အာဒိစ္စုပဋ္ဌာနဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၃။ ကလျာဏဝဂ် -၁၇၅ - အာဒိစ္စုပဋ္ဌာနဇာတ်။ ။ ခဲဘွယ်ဘောဇဉ်ကို စားလို၍ လူတို့ အံ့ဩဖွယ်ဖြစ်အောင် နေကို ရှိခိုးလျက် နေသော မျောက်ပျက် အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]အံ့ဖွယ်ထင်အောင် အယောင်ဆောင်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]တောမှကြွလေ ရွာစွန်နေ
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားတတ်မြောက်ပြီးလျှင် ရသေ့ရဟန်းပြုကာ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့အပေါင်း ခြံရံကာ ဟိမဝန္တာအရပ်တွင် နေလေ၏။
ရသေ့ကြီးသည် ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေပြီးလျှင် ချဉ်ဆားမှီဝဲရန် လူတို့နေရာသို့လာ၍ အရပ်စွန်တစ်ခုဝယ် သစ်ရွက်မိုးကျောင်း ဆောက်လုပ်ကာနေ၏။
မျောက်ယုတ်မာများ ပျက်စီးငြား
[ပြင်ဆင်ရန်]ထိုအခါ လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ရသေ့တို့ ဆွမ်းခံသွားသည်ရှိသော် ကျောင်းသို့လာ၍ ကစကားမြူးခုန်ကာ သောက်ရေအိုးရှိ ရေကို မှောက်သွန်လေ၏။ ကရားတို့ကို ခွဲလေ၏။ မီးတင်းကုတ်၌လည်း ကျင်ကြီးစွန့်လေ၏။
ရသေ့တို့သည် မိုးလပတ်လုံးနေ၍ ယခုအခါ ဟိမဝန္တာအရပ်သို့ ပြန်ကြတော့မည်ဟု အရပ်စွန်၌နေသာ ဒါယကာတို့ကို ပန်ကြားကုန်၏။ ဒါယကာတို့သည် အရှင်တို့ မပြန်မီ နတ်ဖြန် ဆွမ်းပို့ကြပါမည်။ ဆွမ်းဘုဉ်းပေးပြီးမှ ပြန်ကြပါဟု လျှောက်ထားကြကုန်၏။
ယောင်ဆောင်နေက မောင်းထုတ်ကြ
[ပြင်ဆင်ရန်]နှစ်ရက်မြောက်သောနေ့၌ ဒါယကာတို့သည် ခဲဖွယ်ဘောဇဉ် များစွာတို့ကို ယူဆောင်ကာ ကျောင်းသို့လာကြကုန်၏။ မျောက်သည် ခဲဖွယ်ဘောစဉ်တို့ကို မြင်လျှင် အံ့ဖွယ်သရဲကို ပြုလုပ်လျက် လူတို့ကို ပေးစေအံ့ဟု ကြံစည်ကာ ရသေ့တို့အကျင့်ကို ကျင့်သကဲ့သို့ ရသေ့တို့နှင့် မနီးမဝေးသော အရပ်တွင် နေကို ရှိခိုးလျက်နေ၏။ လူတို့သည် မျောက်ရှိခိုးနေသည်ကို မြင်လျှင် -
“အလုံးစုံသော သတ္တဝါတို့၌ သီလသမာဓိနှင့် ပြည့်စုံသော သတ္တဝါတို့လည်း ရှိကြကုန်၏။ နေကို ရှိခိုးနေသော မျောက်ကို ကြည့်ရှုကြကုန်လော့” –
ဟု မျောက်၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ရသေ့ကြီးသည် မျောက်၏ ဂုဏ်ကျေးဇူးကို ပြောဆိုသော သူတို့အား -
“အို - ဒါယကာတို့ ... သင်တို့သည် မျောက်ယုတ်မာ၏ သီလမရှိသော အဖြစ်ကို မသိကြသဖြင့် ချီးမွမ်းကြကုန်၏။ဤ မျောက်ယုတ်မာကား -မီးတင်းကုပ်၌လည်း ကျင်ကြီးစွန့်ပြီ၊ ကရား နှစ်လုံးကိုလည်း ခွဲပြီ ” –
ဟု မျောက်တို့၏ ကျေးဇူးမဲ့ကို ပြောဆိုလေ၏။ လူတို့သည် မျောက်၏ အံ့ဖွယ်သရဲ ပြုလုပ်သည့်အဖြစ်ကို သိလတ်သော် ခဲ၊ တုတ်၊ လှံကန်တို့ဖြင့် ပစ်ခတ်ရိုက်ပုတ်ကာ ပြေးစေပြီးလျှင် ဟိမဝန္တာအရပ်သို့ပြန်ကာ မယုတ်သောဈာန် ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကြကုန်၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မျောက်သည် - ယခုအခါ အံ့ဖွယ်ပြုသော ရဟန်း။
ရသေ့အပေါင်းသည် - ငါဘုရားပရိသတ်။
ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) အံ့ဖွယ်သရဲ၊ ပြုသည့်နဲ၊ စဉ်းလဲယုတ်မာလို။
(၂) စားဖွယ်ကိုမျှော်၊ မျောက်ပျက်ချော်၊ ကော်ရော် နေမင်းကို။
အာဒိစ္စုပဋ္ဌာနဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။