အသာတမန္တဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၁- အသာတမန္တဇာတ်။ ။ တက္ကသိုလ်ပြည်ပါမောက္ခဆရာကြီးက မိမိအမေကို နမူနာထား၍ သင်ပြလိုက်သော အသာတမန္တာန်ကို ကိုယ်တွေ့ကြုံခဲ့ရသဖြင့် သံဝေဂရသောပုဏ္ဏားလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိန်းမသဘောထုတ်ဖော်ပြော[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမတစ်ယောက်ကို အမှီပြု၍သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်လာရာ “ချစ်သားရဟန်း ... မိန်းမတို့ မည်သည် ဆင်းရဲအမျိုးမျိုးကို ပေးတတ်၏၊ယုတ်မာသောသဘောရှိ၏။ သင်သည် မိန်းမကို အမှီပြု၍ အဘယ်ကြောင့် သာသနာတော်မှာလူထွက်လိုသနည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သားကိုပြောပြမိနှင့်ဘ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဂန္ဓာရတိုင်းတက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံနှင့်တကွ အတတ်အလုံးစုံကို ကမ်းတစ်ဖက်ရောက်အောင်တတ်မြောက်သော ဒိသာပါမေက္ခဆရာကြီး ဖြစ်လေ၏။

ထိုအခါဗာရာဏသီပြည်၌ တစ်ဦးသော ပုဏ္ဏားမျိုးဝယ် သားယောကျ်ား ဖွားမြင်သောနေ့၌ မီးကိုယူကာမငြိမ်းအောင် ထားလေ၏။ မိခင်သည် သား တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်သောအခါ“ချစ်သား ... ငါတို့သည် သင်ဖွားနေ့၌ မီးကို ယူထားခဲ့ကြသည်၊ ဗြဟ္မာ့ပြည့်သွားလိုမူဤမီးကိုယူကာ တောထွက်၍ *မီးကို ရှိခိုးလုပ်ကွေးပါ၊ သို့ တည်းမဟုတ် အိမ်ထောင်လိုမူတက္ကသိုလ်ပြည်သွား၍ ပညာသင်ကြားပြီးမှ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းပါ” ဟုပြောကြားလေ၏။

[မီးကို ရှိခိုးလုပ်ကျွေးခြင်းကို ထိုအခါ အိန္ဒိယပြည်တွင် ဗြဟ္မာဖြစ်စေတတ်သော အကျင့်ဟု ပညာရှိသူများ ယူဆကြဟန်တူသည်။]

ပညာစုံကတစ်ခါပြန်ရ[ပြင်ဆင်ရန်]

သားဖြစ်သော ပုဏ္ဏားလုလင်သည်ငါကား တောထွက်၍ မီးကို မလုပ်ကျွေးနိုင်၊ ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းတော့မည်ဟုကြံစည်လျက် “မိခင် ... ကျွန်ုပ်ကား မီးကို မလုပ်ကျွေးနိုင်ပါ၊ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းပါမည်”ဟု ဆရာအတွက် အသပြာတစ်ထောင် ယူလျက် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံသွား၍ပညာသင်ကြား တတ်မြောက်ပြီးလျှင် အိမ်သို့တစ်ဖန် ပြန်လာ၏။

အမိ အဘတို့လည်းသားကို အိမ်ထောင်ပြုခြင်းကို အလိုမရှိကုန်၊ မီးကိုသာ လုပ်ကျွေးစေလိုကုန်၏။ ထိအခါ မိခင်သည် ငါ့သားအားမိန်းမတို့ အပြစ်ကိုပြ၍ တောထွက်စေမည်ဟု ကြံစည်လျက် “ချစ်သား ... အတတ်ပညာ ပြည့်စုံပြီလော”ဟု မေးသောအခါ “မိခင် ... ပြည့်စုံပါပြီ” ဟု ပြော၏။ “ချစ်သား ... အသာတမန္တန်ကို သင်ခဲ့ပြီလေ” ဟု မေး၏။ “မိခင် ...မသင်ခဲ့ရသေးပါ” ဟု ပြောလျှင် “ချစ်သား ... အသာတမန္တန်ကို မတတ်လျှင် ပညာပြည့်စုံသည်မမည်၊ တစ်ဖန် သွား၍သင်ချေဦး” ဟု စေလွှတ်ပြန်၏။

မိန်းမတို့ကျင့်ကြံအသာတမန္တာန်[ပြင်ဆင်ရန်]

