ကန့်
| ကန့် | |
ကန့်ပုံဆောင်ခဲ |
|
| အက်တမ် အမှတ်စဉ် | ၁၆ |
|---|---|
| အက်တမ် အလေးချိန် | 32.065(5) g·mol−1 |
| သိပ်သည်းဆ | 2.07 g·cm−3 |
| အီလက်ထရို နက်ဂတစ်ဗတီး | 2.58 |
| အရည်ပျော်မှတ် | 115.21 °C |
| ရေဆူမှတ် | 444.6 °C |
| ဗင်န်ဒါဝေါလ် အချင်းဝက် | 180 pm |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၄ |
| အီလက်ထရွန်းနစ် ရှဲလ် | [Ne] 3s2 3p4 |
| ပထမ အိုင်ရွန်နိုင်ဇေးရှင်း ဖြစ်ရန် လိုသောစွမ်းအင် |
999.6 kJ·mol−1 |
ကန့်ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ဆာလဖာ (Sulphur) ဟုခေါ်ပြီး ဓာတုဗေဒ သင်္ကေတမှာ S ဖြစ်သည်။ အာရပ်လူမျိုး အဂ္ဂိရိတ်ဆရာတို့သည် ကန့်၏ မီးလောင်လွယ်သော ဂုဏ်အင်္ဂါကို အစွဲပြု၍ မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟု သတ်မှတ်ခဲ့သည်။ ကန့်ကို သဘာဝတွင် အနှံ့အပြား တွေ့ရသည်။ အချို့ကို သန့်သန့်တွေ့ရ၍ အချို့ကိုမူ ပြဒါးနှင့် ပေါင်းစပ်ကာ ဟင်းသပြဒါးရိုင်းအဖြစ်လည်းကောင်း၊ သံနှင့်ပေါင်းစပ်ကာ ဗဟန်းကျောက်အဖြစ်လည်းကောင်း၊ ခဲနှင့်ပေါင်းစပ်ကာ ဂလီးနားအဖြစ်လည်းကောင်း တွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တစ်ခါတစ်ရံ ကန့် သို့မဟုတ် ဆာလဖာဒိုင်အောက်ဆိုဒ် ထုတ်ယူရန် အသုံးပြုသည်။ မီးတောင်ရှိသော အရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့် တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမျာ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ဆာလဖာဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကပြီး ဓာတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖောက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိသည်။ သို့သော် ယခုအခါ အီတလီ၊ အမေရိကန်၊ ဂျပန်၊ ချီလီနှင့် ပီရူးနိုင်ငံတို့မှလည်း တူးဖော်ရရှိသည်။
ကန့်တွင် မြေစေး၊ ထုံးကျောက်နှင့် ဂျစ်ပဆမ်ကဲ့သို့ အညစ်အကြေးများ ပါရှိတတ်သဖြင့် အခြားနိုင်ငံများသို့ တင်ပို့ မရောင်းချမီ ဤအညစ်အကြေးများကို ဖယ်ရှားပစ်ရသည်။ ရှေးအခါက အသုံးပြုသည့်နည်းတွင် ကန့်ကို စုပုံ၍ အရည်ပျော်သွားစေရန် မီးဖြင့် တိုက်ရိုက်ရှို့ပေးသည်။ ဤသို့ တိုက်ရိုက်မီးရှို့ယူနည်းမျာ ကန့်ကို အလဟဿ ဖြုန်းတီးရာရောက်သဖြင့် ယခုအခါ မီးဖြင့်အပူတိုက်ပေးရုံသာ တိုက်ပေးပြီးလျှင် ကန့်အရည်ကို စိုနေသော သစ်သားသွန်းပုံများတွင် အတုံးပြုလုပ်ယူသည်။ သို့သော် ဤကန့်တွင် အညစ်အကြေးများ မစင်သေးသဖြင့် သံအိုးများတွင် ထည့်၍ ထပ်မံပေါင်းတင်ပေးသည်။ သံအိုးမှ ထွက်လာသော ကန့်အငွေ့ကို ကျောက်ဖြင့်ပြုလုပ်ထားသည့် အခန်းများတွင် အအေးခံယူသောအခါ ပုံဆောင်ခဲဖြစ်သော ကန့်အမှုန့်များကို ရရှိသည်။ တစ်ခါတစ်ရံ ကန့်ကို တိုက်ရိုက် အခဲမပြုလုပ်ပဲ အရည်အဖြစ် ထုတ်ယူ၍ အရည်မှတဖန် အတောင့်သို့ ပြောင်းလဲယူသည်။ အမေရိကန် ပြည်ထောင်စု လူဝီးဇီယန္နနှင့် တက္ကဆက်ပြည်နယ်များ၌ တွေ့ရှိရသော ကန့်များမှာ သဲရှင်များနှင့် ရောနေသည့်အတွက် ရိုးရိုးနည်းဖြင့် တူးဖော်၍ မရချေ။ ထိုအရပ်ဒေသများ၌ ယခုအခါ အသုံးပြုလျက်ရှိသော နည်းတစ်နည်းမျာ ပြွန်တစ်လုံးတွင် တစ်လုံးသွင်းထားသော ပြွန် ၄ ခုကို မြေထဲကန့်ရှိရာ နေရာသို့ ရောက်အောင် ချပေးသည်။ ပြွန်တို့၏ အချင်းမှာ ၁၀ လက်မ၊ ၆ လက်မ၊ ၃ လက်မနှင့် ၁ လက်မ အသီးသီး ရှိကြ၏။ ၃ လက်မရှိသောပြွန်မှ အပူကဲရေနွေးငွေ့ကို သွင်း၍ အလယ်ပြွန်မှ ဖိသိပ်လေ မှုတ်သွင်းပေးသောအခါ အခြားပြွန်များမှ အရည်ပျော်နေသော ကန့်ထွက်လာသည်။
