ခနောက်စိမ်း
အန်တီမိုနီ (ခေါ်) ခနောက်စိမ်းစစ်စစ်သည် သာမန်အားဖြင့် ငွေကဲ့သို့ ဖြူပြာပြာအဆင်းရှိပြီးလျှင် မာ၍ ကြွပ်ဆပ်သော သတ္တုတစ်မျိုး ဖြစ်သည်။ ခနောက်စိမ်းသတ္တုသန့်သန့်မှာ များစွာ အသုံးမဝင်လှပေ။ သို့သော်အခြားပစ္စည်းများနှင့် ရောစပ်၍ သတ္တုစပ်ဖြစ်လာသောအခါ စက်မှုလုပ်ငန်းများတွင် အလွန် အသုံးဝင်လာသည်။
ဤသတ္တု၏ ထူးခြားချက်တစ်ရပ်မှာ အရည်ကျို၍ အအေးခံလိုက်သောအခါ ပြန့်ကားလာတတ်ခြင်းဖြစ်၏။ ဤသတ္တိရှိခြင်းကြောင့် ခနောက်စိမ်း သတ္တုစပ်သည် ပုံနှိပ်ခဲ စာလုံးများ ပုံသွန်းရာတွင် ထင်ရှားပီသသောစာလုံးများကို ရရှိပေသည်။ ပုံနှိပ်စာလုံးများကို များသောအားဖြင့် ခဲနှင့် ခနောက်စိမ်းစပ်ထားသောသတ္တုစပ်ဖြင့် ပြုလုပ်ကြသည်။ တစ်ခါတစ်ရံ အထက်ပါသတ္တုစပ်တွင် သံဖြူနှင့် ကြွပ်(ဘစ်စမတ်)တို့ကိုပါ အနည်းငယ်ထည့်၍ ရောစပ်တတ်သည်။ ထိုသတ္တုစပ်မှာမာသည့်အတွက် ထိုသတ္တုစပ်ဖြင့် ပြုလုပ်ထားသောခဲစာလုံးများကို ကြာရှည်စွာ အသုံးပြုနိုင်၏။
တစ်ကမ္ဘာလုံးမှ ထွက်သမျှခနောက်စိမ်း သတ္တုရိုင်းများ အနက် ရာခိုင်နှုန်း ၈ဝ ခန့်ကို တရုတ်နိုင်ငံ ဟူနန်နယ်မှ တူးဖော်ရရှိသည်။ ပြင်သစ်၊ အာရှမိုင်းနား၊ ချက်ကိုဆလို ဗားကီးယား၊ ဘိုလီးဗီးယားနှင့် မက္ကဆီကိုနိုင်ငံမှလည်း ထို သတ္တုရိုင်းကို တူးဖော်ရရှိသည်။ ခနောက်စိမ်းကို အထူးသဖြင့် စတစ်ဗနိုက်(ကန့်ဝင် ခနောက်စိမ်း)ခေါ် သတ္တုရိုင်းဖြစ်သော အန်တီမိုနီ ဆာလဖိုက်(ဒ)မှ ထုတ်ယူရရှိ၏။ ဤ စတစ်ဗနိုက် ခေါ် အန်တီမိုနီ သတ္တုရိုင်းအမဲကို ရှေးအခါက အမျိုးသမီးများသည် မျက်ခုံးနှင့် မျက်တောင်ဆိုးဆေး ပြုလုပ်ရာ၌ အသုံးပြုခဲ့လေသည်။ အန်တီမိုနီအနီကို နီလွင်သော ဆီဆေးနှင့် အရောင် ဆေးများအပြင် မီးခြစ်နှင့် မီးရှူး မီးပန်းများပြုလုပ်ရာတွင် အသုံး ပြုလျက် ရှိကြသည်။ စတစ်ဗနိုက်ကို ဥရောပအလယ်ပိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် အများအပြား တူးဖော်ရရှိ၍၊ အမေရိကန်ပြည်ထောင်စုတွင် ပါဝင်သော အလာစကာ၊ နီးဗားဒါး နှင့် ကယ်လီဖိုးနီးယား ပြည်နယ်များတွင်လည်း ထပ်မံတွေ့ရှိ သည်။ ခနောက်စိမ်း ဓါတ်ဆားများသည် အလွန် အဆိပ်ပြင်း ထန်၍၊ ထိုအဆိပ်များသည် စိန်သတ္တုပါဝင်သော ဓါတ်ဆား များရှိ အဆိပ်နှင့် ဆင်တူပေသည်။ [၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