အိုင်ဆိုတုပ်

ဝီကီပီးဒီးယား မှ
သဘာဝအတိုင်းတွေ့ရသော ဟိုက်ဒရိုဂျင်၏ မတူညီသော အိုင်ဆိုတုပ်များ

ဒြပ်စင်တစ်မျိုးတည်း၏ အက်တမ်များဖြစ် ကြသော်လည်း အက်တမ်အလေးဆချင်း ကွဲပြားသော အက်တမ် များကို အိုင်ဆိုတုပ်ဟုခေါ်သည်။ အိုင်ဆိုတုပ်များတွင် တူညီ သော ဓာတ်ဂုဏ်သတ္တိများရှိကြ၏။ သို့သော်ရုပ်ဂုဏ်သတ္တိတွင် အနည်းငယ်ခြားနားသည်။ သိရသလောက်မှာ ပို၍လေးသော အိုင်ဆိုတုပ်များတွင် နျူကလိယတ်ခေါ် ဗဟိုဝတ်ဆံ၌ နျူထရွန် အရေအတွက်ပိုပြီးလျှင် ယင်းတို့ကြောင့် အလေးချိန်ပိုလာရသည် ဟုဆိုလေသည်။

ယခင်က ဒြဗ်စင်တစ်မျိုးတည်းမှ အက်တမ်များ၏ အလေးချိန်တို့သည် တစ်ခုနှင့်တစ်ခု ထပ်တူထပ်မျှ တူညီကြ သည်ချည်းသာ ဖြစ်သည်ဟု ဓာတုဗေဒပညာရှင်များက ယူဆခဲ့ ကြ၏။ သို့ရာတွင် ၁၉၁၃ ခုနှစ်သို့ ရောက်သောအခါ အက်(ဖ)ဆော့ဒီနှင့် အခြားသိပ္ပံပညာရှင်တို့သည် ရေဒီယိုသတ္တိ ရှိသော ဒြဗ်စင်များပြောင်းလဲ၍ အခြားဒြဗ်စင်များ ဖြစ်ပေါ်လာ တတ်ပုံကိုလေ့လာစစ်ဆေးကြရာမှ ဒြဗ်စင်အချို့၌ ဓာတ်သဘာဝ ချင်းတူညီသော်လည်း အက်တမ်အလေးဆချင်း ခြားနားသည့် အချက်ကို တွေ့မြင်သိရှိလာခဲ့ကြလေသည်။

အက်တမ်အလေးဆစာရင်းကိုကြည့်လျှင် အချို့သော ဒြဗ်စင်တို့၏ အလေးဆများတွင် ဒသမအစွန်းထွက်နေသည်ကို တွေ့ရပေလိမ့်မည်။ ပုံစံပြရလျှင် ကလိုရင်း၏ အလေးဆမှာ ၃၅.၄၆ ဖြစ်၍ ပြဒါး၏အလေးဆမှာ ၂ဝဝ.၆၁ ဖြစ်၏။ ထိုသို့ ဖြစ်ရခြင်းမှာ အဆိုပါဒြဗ်စင်တို့၌ အလေးချိန်ချင်း မတူသော အိုင်ဆိုတုပ်များ ပါရှိနေခြင်းကြောင့်ဖြစ်ပေသည်။ အက်တမ် စာရင်းအလိုက်ဖော်ပြထားသော အက်တမ်အလေးဆ မှာ ပါဝင်နေသော အိုင်ဆိုတုပ်အားလုံး၏ ပျမ်းမျှအလေးဆ သာဖြစ်လေသည်။

အိုင်ဆိုတုပ်များကိုခွဲထုတ်ရန်မှာ မလွယ်ကူချေ။ ယင်း တို့၏ ခြားနားချက်မှာ ယေဘူယျအားဖြင့် အနည်းငယ်မျှသာ ဖြစ်၏။ သို့သော် ဟိုက်ဒြိုဂျင်မှာ ချို့ယွင်းချက်တစ်ခုရှိ၏။ ဟိုက်ဒြိုဂျင်တွင် ပရိုတီယမ်၊ ဒျူတီရီယမ်နှင့် ထရိုင်တီယမ်ဟူ၍ အိုင်ဆိုတုပ် သုံးခုရှိပြီးလျှင် ယင်းတို့၏ အက်တမ်အလေးဆ များမှာ ၁၊ ၂ နှင့် ၃ အသီးသီးဖြစ်ကြ၏။ ဒျူတီရီယမ်သည် သာမန်ဟိုက်ဒြိုဂျင်ထက် နှစ်ဆပို၍လေးသည်။ ထရိုင်တီယမ်က သုံးဆပို၍လေးသည်။ ထို့ကြောင့် ဟိုက်ဒြိုဂျင်အိုင်ဆိုတုပ်များ သည် အခြားအိုင်ဆိုတုပ်များထက် ပို၍ထူးခြားကြပေသည်။ ဒျူတီရီယမ်အောက်ဆိုက် ကို အလေးစား ရေ ဟု ခေါ်၏။ အခြားခြွင်းချက်တစ်ခုဖြစ်သော ဒြဗ်စင်မှာ ယူရေနီယမ် ၂၃၅ ဖြစ်၍ ယင်းမှာ အက်တမ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ရန် အတွက် လက်တွေ့စမ်းသပ်ရာ၌ အလွန်အရေးပါအရာရောက်ခဲ့ ပေသည်။