လုလင်လည်းတက္ကသိုလ်ဆရာကြီးထံ အသာတမန္တာန်ကို သင်ကြားရန် သွားပြန်၏။ ဆရာကြီးလည်းအသက်တစ်ရာ့နှစ်ရှိ မိခင်ကြီးကို လုပ်ကျွေးနေရာ တပည့်များ ရွံရှာစက်ဆုပ်သည်ကိုသိ၍စားနပ်ရိက္ခာ အပြည့်အစုံ စီမံပြီးလျှင် မိခင်အိုကြီးကို ထမ်းကာ တောသို့သွား၍ အရိပ်၊ ရေ ပြည့်စုံသော နေရာတစ်ခုဝယ်သစ်ရွက်မိုးအိမ် ဆောက်လျက် လုပ်ကျွေးနေခိုက် ဖြစ်လေ၏။

ဆရာကြီးသည် မိမိထ့ပြန်လာသော တပည့်ကိုမြင်လျှင် “အမောင် ... ဘယ်အတွက် ချက်ချင်း ပြန်လာသနည်း” ဟုမေးလေ၏။ ဆရာ ... အသာတမန္တာန်ကို မသင်ရသေး၍ ပြန်လာပါသည်ဟု ပြောလေလျှင် “အမောင် ...အသာတမန္တန်ကို သင်ရမည်” ဟု ဘယ်သူ ပြောသနည်းဟု မေးသောအခါ “အကျွန်ုပ်မိခင် ပြောပါသည်”ဟု ဆိုလေလျှင် ဆရာကြီးသည် ဤလုလင်ကိုသူ့အမိက မိ်န်းမအပြစ်ကို သိစေလို၍ ခိုင်းသည်ဖြစ်လိမ့်မည်ဟု ကြံစည်ကာ “အမောင် ...ကောင်းပြီ သင်ပေးမည်၊ ငါ့ကိုစားပြု၍ ငါ့မိခင်အိုကြီးကို လုပ်ကျွေးလော့” ဟုစေခိုင်း၏။ လုပ်ကျွေးပုံ အခြင်းအရာ ကိုလည်း ပြောကြားလေ၏။

မန္တန်အသာတလက်တွေ့ပြ[ပြင်ဆင်ရန်]

“အမောင် ... မိမိလက်ဖြင့်ရေချိုးပါ၊ အစားအသောက်ကျွေးပါ၊ လက်၊ ခြေ၊ ဦးခေါင်း၊ ကျော စသည်ကိုနင်းနှိပ်ဆုပ်နယ်ပေးပါ၊ ဆုပ်နယ်ပေးစဉ်‘အဘွား ... သည်လောက် အိုနေပါလျက် မျက်စိ၊ နား၊ နှာ၊ အင်္ဂါ၊ ခြေလက်တို့မှာ နူးညံ့ပြေပြစ်လှပေသေးသည်၊နိုပျိုစဉ်အခါတုန်းက ဘယ်လောက်များ လှပမည်၊ ကြည့်ကောင်းမည်ဟု မပြောတတ်ပါ’ စသည်ဖြင့်သူ၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ချီးကျူါ်ပါ၊ မိခင်အိုကြီး ပြန်ပြောသောစကားတို့ကိုလည်း လျှို့ဝှက်မထားပါနှင့်၊ ငါ့ကို အကုန်အစင် ပြန်ပြောပါလေ” ဟုစကားထည့်ပြီးလျှင် လုပ်ကျွေးစေ၏။

သားကိုသတ်ရန်အမိကြံ[ပြင်ဆင်ရန်]

လုလင်လည်း မိခင်အိုကြီးကိုဆရာကြီး စီမံနည်းပေးသည့်အတိုင်း လိုက်နာလျက် မရွံမရှာ ယုယုယယ ပြုစုလုပ်ကျွေးလေ၏။ပြုစု လုပ်ကျွေးသောအခါ မိခင်အိုကြီး၏ ဂုဏ်ကျေးဇူးတို့ကို မပြတ် မပြတ် ပြောဆိုချီးကျူး၏။ ထိုအခါ မျက်စိလည်းကွယ်၊အသက် တစ်ရာ့နှစ်ဆယ် ရှိပြီး အားအင် နည်းပါးလှသော မိခင်အိုကြီးစဉ်လျက်ကိုယ်တွင်းရှိ အနုသယကိလေသာတို့သည် လုလင်ငယ်နှင့် မွေ့လျော် ပျော်ပါးလိုသောစိတ်တို့သည် မျိုသိပ်ထိန်းသိမ်း၍ မရတော့ချေ။ ထိုအခါ လုလင်ငယ်ကို -

