အာယာစိတဘတ္ထဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၂- သီလဝဂ် -၁၉။ အာယာစိတဘတ္တဇာတ်။ ။ သူကြွယ် ကုန်ရောင်းပြန်၍ သတ္တဝါတို့ကို သတ်ဖြတ်လှူသဖြင့်ပြစ်တင်ကဲ့ရဲ့ကာ တရားဟောသော ရုက္ခစိုးနတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

နတ်ကိုပန်ကြား ခရီးသွား[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လူတို့သည်ကုန်ကူးသွားလိုသည်ရှိသော် သတ္တဝါတို့ကို သတ်ပြီးလျှင် နတ်တို့အား ပူဇော်ပသ၍“ကျွန်ုပ်တို့ ဘေးအန္တရာယ်ကင်း၍ အကျိုးစီးပွား များပါလျှင် ပြန်ရောက်သောအခါ၌လည်းအရှင်နတ်မင်းတို့အား ပူဇော် ပသပါမည်” ဟု ဝန်ခံတောင်းပန်ကာ သွားကြကုန်၏။

ပြန်ရောက်ကြသောအခါဘေးအန္တရာယ် မရှိခြင်း၊ အကျိုးစီးပွားများခြင်းမှာ နတ်လူတို့တန်ခိုးအာနုဘော်ကြောင့် ဖြစ်ရသည်ဟု မှတ်ထင်စွဲလမ်းကာ နတ်တို့ကိုဝန်ခံတောင်းပန်ခြင်းမှ လွတ်မြောက်စေရန် ရည်သန်ကာ တစ်ဖန် သတ္တဝါတို့ကို သတ်၍ ပူဇော်ပသကြပြန်၏။

ရဟန်းတို့လည်းမြတ်စွာဘုရားထံ ချဉ်းကပ်ကာ “ဘုန်းတော်ကြီးမြတ်သော အရှင်ဘုရား ... လူတို့သည်သတ္တဝါတို့ကို သတ်၍ နတ်တို့အား ပူဇော်ပသကြရာ၌ အကျိုးရှိသည်၊ မရှိသည်” ကိုလျှောက်ထားကြလေလျှင် မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ... ရှေးအခါကလည်းဝန်ခံတောင်းပန်ခြင်း၊ ပူဇော်ပသခြင်း အမှုကို ပြုကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လူမိုက်နည်းကိုနတ်မလို[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါကာသိတိုင်းဝယ် ရွာငယ်တစ်ခု၏ တံခါးပေါက်အနီး၌နေသော သူကြွယ်တစ်ယောက်သည်ကုန်သွယ်သွားခါနီးတွင် ပညောင်ပင်စောင့် နတ်မင်းအား ပူဇော် ပသပြီးလျှင်ဝန်ခံတောင်းပန်ကာသွား၍ ဘေးအန္တရာယ် ကင်းလွတ်ကာ ပြန်ရောက်လာလျှင် သတ္တဝါတို့ကို သတ်၍ဝန်ခံတောင်းပန်ခြင်းမှ လွတ်မြောက်စေမည်ဟု ရည်သန်ကာ ပညောင်ပင်ရင်းသို့ လာပြိးနတ်မင်းအား ပူဇော်ပသလေ၏။

ထိုအခါပညောင်ပင်စောင့် ရုက္ခစိုး နတ်မင်းသည် ပညောင်ပင်ခွ၌ ရပ်တည်လျက် -

“အိုယောကျ်ား ... သင့်မှာ သတ္တဝါတို့ကို သတ်၍ ဝန်ခံခြင်းမှ လွတ်မြောက်အောင် ပြုသော်လည်းပါဏာတိပါတ အကုသိုလ်ကံဖြင့် ဖွဲ့ချည်မိပြန်၏။ သင်၏ လုပ်နည်းကား ပညာရှိတို့ လုပ်နည်းမဟုတ်၊ လူမိုက်တို့လုပ်နည်းသာ ဖြစ်သည်။ မိမိကိုယ်ကို လွတ်အောင် ပြုလုပ်သည် မမည်” –

ဟု အကြောင်းအကျိုးကို ဝေဖန်ပြသကာ ပြောကြားလေ၏။ ထိုအခါမှစ၍ရှောင်ကြဉ်ကြလျက် ကုသိုလ် သုစရိုက် တရားတို့ကို ပွားများအားထုတ်ကာ တမလွန်ဘဝ၌နတ်ရွာသို့ လားကြရကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရုက္ခစိုးနတ်သည် -ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

အာယာစိတဘတ္တဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