ဒြဗ်စင်တစ်မျိုး၏ အိုင်ဆိုတုပ်ကို ခွဲခြားဖော်ပြလိုသော အခါ၊ အက်တမ်အမှတ်စဉ်နှင့်ဆိုင်ရာ အိုင်ဆိုတုပ်၏ အက်တမ် အလေးကို တွဲ၍ဖော်ပြလေ့ရှိကြသည်။ ပုံစံအားဖြင့် ယူရေနီယမ် ၂၃၅ ကို ၉၂မြူ၂၃၅ ဟုရေးသားရာ ယင်းတွင် ၉၂ မှာ အက်တမ် အမှတ်စဉ်ဖြစ်၍ ၂၃၅ မှာ အိုင်ဆိုတုပ်၏ အလေးဆဖြစ်လေသည်။

ကာဗွန်၊ ဖော့စဖောရပ်၊ အိုင်အိုဒင်း၊ ကန့်၊ သံ စသော သာမန်ဒြဗ်စင်အချို့တို့၏ အက်တမ်များကို နျူထရွန်ကဲ့သို့ အလွန်အရှိန်ပြင်းထန်သော မြူမှုန်များဖြင့် ပစ်ခွင်းသောအခါ၊ ရေဒီယိုသတ္တိရှိသော အိုင်ဆိုတုပ်များဖြစ်လာသည်ကို တွေ့ခဲ့ရ သည်။

ရေဒီယိုသတ္တိရှိသော အိုင်ဆိုတုပ်တို့သည် ရေဒီယမ် ကဲ့သို့ပင် ရောင်ခြည်များကို ထုတ်လွှတ်ကြ၏။ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းအမြောက်အမြားကို ယခုအခါ အဆိုပါ ရေဒီယိုသတ္တိရှိသော အိုင်ဆိုတုပ်များဖြင့် အထူးလေ့လာလျက်ရှိ ကြသည်။ ထိုလေ့လာမှုမှ တစ်နေ့တစ်ခြား တိုးတက်သိရှိလာ သော အချက်အလက်များကိုလည်း ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပ ဗေဒ၊ ဆေးပညာ၊ နက္ခတ္တဗေဒ၊ ဘူမိဗေဒ စသော သိပ္ပံပညာရပ် အသီးသီးတို့တွင် အသုံးချလျက် ရှိကြပေသည်။ ပုံစံအားဖြင့် ဖော်ပြရလျှင် သက်ရှိသက်မဲ့ပစ္စည်းအသီးသီး၏ ကိုယ်ထည် အတွင်း၌ ဒြဗ်စင်အသီးသီး၏ အစိတ်အပိုင်းတို့သည် ရွေ့လျား သွားလာလျက်ရှိကြ၏။ သို့သော် သာမန်ဒြဗ်စင်ဖြစ်က ယင်း အစိတ်အပိုင်းများရွေ့လျားပုံကို မသိနိုင် မရှာနိုင်ချေ။ ရေဒီယို သတ္တိရှိသော ဒြဗ်စင်ဖြစ်လျှင်ကား တစ်နည်းတစ်လမ်း ရှာဖွေ သိရှိနိုင်ပေသည်။ ထို့ကြောင့် သက်ရှိသတ္တဝါများတွင်ဖြစ်စေ၊ သက်မဲ့ပစ္စည်းတွင်ဖြစ်စေ အတွင်း၌ဖြစ်ပွားသော ဓာတ်ပြောင်းမှု များ၊ ရောဂါအခြေအမြစ်များကိုလေ့လာရာ၌ ရေဒီယိုသတ္တိရှိ သောအိုင်ဆိုတုပ်များကို လမ်းပြ အဖြစ် အသုံးချ၍ စမ်းသပ် လေ့လာလျက်ရှိပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)