တန်စတင်
တန်စတင် [ပြင်ဆင်ရန်]
တန်စတင်ဟူသော အမည်မှာ လေးသောကျောက်ဟု အဓိပ္ပါယ်ရှိသည့် ဆွစ်စကားမှ ရအပ်သောအမည်ဖြစ်၏။ တန်စတင်သည် ဘော်အဆင်းရှိသော သတ္တုဖြစ်သည်။ အက်တမ် နံပါတ်စဉ်မှာ ၇၄ ဖြစ် ၍၊ အက်တမ်အလေးဆမှာ ၁၈၄ ဖြစ်သည်။ သိပ်သည်းခြင်းမှာ ၁၈.၈ ဖြစ်၍၊ အကြမ်း အားဖြင့်ဆိုသော် တန်စတင်သည် ခဲထက်နှစ်ဆလေးသည်။ သတ္တုများတွင် မီးပူအခံနိုင်ဆုံးဖြစ်၍ အပူချိန် ဖာရင်ဟိုက် ၆၁ဝဝ ဒီဂရီ၌သာ အရည်ပျော်သည်။ တန်စတင်၏ အခြား အမည်မှာ ဝူးဖရမ်ဖြစ်သည်။
ဓါတုသင်္ကေတမှာ (W) ဖြစ်၏။ တန်စတင်သတ္တုရိုင်းတွင် ယေဘုယျအားဖြင့် တန်စတင် ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိသာ ပါရှိတတ်သည်။ တန်စတင် ထွက်သော ဒေသများမှာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗိုလစ်ဗီး ယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ တန်စတင်သတ္တုရိုင်းများကို ဝူးဖရမ်မိုက်၊ ဟပ္ပနာရိုက်၊ ရှီးလိုက် နှင့်ဖါဗာရိုက်ဟုခေါ်သည်။ ဤသတ္တုရိုင်းများကို တွေ့ရှိခဲ့သည် မှာ နှစ်ပေါင်း ၁၅ဝ ကျော်ခန့်ပင်ရှိပြီ ဖြစ်သော်လည်း၊ စတင် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း များစွာမကြာသေးချေ။ သို့သော် ယခုခေတ်တွင် အလွန်အသုံးများလာသဖြင့် တန်စတင်သတ္တု ရိုင်းများသည် ရွှေသတ္တုရိုင်းနီးပါးမျှပင် အဖိုးတန်သည်။
တန်စတင်သည် အလွန်မာ၏။ ကြေးနီနန်းကြိုးထက် ဆယ်ဆမျှဆွဲအားကိုခံနိုင်၏။ အရည်ပျော်သော အပူချိန်သည် အလွန်မြင့်လွန်းသောကြောင့်၄င်း၊ နန်းဆွဲယူရန် မရနိုင်လောက် အောင် ကြွပ်ဆတ်သောကြောင့်၄င်း၊ ရှေးအခါက တန်စတင်ကို နန်းဆွဲယူရန် မတတ်နိုင်ခဲ့ကြချေ။ သို့သော် ၁၉၁၂ ခုနှစ်တွင် ဤကိစ္စကို အလွယ်တကူနှင့် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့လေသည်။
တန်စတင်ကို နန်းဆွဲပုံမှာ တန်စတင်အက်ဆစ်မှ ဟိုက်ဒရိုဂျင်ဖြင့် အောက်ဆီဂျင်ကို လျှော့ပစ်၍ သတ္တုကိုထုတ် ယူပြီးလျှင် ထိုသတ္တုကို ဖိအားဖြင့် ပုံသွန်းယူသည်။ ပုံသွန်းပြီး သောသတ္တုကို တစ်ဖန် လျှပ်စစ်မီးဖိုတွင် ဖြူဝင်းလာသည့်တိုင် အောင် မီးတိုက်ပေးသည်။ ထိုနောက် အနည်းငယ် အအေးခံပြီး လျှင် နီရဲနေစဉ် စိန်ပေါက်များမှ နန်းဆွဲယူနိုင်သည့်အထိ သေး ငယ်လာအောင် လှိမ့်ပေးလေသည်။
