အရညဇာတ်

ဝီကီပီးဒီးယား မှ

စတုက္ကနိပါတ် - ၅။ စူဠကုဏာလဝဂ် -(၃၄၈) - အရညဇာတ် မိန်းမဖျက်သော်လည်း သီလ မပျက်စီးသော တောတွင်းနေရသေ့ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိန်းမဖြားယောင်း ရဟန်းအကြောင်း[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြိး ဖြားယောင်း၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် စူဠနာရဒကဿပဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သီလကျင့်လျက် မိန်းမဖျက်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သက်ကြားပြီးလျှင် အိမ်ရာထောင်ခြင်းကို ပြုလေ၏။ သားတစ်ယောက် မွေးဖွားပြီး၍ မယား သေလွန်သည်ရှိသော် သားကိုခေါ်ယူကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေလေ၏။

တစ်နေ့သ၌ ရသေ့ကြီးသည် သားငယ်ရသေ့ကို ကျောင်း၌ ထားခဲ့၍ သစ်သီးရှားသွားလေ၏။ ထိုအခါ သူခိုးတို့သည် ပစ္စန္တရွာကို လုယက်ပြီးလျှင် သတို့သမီးငယ် တစ်ယောက်သည် ပြေး၍ ရသေ့ကျောင်းသို့ရောက်လျှင် ရသေ့ငယ်ကို ဖြားယောင်းပြီးလျှင် သီလကို ဖျက်ဆီးလျက် မိမိနောက်သို့ လိုက်ရန် ခေါ်လေ၏။

တဏှာစွဲငင် ရွာထွက်ချင်[ပြင်ဆင်ရန်]

ရသေ့ငယ်လည်း “ငါ့အဘ ရသေ့ကြိး လာစေပါဦး၊ အဘကိုဖူးမြင်ခွင့်ရပြီးမှ လိုက်နိုင်မည်” ဟု ပြောလေ၏။ သတို့သမီးငယ်သည် “ကောင်းပြီ ခရီးလမ်းအကြား၌ ဆိုင်းငံ့၍ နေမည် လာခဲ့လော” ဟု မှာထား၍ သွားလေ၏။

ရသေ့ငယ်သည် အဘရသေ့ကြီး တောမှ ပြန်လာသည်ရှိသော် -

“ဖခင် … အကျွန်ုပ်သည် ဤတောမှ ရွာသို့ သွားတော့မည်၊ ဘယ်သို့သော သီလအကျင့်ရှိသူကို မှီဝဲဆည်းကပ်ရမည်နည်း၊ ဖခင်သည် အကျွန်ုပ် မေးမြန်းသော အကြောင်းကို ပြောကြားပါ” –

ဟု ဖခင်အား မေးမြန်းတောင်းပန်လေ၏။ ထိုအခါ အဘ ရသေ့ကြီးသည် -

“ချစ်သား … ဤတောအရပ်မှ ရွာသို့သွားသည်ရှိသော် သင့်ကို အကျွမ်းဝင်သူ၊ သင်၏ အကျွမ်းဝင်ခြင်းကို နှစ်သက်သူ၊ အကျွမ်းဝင်သော စကားကို နားထောင်လိုသူ၊ အပြစ်ကို သည်းခံသူတို့ကို မှီဝဲဆည်းကပ်ရမည်”။

“ချစ်သား … ကိုယ်, နှုတ်, နှလုံး သုံးပါးဖြင့် မကောင်းမှု ဒုစရိုက် မပြုသူကို ရင်ဝယ်တည်၍ ကြီးပွားသော သားကဲ့သို့ မှီဝဲဆည်းကပ်ရမည်”။

“ချစ်သား … နနွင်းရည်ကို ဆိုးသကဲ့သို့ မမြဲသော စိတ်ရှိသူ၊ မျောက်စိတ်ကဲ့သို့ လျင်မြန်သော စိတ်ရှိသူ၊ ခဏချင်း ချစ်ခင်တတ်, မုန်းတီးတတ်သူတို့ကို ဇမ္ဗူဒိပ်မြေပြင်ဝယ် လူမရှိငြားသော်လည်း မှီဝဲဆည်းကပ်ခြင်းကို မပြုလင့်” –

ဟု သားရသေ့ငယ်အား အဆုံးအမ ပေးလေ၏။

ဖခင်ဆုံးမ နောင်တရ[ပြင်ဆင်ရန်]

ရသေ့ငယ်လည်း ဖခင်၏အဆုံးအမကို နာယူရလျှင် “ဖခင် … အကျွန်ုပ်သည် ဤကဲ့သို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူကို အဘယ်မှာ ရနိုင်မည်နည်း၊ မသွားတော့ပါ ဖခင်ထံ၌ သာ နေပါတော့မည်” ဟု ပြောဆိုကာ သတို့သမီးနောက်သို့ မလိုက်တော့လေ။ ထိုအခါ ဖခင်သည် သားရသေ့ငယ်အား ကသိုဏ်းပရိကံကို ပြောကြား၏။ သား၊ အဘ နှစ်ယောက်လုံးပင် ဈာန် အဘိညာဉ်ကို ရကြ၍ ဈာန်မှ မဆုတ်ယုတ်ကြရကား သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ရသေ့ငယ်သည် - အပျိုကြီး ဖြားယောင်းသော ရဟန်း။

သတို့သမီးငယ်သည် - အပျိုကြီး။

အဘရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အကျွမ်းဝင်သူ၊ နှစ်သက်သူ၊ တစ်မူနားထောင်ပါ။

(၂) မကောင်းမှုကင်း၊ သည်းခံခြင်း၊ ထံရင်းဆည်းကပ်ပါ။

(၃) နနွင်းဆိုးနှယ်၊ မျောက်စိတ်နှယ်၊ မုန်းလွယ်, ချစ်လွယ်ပါ။

(၄) လူမရှိလျင်း၊ ဇမ္ဗူတွင်း၊ ရှောင်ကွင်းဝေးဝေးခွာ။

အရညဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