ဈေးမှဝယ်ယူရရှိသော ကန့်ကို လျင်မြန်စွာ မီးတိုက်ပေးသောအခါ စင်တီဂရိတ် ၁၁၃ ဒီဂရီ တွင် အရည်ပျော်၍ ၄၄၄.၅၃ ဒီဂရီ တွင် ဆူပြီးလျှင် လိမ္မော်ဝါရောင် အငွေ့သို့ ကူးပြောင်းသွားသည်။ ဤအငွေ့သည် အပူချိန်တက်လာလေလေ ရင့်လာလေလေဖြစ်၍ ၅၀၀ ဒီဂရီ သို့ ရောက်ရှိသောအခါ၌ အနီရင့်ရောင် ဖြစ်လာသည်။ တစ်ဖန် အပူချိန် ၅၀၀ ဒီဂရီ ထက်ကျော်လွန်သောအခါ အရောင်မှာ တဖြည်းဖြည်း ဖျော့သွား၍ ၆၅၀ ဒီဂရီ တွင် ကောက်ရိုးအရောင်သို့ ကူးပြောင်းသွားသည်။ ကန့်ကို မီးရှို့သောအခါ အလွန်စူးရှပြင်းထန်သော ဆာလဖာဒိုင်အောက်ဆိုက်ခေါ် ဓာတ်ငွေ့တမျိုးရသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို အောက်စီဂျင် ကဲပေးလျှင် ဆာလဖာထရိုင်အောက်ဆိုက်ကို ရ၍ ဆာလဖာထရိုင်အောက်ဆိုက်ကို ရေတွင်ပျော်စေသောအခါ စက်မှုလက်မှုလုပ်ငန်းတွင် အလွန်အသုံးဝင်သည့် ဆာလဖျူရစ်အက်ဆစ်ကို ရသည်။
သတ္တဝါများနှင့် အပင်များ၏ ခန္ဓာကိုယ်တွင် ပါရှိသော ပရိုတိန်းများမှာ အများအားဖြင့် အလွန်ရှုပ်ထွေးသော ကန့်ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ဆံပင်တွင် ကန့် ၅ % အထိပါဝင်သည်။ လူတို့တွင် ကန့်၏ အသုံးဝင်ပုံမှာ အလွန် များမြောင်ပေသည်။ အသီးခြောက်များ တာရှည်ခံအောင် ပြုလုပ်ရာ၌ ကန့်ကို အသုံးပြုလေ့ရှိသည်။ ဆာလဖာနီလာမိုက်၊ ဆာလဖာဂွာနဒင်း၊ ဆာလဖာသိုင်ယာဇိုးစသော ဆာလဖာဆေးများမှာ ကန့်ဝင်ဆေးများဖြစ်၍ ရောဂါအမျိုးမျိုးအတွက် အလွန်အသုံးဝင်သည်။ ဝဲခြောက်နာနှင့် ပွေးကဲ့သို့ အရေပြားတွင် ဖြစ်တတ်သော အနာများကို အကြောတွင် ကန့်ကော်လွိုက် ထိုးပေး၍ ကုသကြသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို တံမြက်စည်း၊ကောက်ရိုးဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များကို အရောင်ချွတ်ရာ၌ သုံးသည်။ ကန့်ဒြပ်ပေါင်းဖြစ်သော ကျောက်ချဉ်ကို သားရေနယ်ရာ၌ဖြစ်စေ၊ ဆေးဆိုးရာ၌ဖြစ်စေ၊ စက္ကူပြုလုပ်ရာ၌ဖြစ်စေ အသုံးပြုသည်။ ဓာတ်ပုံရိုက်ရာ၌ အသုံးပြုသော ဟိုက်ပိုမှာ ဆိုဒီယမ် သိုင်အို ဆာလဖိတ်ဖြစ်သည်။ ကော့ပါးဆာလဖိတ်နှင့် ကာဗွန်ဒိုင်ဆာလဖိုက်မှာ ပိုးနှိမ်ဆေးအဖြစ်လည်းကောင်း၊ ဖဲရပ်ဆာလဖိတ်မှာ မင်ပြုလုပ်ရာ၌လည်းကောင်း အသီးသီး အသုံးဝင်သည်။
ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ ကန့်ကို အသွင်အမျိုးမျိုး တွေ့ရသည်။ ကန့်ဟူ၍ ရိုးရိုးခေါ်သော အမျိုးအစားမှာ အနံ့နှင့် အရသာကင်းသော အဝါရောင် အမှုန့်ဖြစ်သည်။ မစ်-အော့-ဆာလဖာသည် ဖြူရော်ရော် အရောင်ရှိသော အမှုန့်ဖြစ်သည်။ ကန့်ရိုးရိုး ထုံးရည်ဖြင့်ကျိုချက်၍ ဟိုက်ဒရိုကလိုရစ်အက်ဆစ် အပျော့ရည် ထည့်ပေးသောအခါ ကန့်မှုန့်များ အနည်ထိုင်လာသည်။ အနည်ကိုစစ်၍ ဆေးကြောပြီး အခြောက်ခံယူလျှင် မစ်-အော့-ဆာလဖာကို ရသည်။ ကူးသန်းရောင်းဝယ်ရာ၌ အသုံးပြုရသော အခြားကန့် ၂ မျိုးမှာ ကန့်အတောင့်နှင့် ဖလားဝါး အော့-ဆာလဖာ ကန့်အမှုန့်များ ဖြစ်ကြသည်။
ကိုးကား [ပြင်ဆင်ရန်]
မြန်မာ့စွယ်စုံကျမ်း
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||