“အမောင် ... ငါနှင့်မွေ့လျော် ပျော်ပါးချင်သလော” ဟု မေး၏။ “အဘွား ... ဟုတ်ကဲ့ မွေ့လျော်ပျော်ပါးချင်ပါသည်၊ သို့သော်လည်း ဆရာကြီးကို ကြောက်ရွံ့ ရိုသေပါသည်” ဟု ဆိုလေ၏။“အမောင်... ငါ့ကို အလိုရှိလျှင် ငါ့သားကို သတ်ပစ်ပါ” ဟု ဆိုပြန်ရာ “အဘွား ...အတတ်သင်ပေး၍ ကျေးဇူးများလှသဖြင့် ကိလေသာကိုစွဲပြီး မသတ်ဝံ့ပါ” ဟု ဆိုလျှင် “အမောင်... ငါ့ကို စွန့်ပစ်မသွားဘူးဆိုလျှင် ငါကိုင်တိုင်ပဲ သတ်ပစ်မည်” ဟု ပြောလေ၏။

သားမောင်သဏ္ဌာန် ပရိယာယ်ဖန်[ပြင်ဆင်ရန်]

လုလင်သည် ဆရာကြီးထံသွား၍ဆရာကြီးအား မကွယ်မဝှက် မိခင်အိုကြီးနှင့် ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောကြားလေ။ဆရာကြီးသည် မိခင်အိုကြီး၏ အသက်အပိုင်းအခြားကို ကြည့်လတ်သော် ယနေ့ပင် သေလိမ့်မည်ကိုသိ၍ “တပည့် ... ကောင်းပြီ၊ မိခင်အိုကြီးကို ငါ စုံစမ်းမည်” ဟု ဆို၍ ရေသဖန်းသားကိုအရုပ်တုလုပ်ပြီးလျှင် အိပ်နေကျနေရာတွင် စောင်ခြုံလျက် မိခင်အိုကြီးနေရာသို့ကြိုးတန်းသွယ်ပြီးလျှင် ပုဆိန်တစ်လက်ယူကာ တပည့်အားပေး၍ မိခင်အိုကြီးကို အသတ်ခိုင်းချေလော့”ဟု ပြောဆိုစီမံပြီးလျှင် သစ်သားရုပ်အနီး၌ နေလေ၏။

ရာဂပူးကပ်သားကိုသတ်[ပြင်ဆင်ရန်]

လုလင်လည်း မိခင်အိုကြီးထံသွား၍ “ကျွန်တော်နှင့် ပေါင်းသင်း နေထိုင်လိုလျှင် သားကို သတ်ချေ၊ အသင့်ဖြစ်အောင်ကြိုးတန်းသွယ်ထားပြီ” ဟု ဆိုကာ ပုဆိန်ကို ပေး၏။ မိခင်အိုကြီးသည် တစ်ဖန် လုလင်ငယ်အား“အမောင် ... ငါ့ကို စွန့်ပစ်သွားမှာလော” ဟု မေးပြန်၏။ လုလင်လည်း “အဘွားအိုအဘယ်ကြောင့် စွန့်ပစ်ရမည်နည်း၊ ပေါင်းသင်းနေထိုင်ပါမည်” ဟု ဆိုလေလျှင်မိခင်အိုကြီးသည် ပုဆိန်ကို မနိုင်တနိုင်ကိုင်ကာ တုန်တုန်ယင်ယင်နှင့် ထ၍ကြိုးတန်းကိုင်လျက် သားထံသွားကာ တစ်ချက်တည်း အသေသတ်မည်ဟု သစ်သားရုပ်ကိုလက်နှင့်စမ်း၍ စောင်ကိုလှစ်ပြီးလျှင် လည်ပင်းကို တအား ပေါက်လိုက်သောအခါဒုန်းဒုန်းမြည်သံ ကြားသဖြင့် သစ်သားရုပ်မှန်း သိလေ၏။

ထိုအခါ သားဖြစ်သောဆရာကြီးသည် မိခင်အိုကြီးအား “မိခင် ... ဘာလုပ်သနည်း” ဟု မေးလေ၏။ မိခင်အိုကြီးလည်း“ဆရာတပည့်နှစ်ယောက် ငါ့ကို လှည့်စားကြပြီ” ဟု သိသဖြင့် အရှက်ကြီးကွဲကာ ဤနေရာမှာပင်သေဆုံးလေ၏။ သားလည်း မိခင်အိုကြီး အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်လေ၏။

