အဟိတုဏ္ဍိကဇာတ်

ဝီကီပီးဒီးယား မှ

ပဉ္စကနိပါတ် - ၂။ ဝဏ္ဏာရောဟဝဂ် -(၃၆၅) - အဟိတုဏ္ဍိကဇာတ် အလမ္ပာယ်သမားနှင့် မျောက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကိုယ်နှုတ်ကြမ်းကြုတ် လွန်စက်ဆုပ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းကြီးတစ်ပါးသည် ရွာသူသားငယ်ကို ရှင်သာမဏေ ပြုစေပြီးလျှင် ဆဲရေးပုတ်ခတ်၏။ သာမဏေငယ်သည် ပြေး၍ လူထွက်၏။ နှစ်ကြိမ်မြောက်လည်း ရှင်သာမဏေပြုစေ၍ ရှေးနည်းအတူ ပြုပြန်၏။ သုံးကြိမ်မြောက်လည်း ရှေးနည်းအတူ ပြုပြန်ဒ။ သာမဏေငယ်သည် လူထွက်၍ တစ်ဖန် တောင်းပန်သော်လည်း ထိုရဟန်းကြီးကို ကြည့်ရှုခြင်းငှာ အလိုမရှိပေ။

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ … ဤမည်သော ရဟန်းကြီးသည် သာမဏေငယ်နှင့် အတူတကွ နေခြင်းငှာလည်း မတတ်နိုင်၊ ကင်း၍ နေခြင်းငှာလည်း မတတ်နိုင်၊ သာမဏေငယ်သည် ရဟန်းကြီး၏ အပြစ်ကို မြင်၍ ကြည့်ရှုခြင်းငှာပင် အလိုမရှိပေ” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ဤသာမဏေငယ်သည် ယခုအခါ၌ သာ လိမ္မာသောစိတ်ရှိသဖြင့် တစ်ကြိမ် အပြစ်ကိုမြင်၍ ပြန်၍ ကြည့်ခြင်းငှာ အလိုမရှိသည်မဟုတ်၊ ရှေးအခါ၌ လည်း အလိုမရှိသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မျောက်ကိုအပ်သွား အလမ္ပာယ်သမား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စပါးကုန်သည်မျိုး၌ ဖြစ်၍ စပါးကိုရောင်းချကာ အသက်မွေးလေ၏။ ထိုအခါ အလမ္ပာယ်သမားတစ်ယောက်သည် မျောက်ကိုယူ၍ အတတ်ပညာသင်ပြီးလျှင် မြွေကို ကစားစေ၍ ဗာရာဏသီပြည်၌ ပွဲသဘင် ကြွေးကြော်လတ်သော် မျောက်ကို စပါးကုန်သည်ထံတွင် အပ်နှံကာ မြွေကို အလမ္ပာယ်ပြလျက် ခုနစ်ရက်ပတ်လုံး ပွဲသဘင်၌ လှည့်လည်လေ၏။ စပါးကုန်သည်လည်း ထိုမျောက်အား ခဲဖွယ်ဘောဇဉ်ကို ပေးလေ၏။

အလမ္ပာယ်သမားလည်း ခုနစ်ရက်မြောက်နေ့၌ ပြန်လာ၍ မျောက်ကို ဝါးခြမ်းဖြင့် သုံးကြိမ်ရိုက်နှက်၍ ယူပြီးလျှင် ဥယျာဉ်တစ်ခုသို့သွား၍ တစ်နေရာ၌ ချည်နှောင်ကာ အိပ်ပျော်လေ၏။ မျောက်လည်း ကြိုးကိုဖြေ၍ သရက်ပင်သို့ တက်ပြီးလျှင် သရက်သီးတို့ကို စားလျက်နေ၏။

ကြမ်းကြုတ်သူမှ ရွံမုန်းလှ[ပြင်ဆင်ရန်]

အလမ္ပာယ်သည် နိုး၍ သရက်ပင်မှ မျောက်ကိုမြင်လျှင် ထိုမျောက်ကို ဖြားယောင်းသွားဆောင်၍ ယူသင့်သည်ဟု ကြံစည်၍ -

“အို - ကောင်းသောမျက်နှာရှိသော မျောက် … ငါသည် ကြွေအန်ကစားကြူး၍ ရှုံးခဲ့၏။ သရက်သီးမှည့်တို့ကို ချပါလော့၊ သင်၏ လုံ့လကြောင့်ဖြစ်သော သရက်သီးမှည့်တို့ကို ငါစားလို၏” ဟု မျောက်အား စကားပြောဆိုကာ သွေးဆောင်ဖြားယောင်းလေ၏။ မျောက်သည် အလမ္ပာယ်စကားကို ကြားလျှင်

“အချင်း-အလမ္ပာယ် … သင်ကား ငါ့ကို မဟုတ် မမှန်သောစကားဖြင့် ချီးကျူးဘိ၏။ သင့်စကားသည် ချွတ်ယွင်းစွတကား၊ သင်ဘယ်အခါ ကောင်းသောမျက်နှာရှိသော မျောက်ကို ကြားလည်း ကြားဖူးပါသလော၊ မြင်လည်း မြင်ဖူးပါသလော” –

“သင်သည် စပါးဈေးသို့ဝင်ပြီးလျှင် ငါ့ကိုလွှတ်ခဲ့၍ မွတ်သိပ်ဆာဆောင်နေသော ငါ့ကိုရိုက်နှက်ဘိ၏။ ဤလို ရိုက်နှက်ခြင်းကို သင်သည် ယခုလည်း အမှတ်ရ၏လော” –

“ငါသည် ဆင်းရဲစွာအိပ်ရခြင်းကို အမှတ်ရ၏။ သင်သည် ငါ့ကိုဘေးဖြင့် ခြိမ်းခြောက်၏။ ထို့ကြောင့် သင်သည် ငါ့ကို မင်းဖြစ်အောင် ပြုလုပ်ပေးစေကာမူ ငါသည် တောင်းနေသောသင့်အား မပေးတော့သည်သာတည်း” –

“အမျိုးဇာတ်၌ ဖြစ်သော၊ ရောင့်ရဲသော၊ အထီးမကျန်သော၊ ဝန်မတိုသောသူကိုလည်း သိရာ၏။ ပညာရှိသည် ထိုသူနှင့် အဆွေခင်ပွန်းအဖြစ် မိတ်သဂ်ဟ အဖြစ်ကို ပြုခြင်းငှာထိုက်၏” –

ဟု အလမ္ပာယ်အး ပြောဆိုပြီးလျှင် တောသို့ လျင်မြန်စွာ ဝင်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အလမ္ပာယ်သမားသည် - ယခုအခါ ရဟန်းကြီး။

မျောက်သည် - သာမဏေ။

စပါးကုန်သည်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရောင့်ရဲမျိုးမှန်၊ ထီးမကျန်၊ ပေါင်းရန်ဝန်မတို။

(၂) တစ်ကြိမ်ဖြင့်ပင်၊ အပြစ်မြင်၊ ရှောင်ကြည်အပ်သည်ကို။

(၃) တောမျောက်ဉာဏ်ကျယ်၊ အလမ္ပာယ်၊ ရှောင်ဖယ်သွားသလို။

အဟိတုဏ္ဍိကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