တန်စတင်နန်းကြိုးတွင် လျှပ်စစ်ဓါတ် စီးနေသောအခါ ခုခံ အား အလွန်ကြီးမားသောကြောင့် နန်းကြိုးမှာ ဖြူဝင်းလာသည်။ ဤအချက်အပြင် မီး၏အပူတွင် ပျော့ပျောင်း၍ မသွားဘဲ၊ တာရှည်ခံနိုင်ရည်ရှိသဖြင့် လျှပ်စစ်ဓာတ်မီးလုံးများတွင် မီးစာ မျှင်အဖြစ်ဖြင့် အသုံးပြုသည်။ ဤမီးစာမှာ ရှေးအခါက အသုံး ပြုခဲ့သည့် ကာဗွန်မီးစာများထက် ၂ ဆမှ ၅ ဆအထိ ပို၍လင်း သည်။ တန်စတင်ကို အခြားသတ္တုများဖြင့် ရောယူသောအခါ အလွန်မာ၍ စက်မှုလက်မှုပညာတွင် အသုံးဝင်သည့် သတ္တုစပ် များကိုရရှိသည်။
သံမဏိတွင် နစ်ကယ် ရောသကဲ့သို့ တန်စတင်ရော၍ တန်စတင်သံမဏိပြုလုပ် ယူကြသည်။ တန်စတင်သံမဏိသည် စစ်သင်္ဘောများတွင် သံချပ်ကာများကို၄င်း၊ သံမဏိကိုဖြတ်တောက်ရန် တန်ဆာပလာ များကို၄င်း၊ ထာဝရသံလိုက်များကို၄င်း ပြုလုပ်ရန်အတွက် အလွန်ကောင်းသည်။ သံချပ်ကာ ပြုလုပ်ယူရာ၌ ဤသံမဏိကို ဖြတ်တောက်ပစ်ရန် အလွန်ခဲယဉ်းသောကြောင့် နီရဲနေစဉ် အလို ရှိသော ပုံကို ထုရိုက်၍ယူကြရလေသည်။ တန်စတင် သံမဏိ ဖြင့် ပြုလုပ်ထားသော တန်ဆာပလာများသည် ရိုးရိုးတန်ဆာ ပလာများထက် သံကို ၅ ဆမျှ လျင်မြန်စွာ ဖြတ်တောက်နိုင်သည်။
ကိုဗော့၊ ကရိုမီယမ်နှင့် တန်စတင်ပါဝင်သော စတဲလိုက်ခေါ် သတ္တုစပ်သည် ဩဂဲနစ်အက်ဆစ်နှင့် ရိုးရိုးအဆိပ်ဖြေဆေးတို့ ကို ခံနိုင်ရည်ရှိသည့်ပြင် မာလည်း အလွန်မာသောကြောင့် ခွဲစိပ်ကုသရာ၌သုံးသည့် ကရိယာများကို ထိုသတ္တုစပ်ဖြင့် ပြုလုပ်ယူကြသည်။ တန်စတင်ကို အသုံးပြုသော အခြားအသုံး အဆောင်များမှာ အိပ်စရေးရောင်ခြည် ရိုက်ဟပ်ရန်ခံတုံး၊ သာမျန်နစ်ကရိယာ၊ ဂယ်လဗါနိုမီတာ နန်းကြိုး လျှပ်စစ်ဓါတ် ဆက်ကရိယာ စသည်တို့ဖြစ်သည်။
၁၉၁၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် တန်စတင်သတ္တု ကို တင်သွင်းရာ အဓိကဌာနတစ်ခုဖြစ်သည်။ ထိုစဉ်က ထားဝယ်၊ မြိတ်နှင့် မော်ချီသတ္တုတွင်းတို့မှထွက်သော တန်စ တင်သတ္တုရိုင်းမှာ တစ်နှစ်လျှင် တန်ချိန် ၅ဝဝဝ မျှရှိသည်။ ယင်းတို့မှာ တန်စတင်နှင့်ခဲမဖြူ ရောစပ်နေသော သတ္တုရိုင်း ဖြစ်၏။ ယခုအခါ၌မူ တရုတ် ပြည်သူ့သမ္မတနိုင်ငံသည်လည်း တန်စတင် အကြီးအကျယ်ထွက်ရာအရပ် ဖြစ်နေပြီ။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||