ကိုယ်တွေ့ထုတ်ပြ သာဓက[ပြင်ဆင်ရန်]

မိန်းမတို့ သဘောကား ကိလေသာရာဂစိတ် ဖြစ်လာလျှင် အရွယ်ဝုဒ္ဓိကိုလည်း မထောက်ထား၊ ကျေးဇူးတရားကိုလည်း မဆင်ခြင်မိမိတို့ ထင်မြင်ရာကို ပြုလုပ်တတ်သည့် အတွက် ယုတ်မာသော သဘောရှိ၏။ဆင်ရဲအမျိုးမျိုးကို ပေးတတ်၏။

ထို့နောက်ဆရာကြီးလည်း တပည့်လုလင်ကိုခေါ်၍ “အမောင် ... အသာတမန္တန်မှာ အသီးအခြား မရှိ၊မိန်းမတို့အပြစ်ကို သိရန် အတတ်ပင် ဖြစ်သည်၊ သင့်မိခင်သည် မိန်းမတို့အပြစ်ကိုသိစေလို၍ ခိုင်းခြင်း ဖြစ်သည်၊ သင် ယခု မျက်မြင်ဒိဋ္ဌ မြင်ပြီမဟုတ်လော” ဟု ပြောဆိုဆုံးမကာ “သင့်အမိအဘထံ ပြန်လေတော့” ဟု လွှတ်လိုက်၏။

မိန်းမပြစ်ရှုတောထွက်ပြု[ပြင်ဆင်ရန်]

လုလင်လည်း ဆရာကြီးကိုခွင့်ပန်၍ လာခဲ့ရာ မိဘတိုထံ ရောက်လျှင် မိခင်သည် သားအား “ချစ်သား ... အသာတမန္တန်ကိုသင်ခဲ့ပြီလော” ဟု မေး၏။ “မိခင် ... သင်ခဲ့ပါပြီ” ဟု ဆိုလေ၏။ ချစ်သား ... ယခုဘာလုပ်မည်နည်းဟု မေးပြန်ရာ “မိခင် ... ကျွန်ုပ် မိန်းမတို့ အပြစ်ကို ကိုယ်တိုင်မြင်ခဲ့ရပါပြီ၊ အိမ်ထောင်၍ ပစ္စည်းဥစ္စာ မရှာလိုတော့ပါ၊ ရဟန်းပြုကာ တောထွက်၍မီးကိုပင် လုပ်ကျွေးပါတော့မည်” ဟု ပြောဆိုလေ၏။ နောက်တစ်ဖန် -

“မိခင် ...

လောက၌ မိန်းမတို့ကား ဆင်းရဲကို ပေးတတ်ကုန်၏။

ယုတ်မာကုန်၏။

စည်းကမ်း မရှိကုန်။

မီးသည် ကောင်း၊ မကောင်း ဟူသမျှကို လောင်ကျွမ်းသည့်အလား တွေ့တိုင်းတွေ့တိုင်းသော သူတို့ကို မှီဝဲတတ်ကုန်၏။

ထို့ကြောင့်“ အိမ်ထောင်မပြုလို၊ တောထွက်၍ ရဟန်းပြုကာ ဝိဝေကတရားကို ပွားစေလျက် ဗြဟ္မာ့ပြည်သို့သွားမည်” ဟု မိန်းမတို့ကို ကဲ့ရဲ့ရှုတ်ချကာ တရားဟောပြီးလဆင် အမိအဘတို့ကို ရှိခိုးလျက်တောထွက်၍ ရဟန်းပြုကာ ဝိဝေကတရားကို ပွားများစေလျက် သေသည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့လားရလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှလူထွက်လိုသော ရဟန်းသည် သောတပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လုလင်ငယ်၏ မိခင်သည် - ယခုအခါ ဘဒ္ဒကာပိလာနီ။

လုလင်ငယ်ဖခင်သည် - မဟာကဿပ။

လုလင်ငယ်သည် - အာနန္ဒာ။

ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဆင်းရဲပေးကြ၊ ယုတ်မာလှ၊ မိန်းမဓမ္မာတာ။

(၂) ကောင်း, မကောင်းယူ၊ မီးနှင့်တူ၊ လူတိုင်းမှီဝဲရာ။

အသာတမန္တဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