ဝိပဿနာဉာဏ်

ဝီကီပီးဒီးယား မှ

ဝိပဿနာဉာဏ် ဆိုသည်မှာ ဝိပဿနာတရားအားထုတ်ရာတွင် ဖြစ်ပေါ်လာသည့် ဉာဏ် ဖြစ်သည်။ ဝိပဿနာဉာဏ်သည် ၁၀ ပါးရှိသည်။[၁]

ဝိပဿနာဉာဏ် ၁၀ ပါး

ဝိပဿနာဉာဏ် ၁၀ ပါးတို့မှာ အောက်ပါတို့ ဖြစ်ကြသည်။

၁။ သမ္မသနဉာဏ်

၂။ ဥဒယဗ္ဗယဉာဏ်

၃။ ဘင်္ဂဉာဏ်

၄။ ဘယဉာဏ်

၅။ အာဒိနဝဉာဏ်

၆။ နိဗ္ဗဒါဉာဏ်

၇။ မုစ္စိတုကမျတာဉာဏ်

၈။ ပဋိသင်္ခါဉာဏ်

၉။ သင်္ခါရုပေက္ခာဉာဏ်

၁၀။ အနုလောမဉာဏ်[၁]

၁။ သမ္မသနဉာဏ်

ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာငါးပါးစသည် စုပုံဖွဲ့စည်းကာ လက္ခဏာရေးသုံးပါးတင်၍ အဖန်ဖန် အထပ်ထပ် သုံးသပ်သောဉာဏ်သည် သမ္မသနဉာဏ် မည်၏။[၁]

၂။ ဥဒယဗ္ဗယဉာဏ်

ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန် စသည်တို့၏ ခဏချင်းဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံစုံရှုသောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။[၁]

၃။ ဘင်္ဂဉာဏ်

အဖြစ်အပျက် ၂-ပါးတွင် အဖြစ်ကား မြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်း ဖြစ်၏။ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက်သက်ကို ရှုသောဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။[၁]

၄။ ဘယဉာဏ်

ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သောအခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်းကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ် မည်၏။[၁]

၅။ အာဒိနဝဉာဏ်

ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေးဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကားဟု ရှုဆင်ခြင်သော ဉာဏ်သည် အဒိနဝဉာဏ် မည်၏။[၁]

၆။ နိဗ္ဗဒါဉာဏ်

အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မပျော်မွေ့ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်၏။[၁]

၇။ မုစ္စိတုကမျတာဉာဏ်

မပျော်မမွေ့ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်းထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာဉာဏ် မည်၏။[၁]

၈။ ပဋိသင်္ခါဉာဏ်

အလွန်တရာ လွတ်လိုလှ၍ လွတ်ခွင့်ရတဲ့ခြင်းငှါ ဘာဝနာ ၄၀ တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။[၁]

၉။ သင်္ခါရုပေက္ခာဉာဏ်

ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ်သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။[၁]

၁၀။ အနုလောမဉာဏ်

ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ်အောင် နှိုးဆောင်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ်သည် အနုလောမဉာဏ် မည်၏။ (ဂဟေအစပ်ကောင်းလှသောဉာဏ် - ဟူလို) [၁]

မှတ်သားရန်

ဝိပဿနာဉာဏ် ၁၀ ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် သုံးပါးသည် တီရဏပရိညာ မည်၏။[၁]

ကိုးကား

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး