ဧကပဏ္ဏဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကကနိပါတ် - ၁၅။ ကကဏ္ဋကဝဂ် -၁၄၉ - ဧကပဏ္ဏဇာတ်။ ။ တစ်ရွက်သာရှိသေးသော တမာပင်ကို ဥပမာပြသဖြင့် ယဉ်ကျေးလာသည့် အလွန်ခက်ထန်သော မာန်ရှိသော ဒုဋ္ဌကုမာရမင်းသား အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ခက်ထန်မာန်ပြင်း လိစ္ဆဝီမင်း
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွန်ချွန် တပ်သော ကျောင်း၌ သီတင်းသုံးတော်မူစဉ် ခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်သော လိစ္ဆဝီမင်းတို့ အဝင်အပါ ဒုဋ္ဌလိစ္ဆဝီမည်သော မင်းသားတစ်ယောက် ရှိလေ၏။
ထိုမင်းသားသည် အမျက်မာန်ကြီး၏၊ ရုန့်ရင်းကြမ်းတမ်းကြုတ်၏၊ လှံတံဖြင့် ခတ်မိသော မြွေကဲ့သို့ အမြဲ အမျက်ထွက်လေ့ရှိ၏။ ထိုမင်းသားရှေ့ဝယ် နှစ်ခွန်း၊ သုံးခွန်းသော စကားကိုမျှ ပြောဆိုဝံ့သူ မည်သူမျှ မရှိ။ မိဘတို့လည်း မဆုံးမနိုင်ကုန်။ ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့လည်း မဆုံးမနိုင်ကုန်။ မိဘတို့သည် ထိုမင်းသားကို မြတ်စွာဘုရားထံသို့ ပို့ကာ ဆုံးမတော်မူရန် လျှောက်ထားကြကုန်၏။
ဘုရားရှင်ဟောပြ မာနကျ
[ပြင်ဆင်ရန်]ထိုအခါ မြတ်စွာဘုရားသည် မင်းသားအား “မင်းသား ... သင်သည် သတ္တဝါတို့အပေါ်၌ ရုန့်ရင်းကြမ်းကြုတ်သော စကားကို မပြောဆိုလင့်၊ နိုင်ထက်ကလူ မပြုလင့်၊ နှိပ်စက်ညှဉ်းပန်းခြင်း မပြုလင့် -
ရုန့်ရင်းကြမ်းတမ်းသောစကား ပြောဆိုသောသူကို အမိ၊ အဖ၊ သား၊ မယား၊ ညီ၊ အစ်ကို၊ မောင်၊ နှစ်မတို့ပင် မနှစ်သက်ကုန်။ အဆွေခင်ပွန်းတို့လည်း မနှစ်သက်ကုန်။ ကိုက်မည်လာသော မြွေဆိုး၊ တော၌ထကြွနေသော သူခိုး၊ စားမည်လာသော ဘီလူးကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ကုန်၏။ သေသည့်အခြားမဲ့၌ ငရဲသို့ ကျတတ်၏။ ယခုဘဝတွင်လည်း အထူးထူးသော အဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း မလှ၊ အသားအရေ မျက်နှာ ညှိုးနွမ်း၏။ အမျက်ဒေါသကြောင့် မိမိကိုယ်ကို မိမိတို့ သတ်ဖြတ်ညှဉ်းဆဲ၏။ သူတစ်ပါးကိုလည်း သတ်ဖြတ်ညှဉ်းဆဲ၏။ သေလွန်သောအခါ ငရဲသို့ကျတတ်၏။ ငရဲမှတက်၍ လူဖြစ်ပြန်လည်း ရုပ်အဆင်းမလှ၊ အနာရောဂါ များတတ်သောစိတ်၊ သနားကြင်နာသောစိတ်၊ အကျိုးစီးပွားကို လိုလားသောစိတ်ကို ဖြစ်စေရမည်”
ဟု စသည်ဖြင့် ဆုံးမတော်မူ၏။
ဒုဋ္ဌလိစ္ဆဝီမင်းသားသည် မြတ်စွာဘုရား တစ်ကြိမ်တည်း ဆုံးမကာမျှဖြင့် မာန၊ ဒေါသကင်းလျက် ယဉ်ကျေးသော စိတ်၊ နူးညံ့ သိမ့်မွေ့သောစိတ် ရှိလေ၏။ သူတစ်ပါးကို့ ဆဲရေးပုတ်ခတ်သော်လည်း ပြန်လှန်၍ မကြည့်တော့ဘဲ သည်းခံလေ၏။
ထိုအခါ တရားသဘင်ဝယ် ရဟန်းတို့သည် ဒုဋ္ဌလိစ္ဆဝီမင်းသား အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ယခုအခါ၌သာ ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို တစ်ကြိမ်တည်းဖြင့် နူးညံ့သိမ်မွေ့အောင် ဆုံးမတော်မူသည် မဟုတ်၊ ရှေးအခါ၌လည်း ဆုံးမဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]လောင်းတော်ရသေ့မြတ် မင်းဆည်းကပ်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံ အလုံးစုံ အတတ်ပညာတို့ကို သင်ကြား တတ်မြောက်ပြီးလျှင် လူ့ဘောင်တွင် အနည်းငယ်မျှသာနေ၍ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ နေလေ၏။
ကြာမြင့်လတ်သော် ချဉ်ဆားမှီဝဲအံ့သောငှာ လူတို့နေရာသို့လာ၍ မင်းကြီး၏ ဥယျာဉ်တော်၌ တည်းခိုးကာ နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံကြွလေ၏။ ထိုအခါ မင်းကြီးသည် လေသာပြတင်းမှ ကြည့်လတ်သော် ငြိမ်သက်တည်ကြည်သော ဣန္ဒြေဖြင့် မင်းရင်ပြင်သို့ရောက်နေသော ရသေ့ကိုမြင်၍ “ဤရသေ့၏ သန္တာန်၌ မုချ သူတော်ကောင်းတရား ရှိသည် ဖြစ်လိမ့်မည်” ဟု ကြံစည်တွေးတောကာ အမတ်တစ်ယောက်ကို ခေါ်၍ အပင့်ခိုင်းလေ၏။ အမတ်လည်း ရသေ့ကို နန်းတော်သို့ ပင့်ခဲ့လေ၏။
သား ဆုံးမရန် လျှောက်ထားပြန်
[ပြင်ဆင်ရန်]မင်းကြီးလည်း ရသေ့ကို ရာဇပလ္လင်ပေါ်တွင် သီတင်းသုံးစေ၍ မိမိတို့ စီရင်ထားသော အထူးထူးသော ဘောဇဉ်ခဲဖွယ်တို့ကို ဘုဉ်းပေးစေပြီးလျှင် ရသေ့အား “အရှင်ဘုရား ... အဘယ်မှာ နေပါသနည်း” ဟ လျှောက်လေ၏။ “မင်းကြီး ... ဟိမဝန္တာမှာ နေပါသည်” ဟု ပြောလေ၏။ “အရှင်ဘုရား ... ယခု ဘယ်သွားမည်နည်း” ဟု လျှောက်ပြန်၏။ “မင်းကြီး ... မိုးလအခါ သင့်လျော်သော ကျောင်းကိုရှာသည်” ဟု ပြောသောအခါ “အရှင်ဘုရား ... သည်လိုဖြစ်လဆင် တပည့်တော်၏ ဥယျာဉ်တော်မှာ သီတင်းသုံးတော်မူပါ” ဟု လျှောက်ထားကာ ဝန်ခံစေပြီးလျှင် ဥယျာဉ်တော်၌ ကျောင်းဆောက်၌ ပရိက္ခရာ လှူဒါန်းလျက် ဥယျာဉ်မှူးကို အပ်နှင်းလေ၏။ ရသေ့သည် ထိုအခါမှစ၍ ဥယျာဉ်တော၌သာ နေလေ၏။
မင်းကြီးလည်း ရသေ့ထံ အဆုံးအမခံရန် နေ့တိုင်း၊ နေ့တိုင်း နှစ်ကြိမ်၊ သုံးကြိမ် အခစားသွား၏။ မင်းကြီးအား ဒုဋ္ဌကုမာရ မည်သော သားတစ်ယောက်ရှိ၏။ ထိုမင်းသားသည် ရုန့်ရင်းကြမ်းကြုတ်၏။ အမျက်မာန်ကြီး၏။ နိုင်ထက်ကလူ ပြုတတ်၏။ မင်းကြီးလည်း မဆုံးမနိုင်၊ ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့လည်း မဆုံးမနိုင်ကုန်၏။
ထိုအခါ အမတ်ပုဏ္ဏားတို့သည် အညီအညွတ် စည်းဝေးတိုင်ပင်ကာ မင်းသားကို အကြောင်းအကျိုးပြ၍ ဆုံးမတားမြစ်ငြားသော်လည်း မနာယူလေ၏။ မင်းကြီးလည်း ဤမင်းသားကို သီလရှိသော ဆရာရသေ့ကိုထား၍ ဆုံးမနိုင်သောသူကို မမြင်ဟု ကြံစည်ကာ မင်းသားကို ရသေ့ထံသို့ ခေါ်၍ ဆုံးမတော်မူရန် လျှောက်ထားကာ ပြန်ခဲ့လေ၏။
