ငွေ (သတ္တု)
| ငွေ | |
သန့်စင်ထားသည့်ငွေ |
|
| အက်တမ် အမှတ်စဉ် | ၄၇ |
|---|---|
| အက်တမ် အလေးချိန် | 107.8682 g·mol−1 |
| ပုံသဏ္ဌန် | အခဲ |
| သိပ်သည်းဆ | 10.49 g·cm−3 |
| အီလက်ထရို နက်ဂတစ်ဗတီး | 1.93 (Pauling scale) |
| အရည်ပျော်မှတ် | 961.78 °C |
| ရေဆူမှတ် | 2162 °C |
| ဗင်န်ဒါဝေါလ် အချင်းဝက် | 172 pm |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၆ |
| အီလက်ထရွန်းနစ် ရှဲလ် | [Kr] 4d10 5s1 |
| ပထမ အိုင်ရွန်နိုင်ဇေးရှင်း ဖြစ်ရန် လိုသောစွမ်းအင် |
731.0 kJ·mol−1 |
ငွေသတ္တု သတ္တုများတွင် ငွေသည် အပြောင်လက်ဆုံး သတ္တုဖြစ် သည့်ပြင် ကမ္ဘာအနှံ့အပြား၌ တူးဖော်ယူ၍ ရရှိနိုင်သောကြောင့် လူသိ အများဆုံး ဖြစ်၏။ ငွေကို လူသိများသလောက် တူးဖော် ရာတွင် မလွယ်ကူလှချေ။ တရုတ်လူမျိုးတို့သည် ရှေးနှစ်ပေါင်း ၃၅ဝဝ ကျော်ကပင် ငွေကို အထည်ပြုလုပ် သုံးစွဲခဲ့ကြ၏။ ကမ္ဘာပေါ်တွင် ငွေကို ပထမဆုံး ဒင်္ဂါးပြုလုပ် သုံးစွဲကြသူများ မှာ လစ်ဒီယန်လူမျိုးများဖြစ်သည်ဟု ဂရိလူမျိုးနိုင်ငံ သမိုင်း ပညာရှင်တစ်ဦးက ဆိုသည်။
ရှေးအခါက ငွေအတွက်ကြောင့် ပြည်ထောင်ချင်းချင်း စစ်ဆင်းခဲ့ကြသည်။ လူတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ခိုက်ရန် ဒေါသ ဖြစ်ခဲ့ကြသည်။ အားရှိသူ လူစုများကအား နည်းသူ လူစုများကို ဖမ်းဆီးနှိပ်စက်ခဲ့ကြသည်။ ဘီစီ ၃ဝဝ ပြည့်နှစ်တွင် ရောမလူမျိုးတို့သည် ကားသေ့ပိုင် စပိန်ငွေတွင်း များကို လိုချင်သောရမ္မက်ဇောကြောင့် ကားသေ့နိုင်ငံနှင့် စစ်ခင်း ခဲ့သည်။လွန်ခဲ့သော အနှစ် ၄ဝဝ ခန့်က တောင်အမေရိကတိုက် ပီရူးနိုင်ငံတွင် စပိန်လူမျိုးတို့သည် ငွေတွင်းများကို တူးဖော်ရန် အတွက် တိုင်းရင်းသားများအား ကျွန်စာရင်းသို့ သွင်းခဲ့ပြီးလျှင် နှိပ်စက်ခဲ့ကြသည်။ လွန်ခဲ့သည့် ၇၅ နှစ် လောက်အထိ လူတို့သည် အမေရိကတိုက် အနောက်ပိုင်းရှိ တောင်များတွင် ငွေရှာ ထွက်ယင်း တစ်ဦးနှင့်တစ်ဦး အခြင်းများကာ သတ်ပုတ် ခဲ့ကြလေသည်။
ကမ္ဘာပေါ်တွင် ငွေအထွက်ဆုံးအရပ်ဒေသမှာ မြောက် အမေရိကတိုက်ရှိ မက္ကဆီကိုနိုင်ငံ ဖြစ်သည်။ ဒုတိယငွေ အထွက်ဆုံး အရပ်ဒေသများမှာ အမေရိကန်ပြည်ထောင်စုရှိ နီဗားဒါးပြည်နယ်နှင့် ကော်လိုရာဒိုးပြည်နယ်များ ဖြစ်သည်။ ဤဒေသများအပြင် ငွေကို ကနေဒါနိုင်ငံ၊ စပိန်နိုင်ငံနှင့် ဩစတြေးလျတိုက်မှလည်း တူးဖော်ရရှိကြသည်။ ငွေချည်း သက်သက်ကို အကျိုးရှိရှိနှင့် ထုတ်ယူနိုင်လောက်အောင် ကြွယ် ဝသည့် သတ္တုရိုင်းကို တွေ့ရခဲသည်။ အများအားဖြင့် ငွေကို ခဲ၊ ကြေးနီ စသော သတ္တုများနှင့် ပေါင်းစပ်၍ တွေ့ရှိရသဖြင့် ထို သတ္တုများကို ကျိုချက်ယူရာတွင် ငွေကို ဘေးထွက်ပစ္စည်း အဖြစ်ဖြင့် ရရှိကြသည်။ ယခုအခါ ငွေထွက်သော သတ္တုရိုင်း တစ်တန်လျှင် ငွေချည်းသက်သက်ပေါင်ချိန် ၂ဝဝ ခန့်သာ ရရှိနိုင်ကြောင်း တွေ့ရသည်။
