သမ္မာကမ္မန္တ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သမ္မာကမ္မန္တ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အမှုကို ပြုခြင်း” ဟု အဓိပ္ပာယ်ရသည်။ သမ္မာကမ္မန္တ (၃) ပါးရှိ၏။ [၁]
သမ္မာကမ္မန္တ (၃) ပါး[ပြင်ဆင်ရန်]
သမ္မာကမ္မန္တ (၃) ပါး မှာ - (၁) ပါဏာတိပါတဝိရတိ၊
(၂) အဒိန္နာဒါနဝိရတိ၊
(၃) ကာမေသုမိစ္ဆာစာရဝိရတိ တို့ ဖြစ်ကြသည်။[၁]
ပါဏာတိပါတဝိရတိ[ပြင်ဆင်ရန်]
ပါဏာတိပါတဝိရတိ ဆိုသည်မှာ ကိုယ်ဝန်ကို ဖျက်ဆီးခြင်း, သန်းဥ, ကြမ်းပိုးဥကို ဖျက်ဆီးခြင်းတို့မှစ၍ အသက်ရှိသော သတ္တဝါကို သေပျောက် ပျက်ဆုံးစေလိုသောစိတ်ဖြင့် သေပျောက်ပျက်ဆုံးစေရန် ကိုယ်ပယောဂ, နှုတ်ပယောဂပြုခြင်းသည် ပါဏာတိပါတ မည်၏။ ထို ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းသည် “ပါဏာတိပါတဝိရတိ” မည်၏။[၁]
အဒိန္နာဒါနဝိရတိ[ပြင်ဆင်ရန်]
အဒိန္နဒါနဝိရတိ ဆိုသည်မှာ မြက်, ထင်း, ရေ တို့မှစ၍ သူတစ်ပါးတို့၏ ဥစ္စာဟူ၍ သိမ်းပိုက်ဆဲဖြစ်သော သက်ရှိ သက်မဲ့ဝတ္ထုကို ဥစ္စာရှင်မမြင်မသိအောင် ခိုးယူလိုသောစိတ်ဖြင့် ခိုးယူခြင်း, ကိုယ်ပယောဂ, နှုတ်ပယောဂကို ပြုခြင်းသည် အဒိန္နာဒါန မည်၏။ ထိုအဒိန္နာဒါနမှ ကြဉ်ရှောင်ခြင်းသည် “အဒိန္နာဒါနဝိရတိ” မည်၏။[၁]
ကာမေသုမိစ္ဆာစာရဝိရတိ[ပြင်ဆင်ရန်]
ကာမေသုမိစ္ဆာစာရဝိရတိ ဆိုသည်မှာ အမိစောင့်သော မိန်းမ, အဘစောင့်သော မိန်းမတို့မှစ၍ မကျူးလွန်ထိုက်သော မိန်းမတို့၌ ကျူးလွန်သော ယောက်ျား၏ လွန်ကျူးမှုသည်လည်းကောင်း၊ လင်ရှိလျက် မိမိလင်မှ တစ်ပါးသော မလွန်ကျူးထိုက်သော ယောက်ျားနှင့် လွန်ကျူးသော မိန်းမ၏ လွန်ကျူးမှုသည်လည်းကောင်း, ကာမေသုမိစ္ဆာစာရ မည်၏။ ယစ်မျိုးငါးပါး သောက်စားမှုကိုလည်းကောင်း၊ ဖဲ, ပဆစ်, ကြွေ, အန် အစရှိသော ကစားမှုများကိုလည်းကောင်း၊ ကာမေသုမိစ္ဆာစာရ၌ သွင်း၏။ ထိုကာမေသုမိစ္ဆာစာရမှ ကြဉ်ရှောင်ခြင်းသည် “ကာမေသုမိစ္ဆာစာရဝိရတိ” မည်၏။[၁]