ပမာဆောင်ပြ ယဉ်ကျေးရ
[ပြင်ဆင်ရန်]ရသေ့လည်း မင်းသားကိုခေါ်၍ ဥယျာဉ်တော်၌ လှည့်လည်သည်ရှိသော် တစ်ဖက် တစ်ရွက်စီအားဖြင့် နှစ်ရွက်သာ ထွက်သေးသော တမာပင်ပေါက်ကို မြင်၍ “မင်းသား ... ဤတမာပင်ပေါက်၏ အရွက်ကိုစား၍ သိအောင် ပြုလော့” ဟု ခိုင်းလေ၏။ မင်းသားလည်း တမာပင်ပေါက်၏ အရွက်ငယ်တစ်ရွက်ကိုစား၍ အရသာကိုသိလျှင် ထွီ -ဆို၍ ထွေးပစ်လေ၏။ထိုအခါ ရသေ့သည် “မင်းသား ... အဘယ်သို့နေသနည်း” ဟု မေးရာ “အရှင်ဘုရား ... ဤသစ်ပင်ငယ်သည် ယခုပင်လျှင် လတ်တလော သေစေတတ်သော အဆိပ်နှင့်တူ၏၊ ကြီးသည်ရှိသော် လူများစွာကို သတ်လတ္တံ့” ဟု လျှောက်ထားကာ တမာပင်ငယ်ကိုနုတ်၍ လက်ဖြင့်နယ်ပြီးလျှင် “အို ရှင်ရသေ့ ... ဤသစ်ပင်ငယ်ကား နှစ်ရွက်သာ ထွက်သေး၏၊ မြေမှ လက်လေးသစ် မကြီးသေး၊ ကြီးလာသည်ရှိသော် အသို့ဖြစ်လတ္တံ့နည်း၊ အရွက်ကား လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသည် ဖြစ်ရာ၏” ဟု လျှောက်ထားလေ၏။
ထိုအခါ ရသေ့သည် ဒုဋ္ဌကာမာရမင်းသားအား -
“မင်းသား ... တမာပင်ငယ်ကား ယခု ငယ်စဉ်ပင် ဤမျှလောက် ခါးလှ၏၊ ကြီးလာလျှင် ဘယ်လောက်ခါးလှမည် မသိ။ တမာပင်ကိုမှီ၍ အဘယ်မှာလျှင် အကျိုးစီးပွား ဖြစ်နိုင်အံ့နည်းဟု သင်သည်ပင် နုတ်၍ လက်ဖြင့်နယ်ကာ စွန့်ပစ်သေး၏။ သင်မင်းသားကိုလည်း တမာပင်ငယ်ကို နုတ်ပစ်သကဲ့သို့ တိုင်းသူပြည်သားတို့သည် ဤမင်းသားကား ငယ်စဉ်ကပင် ဤမျှလောက် ရုန့်ရင်းကြမ်းကြုတ်သေး၏။ ကြီး၍ မင်းဖြစ်သောအခါ အဘယ်မျှလောက် ရုန့်ရင်းကြမ်းကြုတ်လာမည် မသိ။ ဤမင်းသားကိုမှီ၍ ငါတို့အား အဘယ်မှာလျှင် အကျိုးစီးပွားဖြစ်နိုင်အံ့နည်းဟု သင့်အား မင်းအဖြစ်ကို မပေးမူ၍ တိုင်းပြည်မှ နှင်ထုတ်ကြကုန် လတ္တံ့” –
ထို့ကြောင့် ရုန့်ရင်းကြမ်းကြုတ်သော အမူအရာကို စွန့်၍ သတ္တဝါတို့အပေါ်မှာ သည်းခံခြင်း၊ ချစ်ခြင်း၊ သနားခြင်းကို ဖြစ်စေလော့ဟု ဆုံးမလေ၏။
ဒုဋ္ဌကုမာရမင်းသားည် တစ်ကြိမ်တည်း ဆုံးမကာမျှဖြင့် မာန်မာနမရှိ။ သည်းခံခြင်း၊ ချစ်ခြင်း၊ သနားခြင်းနှင့် ပြည့်စုံလေ၏။ နူးညံ့သိမ်မွေ့လေ၏။ အဘလွန်လျှင် မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြုကာ ကုသို်လ်ကောင်းမှုတို့ကို အားထုတ်လျက် သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဒုဋ္ဌကုမာရမင်းသားသည် - ယခုအခါ ဒုဋ္ဌလိစ္ဆဝီမင်းသား။
မင်းကြီးသည် - အာနန္ဒာ။
ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မာန်စောင်ကကြီး၊ အမျက်ကြီး၊ မုန်းတီးခံရမည်။
(၂) တန်ဆာဆင်ကြ၊ သွင်မလှ၊ သေကငရဲပြည်။
(၃) ခါး, ငယ်စဉ်ခါ၊ ခါး,ကြီးလာ၊ တမာတရထည်။
ဧကပဏ္ဏဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။