ငွေသတ္တုစစ်စစ်သည် ဖြူ၏။ အထူ ၁/၁ဝဝဝ လက်မမျှ ရှိအောင် အပြားခတ်ယူနိုင်သည်။ ရွှေမှအပ ငွေသည် အပြား ရိုက်ခတ်နိုင်ဆုံး သတ္တုဖြစ်၍ ပလက်တီနမ်မှလွဲလျှင် နန်းဆွဲ အခံနိုင်ဆုံးသတ္တုဖြစ်၏။ အချိန် တစ်အောင်စလေးသော ငွေကို နန်းဆွဲသောအခါ သုံးမိုင်ရှည်သော ငွေနန်းကြိုးကို ရနိုင်၏။ ငွေသန့်သန့်သည် ရွှေထည်သော်လည်း ငွေဒင်္ဂါးနှင့် ငွေထည် ပစ္စည်းများ ပြုလုပ်ရန် ပျော့လွန်းသောကြောင့် ကြေးနီဖြင့်ရော၍ အသုံးပြုကြရ၏။ ထိုသို့ ရောပေးသောအခါ အရောင်အနည်းမျှ မပျက်ဘဲ အရည်ပျော် အပူချိန်မြင့်တက်လာပြီးလျှင် သတ္တုမှာ ပို၍မာလာ၏။ ငွေသည် အပူချိန် စင်တီ ဂရိတ် ၉၆၁ ဒီဂရီ တွင် အရည်ပျော်၍ စင်တီဂရိတ် ၁၉၅၅ ဒီဂရီတွင် အရည် ဆူပြီးလျှင် အပြာရောင်အငွေ့အဖြစ်ဖြင့် ပျံတက်သွား၏။ ထို အငွေ့သည် လေနှင့် ရောနှော၍ပါသွားသောအခါ အစိမ်းရင့် ရောင်အဖြစ်သို့ ကူးပြောင်းသွားသည်။ အရည်ပျော်နေသော သတ္တုသည် မိမိထက် အဆ ၂ဝ ထုထယ်ရှိသော အောက်ဆီ ဂျင်ကို ပျော်ဝင်စေနိ်ုငသည်။ အေး၍လာသောအခါ ပျော်ဝင် နေသောအောက်ဆီဂျင်သည် အရှိန်ပြင်းစွာနှင့် ထွက်သွားသည်။ မြန်မာနိုင်ငံ၌ ငွေသတ္တုလုပ်ငန်းကို ငွေသတ္တုအရိုင်းတွေ့သော နေရာများ၌ လုပ်ကိုင်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဘော် တွင်း၌ ငွေသတ္တုအရိုင်းအများဆုံး ထွက်သည်။
အခြား ငွေသတ္တုအရိုင်းတွေ့သော ဒေသများမှာ ဗန်းမော် နယ်၊ ကသာနယ်၊ ရမည်းသင်းနယ်၊ ကျိုက္ခမီ၊ ထားဝယ်နယ်၊ မြိတ်နယ်တို့ ဖြစ်သည်။ ဝနယ်၌လည်း ငွေသတ္တုတွင်းများ ရှိ သည်ဟု ဆိုသည်။ ငွေထည်လုပ်ငန်းသည် ထင်ပေါ်ကျော်စောသော မြန်မာ လက်မှုပညာတစ်ရပ် ဖြစ်လေသည်။ ဥရောပတိုက်သားတို့သည် မြန်မာငွေထည်ပစ္စည်းများကို အထူးပင် နှစ်သက်ကြသည်။
ဖန်ကို ကောင်းစွာမကျိုချက်တတ်မီ ရှေးအခါ လူတို့သည် ပြောင်လက်နေအောင် တိုက်ချွတ်ထားသည့် ငွေထည်ကို မှန် အဖြစ်ဖြင့် သုံးစွဲခဲ့ကြသည်။ ငွေဖြင့် အိုးခွက်၊ ပန်းကန်ပြား များနှင့် ဝတ်စားတန်ဆာများ ပြုလုပ်ခြင်း အလေ့အထမှာ သမိုင်းမတင်မီအချိန်မှစ၍ ခေတ်စားခဲ့သည်။ ငွေထည်များ သည် ကန့်နှင့်တွေ့ထိသောအခါ မည်းတတ်သဖြင့် ကန့်ပါ ရှိသည့် ကြက်ငှက်ဥများကို ငွေဇွန်းဖြင့်စားလျှင် ချက်ချင်း ဆေးကြောပစ်ရသည်။ သို့သော် မည်းနေသော ဇွန်းကို အနည်း ငယ်ခန့် တိုက်ချွတ်ပေးလိုက်ရုံမျှနှင့် နဂိုအတိုင်း ပြောင်လက် လာနိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ထွက်သမျှ ငွေစုစုပေါင်း အနက် ၄ ပုံ ၃ ပုံကို ဒင်္ဂါးပြုလုပ်ရာ၌ သုံးသည်။ အများ အားဖြင့် ငွေဒင်္ဂါးသည် တစ်ဦးတစ်ယောက်ထံတွင် ကြာရှည် မရှိတတ်ဘဲ တစ်လက်မှ တစ်လက်သို့ ကူးပြောင်းနေသဖြင့် မည်းလာရန် အချိန်မရပေ။ သို့သော် ငွေစစ်လွန်းလျှင်မူ ပွန်း သွားတတ်၍ ဒင်္ဂါးတွင် ပါရှိသည့်ပန်းများမှာ တဖြည်းဖြည်း ချောလာသည်။ ထိုမှတပါးလည်း ငွေသည် ယမ်းလုပ်ငန်း၌ အရေးပါ အရာရောက်သည်။ ယခု ကျွန်ုပ်တို့ သိရှိသမျှ ယမ်း ဘီလူးတို့တွင် အပြင်ထန်ဆုံး ယမ်းဘီလူးတစ်မျိုးမှာ ဆီးလဗား ဖာလမိနိတ်ခေါ် ငွေသတ္တုဖြင့် စီမံယူရသော ယမ်းဘီလူးမျိုး ဖြစ်သည်။ ဤ ယမ်းဘီလူးသည် စိုနေသည့်အခါ အနည်းငယ်မျှ မစိုးရိမ်ရသော်လည်း အလွန်ခြောက်သွေ့နေလျှင် ငှက် မွေးဖြင့် တို့မိရုံမျှနှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော အရှိန်ဖြင့် ပေါက်ကွဲတတ်သည်။ ဓာတ်ပုံရိုက်ကူး ရာ၌ အသုံးပြုသည့် ဖလင်ကော်ပြားတွင် ငွေမှပြုလုပ်ရရှိသော ဆီးလဗား ကလိုရိုက်ကို သုတ်လိမ်းထားသည်။ ဆီးလဗား ကလိုရိုက်သည် အလွန်အလင်း မိလွယ်သဖြင့် အလင်းရောင်နှင့် တွေ့သည်နှင့် တပြိုင်နက် ဓာတ်ပြောင်းသွားသည်။ ထိုသို့ ဓာတ်ပြောင်းသွားသည့် ကော်ပြားကို ဓာတ်ဆေးများဖြင့် စီမံ ပေးသောအခါ ငွေသတ္တုအမှုန့်များသည် ဂျယ်လတင်း ကော်ပြား တွင် စွဲကပ်ကျန်ရစ်၍ ရုပ်ပုံထင်လာသည်။
ဆေးဝါးကုသရာတွင် ငွေမှ ဖော်စပ်ရရှိသော ဆေးများသည် အလွန်အသုံးဝင်သည်။ ဆီးလဗားနိုက်ထရိတ်သည် အလွန်ထက် မြက်သော ပိုးသတ်ဆေး ဖြစ်သည်။ ကြွက်နို့များကို သတ်လို သော် ဤဆေးကို သုတ်လိမ်းပေးရသည်။ ငွေပါသော အချို့ ဆေးများကို ဝမ်းကိုက်ရောဂါနှင့် အစာမကြေရောဂါများကို ကုသရန် အတွင်းဆေးအဖြစ်ဖြင့် အသုံးပြုရသည်။ သို့သော် တန်လျှင် ဆေး လွန်လျှင်ဘေးဟူသော မြန်မာစကားအရ အလွန်အကြူး သောက်စားမိပါက ပြင်းထန်သော အဆိပ်ဖြစ်စေ တတ်၏။ မတော်တဆ ထိခိုက် မိ၍ ဦးခေါင်းခွံ ကွဲသွားသော အခါ ငွေပြားဖြင့် ကွပ်ပေးတတ်ကြသည်။ အရိုးများ ကျိုးသွား လျှင်လည်း ငွေပြားကွင်းဖြင့် စည်းနှောင်ပေးတတ်ကြသည်။ တစ်ခါတစ်ရံ ဒဏ်ရာများကို ငွေနန်းကြိုးဖြင့် ချုပ်ပေးလေ့ရှိ သည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||