတ်ငွေ့လောင်စာများကို စက်မှုလယ်ယာလုပ်ငန်းများတွင် လောင်စာဆီများအဖြစ် အသုံးပြုကြသည်။ ထွန်စက်များ၏ အသွားများမွတ်ညက်အောင် ၎င်းဆီထည့်ခြင်းဖြင့် ကျောက်တုံးများကိုဖြတ်ပြီး ထွန်ယက်ရာတွင် လွယ်စေသည်။ ဘေရီယမ်ဒြပ်ပေါင်းများသည် သုတ်ဆေးများ၊ အုတ်ခဲများ၊ အုပ်ကြွပ်များ၊ ဖန်ထည်များနှင့် ခဲဖျက်များပြုလုပ်ရာတွင် လည်း အသုံးပြုပါသည်။ ဘေရီယမ် နိုက်ထရိတ်(Barium nitrate) နှင့် ကလိုရိတ်(chlorate)သည် အစိမ်းရောင် မီးရှူးမီးပန်း များကို ထုတ်ပေးပါသည်။
ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ [ပြင်ဆင်ရန်]
ဘေရီယမ်သည် ကမ္ဘာ့အပေါ်ယံမြေလွှာတွင် အံဩစရာကောင်းလောက်အောင် အလျှံပယ်ပေါများသော ၁၄ ခုမြောက် အပေါများဆုံး ဒြပ်စင်ဖြစ်ပါသည်။ ဘေရီယမ်အမြင့်ဆုံးပါဝင်မှု ပမာဏကို အစားအစာများ နှင့်မြေလွှာများတွင် တွေ့မြင်နိုင်ပါသည်။ (ဥပမာ- အခွံမာသောအသီးများ၊ ပင်လယ်ရေညှိများ၊ ကျောက်ပွင့် များ၊ ငါးများနှင့် အချို့သောအပင်များ) စက်ရုံများတွင် ကျယ်ပြန့်စွာ အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်သို့ ဘေရီယမ် ရောက်ရှိမှု ပမာဏ များပြားလာသည်။ ထိုသို့ရောက်ရှိခြင်းကြောင့် ၎င်းဝန်းကျင် လေထု၊ ရေထုနှင့် မြေထုထဲရှိ ဘေရီယမ်ပြင်းအားမှာ အခြားနေရာရှိ ဘေရီယမ် များ၏ ပြင်းအားထက် ပိုများနိုင်ပါသည်။ ဘေရီယမ် (Ba)သည် ဓါတ်သတ္တု တူးဖော်နေစဉ်အတွင်း၊ ဓါတ်သတ္တု သန့်စင်နေစဉ်အတွင်းနှင့် ဘေရီယမ်ဒြပ်ပေါင်းများ ထုတ်လုပ်နေစဉ်အတွင်း လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းသည် ကျောက်မီးသွေးနှင့် ရေနံလောင်ကျွမ်းနေစဉ် အတွင်းတွင်လည်း လေထဲသို့ဝင်လာနိုင်ပါသည်။ အဓိက အရေးပါသော သတ္တုရိုင်းကို ဘေရိုက် (barite (BaSO4)) မှရရှိပြီး၊ Witherite (BaCO3) မှလည်း ရရှိနိုင်သည်။ အဓိကဘေရီယမ် (Barium) ကိုတူးဖော်သော နိုင်ငံများသည် အင်္ဂလန်(UK)၊ အီတလီ(Italy)၊ ချက်သမ္မတနိုင်ငံ(Czech republic)၊ အမေရိကန်(USA) နှင့် ဂျာမနီ (Germany) နိုင်ငံများဖြစ်သည်။ နှစ်စဉ် တန်ပေါင်း ၆ သန်းခန့် ထုတ်လုပ်လျှက်ရှိပြီး၊ တန်ပေါင်း သန်း ၄၀၀ ထက်ပိုပြီး သိုလှောင်ရန် မျှော်လင့်ကြသည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ [ပြင်ဆင်ရန်]
အစားအသောက်နှင့် ရေထဲတွင် ဘေရီယမ် ပါဝင်မှုပမာဏသည် ကျန်းမာရေးအတွက် စိုးရိမ်နိုင်စရာ မရှိသေးပေ။ လူသားများသည် ဘေရီယမ် စက်ရုံများတွင် ကြီးမားသော ဘေးအန္တရာယ်များနှင့်အတူ ဘေရီယမ်ကို ထိတွေ့လုပ်ဆောင် နေကြရသည်။ ကျန်းမာရေးအတွက် ဘေးအန္တရာယ် အများဆုံးဖြစ်စေနိုင်သော အချက်မှာ အသက်ရှူခြင်းဖြင့် ဘေရီယမ် ဆာလဖိတ်(Barium sulphate) နှင့် ဘေရီယမ်ကာဗွန်နိုတ်(Barium carbonate) များ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း စုပုံသော နေရာများတွင် အချို့သော ဘေရီယမ်များ ပါဝင်နေသည်။ ထိုဝန်းကျင်တွင် နေထိုင်သော လူများသည် ၎င်းတို့နှင့် ထိတွေ့နိုင်သောကြောင့် အန္တရာယ် ရှိသော အဆင့်တွင် ရောက်ရှိနေပေသည်။ ဘေရီယမ် ပါဝင်သည့် ညစ်ညမ်းသော ပတ်ဝန်းကျင်ရှိ ဖုန်များရှူမိခြင်း၊ မြေလွှာ နှင့် အပင်များ စားသုံးခြင်း၊ သို့မဟုတ် ရေသောက်ခြင်းဖြင့် ဘေရီယမ် နှင့် ထိတွေ့နိုင်သည်။ အရေပြားမှ တစ်ဆင့်လည်း ထိတွေ့နိုင်သည်။ ဘေရီယမ်၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုသည် ၎င်းဒြပ်ပေါင်းများ၏ ရေထဲတွင် ပျော်ဝင်နိုင်မှုအပေါ် မူတည်နေသည်။ ၎င်းဒြပ်ပေါင်းများ ရေထဲတွင်ပျော်ဝင်နေခြင်းသည် လူသားများ အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။ အလွန်ကြီးမားသော ဘေရီယမ်ပမာဏသည် ရေထဲတွင် ပါဝင် နေခြင်းကြောင့် သွပ်ချာပါဒရောဂါများ ဖြစ်စေနိုင်ပြီး၊ သေဆုံးနိုင်သည်အထိ အန္တရာယ်ကြီးမားပါသည်။ ရေထဲတွင် ဘေရီယမ်အနည်းငယ် ပါဝင်နေခြင်းသည် လူသားများအား အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ချိန်တက်လာခြင်း၊ နှလုံးခုန်နှုန်းများ ပြောင်းလဲခြင်း၊ အစာအိမ်များကျိန်းစပ်ခြင်း၊ ကြွက်သားများ အားနည်းစေခြင်း၊ အာရုံတုံ့ပြန်မှုများ ပြောင်းလဲခြင်း၊ အသည်းနှင့် ဦးနှောက်များရောင်ရမ်းခြင်း၊ ကျောက်ကပ်နှင့် နှလုံးအားပျက်စီးစေခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။ ဘေရီယမ် နှင့် ထိတွေ့ခြင်းကြောင့် လူသားများတွင် ကင်ဆာရောဂါ မဖြစ်ပွါးခြင်း မတွေ့ရသော်လည်း၊ မြုံခြင်း သို့မဟုတ် မျိုးပွါးမှု ကျဆင်းခြင်း တို့အပေါ် အကျိုးသက်ရောက်ခြင်း ရှိမရှိကို တိကျစွာ ဖော်ပြနိုင်ခြင်း မရှိသေးပေ။
ပတ်ဝန်းကျင်သို့သက်ရောက်မှုများ [ပြင်ဆင်ရန်]
စက်ရုံများတွင် အချို့သောဘေရီယမ် ဒြပ်ပေါင်းများသည် ရေထဲ၌ လွယ်ကူစွာပျော်ဝင်ပြီး၊ ကန်များ၊ ချောင်းများ၊ မြစ်များတွင်လည်း တွေ့နိုင်သည်။ ထိုသို့တွေ့ရသောပျော်ရည်များကြောင့် ဗေရီယမ်ဒြပ်ပေါင်းများသည် ဝေးကွာသော နေရာများထိ ပြန့်နှံ့နိုင်သည်။ ငါးနှင့် အခြားရေအောက်သတ္တဝါများသည် ဘေရီယမ်ဓါတ်ပေါင်းများကို အလွယ်တကူစုပ်ယူမိသောအခါ၊ ဘေရီယမ်(Ba)သည် ထိုသတ္တဝါတို့၏ ကိုယ်ခန္ဒာထဲတွင် စုပုံနေလိမ့်မည်ဖြစ်ပါသည်။ ကာဗွန်နိတ် နှင့် ဆာလဖိတ် ကဲ့သို့ မပျော်ဝင်နိုင်သော ဆားအဖြစ်လည်း ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်းအများစုတွင် တည်ရှိနိုင်သည်။ ဘေရီယမ်ဓါတ်ပေါင်းများသည် ကမ္ဘာ့မြေမျက်နှာပြင်တွင် သို့မဟုတ် ရေအနည်အနှစ်များပါဝင်သော မြေဆီလွှာတွင် ပုံမှန်အားဖြင့် ခိုင်မာစွာ ကျန်ရှိနေသည်။ ကုန်းတွင်းပိုင်း ကျသော ဒေသများတွင် ဘေရီယမ်(Ba) ပါဝင်မှု ပမာဏ အနည်းဆုံးကို တွေ့ရှိနိုင်သည်။ ထိုပမာဏသည် စွန့်ပစ်ပစ္စည်း စုပုံသော နေရာရှိ ဘေရီယမ် ပါဝင်မှုထက် ပိုများပေသည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူကိုအေးမင်းမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||