ဧကပဒဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၉။ ဥပါဟနဝဂ် -(၂၃၈) ဧကပဒဇာတ်။ ။ အကျိုးစီးပွားများကြောင်းနှင့် စပ်သော စကားလုံးတစ်လုံးကား အဘယ်နည်းဟု သားကမေး၍ ဝီရိယပင်တည်းဟု ဖခင်က ဖြေဆိုခြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]စီးပွားကိုမေး သူငယ်ကလေး
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူကြွယ်တစ်ယောက် ရှိလေ၏။
ထိုသူကြွယ်ကား တစ်နေ့သ၌ ရင်ခွင်၌နေသော သားငယ်သည် အကျိုးစီးပွားဖြစ်ခြင်း အကြောင်းတရားကိုမှီသော ပြဿနာကို မေးလေ၏။ မေးသောပြဿနာကား ဘုရားတို့ အရာသာ ဖြစ်သည်။ တစ်ပါးသောသူ ဖြေဆိုခြင်းငှာ မစွမ်းနိုင်လတ္တံ့ဟု နှလုံးသွင်းကာ သားငယ်ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့ သွားလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “အရှင်ဘုရား ... ဤသူငယ်သည် အကျွန်ုပ်၏ ရင်ခွင်၌နေလျက် အကျိုးစီးပွားဖြစ်ခြင်း အကြောင်းကိုမှီသော ပြဿနာကို မေးပါ၏။ ထိုပြဿနာကိုမသိ၍ အရှင်ဘုရားထံ လာပါ၏ ဖြေတော်မူပါ” ဟု လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် “ဒါယကာ ... ဤသူငယ်ကား ယခုအခါ၌သာလျှင် အကျိုးစီးပွားကိုရှာသည်မဟုတ်၊ ရှေးအခါ၌လည်း အကျိုးစီးပွားကိုရှာသည်ဖြစ်၍ ပညာရှိတို့ကို မေးဖူး၏။ ပညာရှိတို့သည် ထိုသူငယ်အား ဖြေဆိုဖူးကုန်၏။ သို့သော်လည်း ဘဝဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် မမှတ်မိလေ” ဟု မိ်န့်တော်မူပြီးလျှင် အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]စီးပွားရေအခြေ လုံ့လပေ
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဖလွန်သဖြင့် သူဌေးအရာကို ရလေ၏။
ထိုအခါ သူဌေးအား နုပျိုသောသားငယ်သည် ရင်ခွင်၌နေ၍ -
“ဖခင် ... အကျွန်ုပ်တို့သည် အကျိုးစီးပွားများ အကြောင်းဖြစ်သော ပုဒ်တစ်ခုဖြင့် (စကားတစ်လုံးဖြင့်) အကျိုးစီးပွားများအောင် ပြုပါကုန်အံ့၊ သို့အတွက် အကျိုးစီးပွားများကြောင်း ဖြစ်၍ အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံးမိသော ပုဒ်တစ်ခုကား (စကားတစ်လုံးကား) အဘယ်နည်း - ဖြေကြားပါ” – ဟု မေးလေ၏။ ထိုအခါ သူငယ်၏အဖသည် -
“ချစ်သား ... အကျိုစီးပွားများကြောင်း ဖြစ်၍ အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံးမိသော ပုဒ်တစ်ခုကား(စကားတစ်လုံးကား) ဝီရိယဖြစ်၏။ အကျိုးစီးပွားများစေခြင်း၌ လိမ္မာသောသူ၏ ဝီရိယကား - အကျင့်သီလနှင့် လည်းကောင်း၊ သည်းခံခြင်းနှင့် လည်းကောင်း ပြည့်စုံလတ်သော် အဆွေခင်ပွန်းတို့ကို ချမ်းသာစေရန် လည်းကောင်း၊ ရန်သူတို့ကို ဆင်းရဲစေရန် လည်းကောင်း - စွမ်းနိုင်ပေ၏” – ဟု ဖြေကြားလေ၏။ သူငယ်သည်လည်း အဖသူဌေး ဖြေကြားအပ်သော နည်းဖြင့်သာလျှင် မိမိအကျိုးစီးပွားကို ပြီးစေလျက် အသက်၏အဆုံး၌ ကံအားလျော်စွာ လားလေ၏။
ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကိုပြသည်အဆုံး၌ သူကြွယ်သားအဖ နှစ်ယောက်တို့သည် သောတာပတ္တဖိုလ်၌ နည်ကုန်၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ သားငယ်သည် - ယခုအခါ သားငယ်။
ဗာရာဏသီသူဌေးသည် - ငါဘုရားဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ပုဒ်တစ်ခုမှာ၊ အကျိုးစီးပွား၊ သိမ်းပါဝီရိယ။
(၂) ပညာနှင့်ယှဉ်၊ သည်းခံယှဉ်၊ ယှဉ်ပါကျင့်သီလ။
(၃) မိတ်ဆွေချမ်းသာ၊ ရန်သူမှာ၊ ပြုရာဆင်းရဲပ။
ဧကပဒဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။