အရကဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၂။ သန္ထဝဝဂ် -၁၆၉ - အရကဇာတ်။ ။ ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားများကြရန် တပည့်တို့အား ဆုံးမလေ့ရှိသော အရကရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မေတ္တာရှေ့ရှု ပွားများမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မေတ္တာသုတ် ဒေသနာတော်ကို အကြောင်းပြု၍ ဟောတော်မူ၏။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်တို့ကို ခေါ်တော်မူ၍ “ချစ်သားရဟန်းတို့ .... အဖန်တလဲလဲ ပွားများအားထုတ်အပ်သော မေတ္တာဘာဝနာကြောင့် ပွားများအားထုတ်သူတို့မှာ -

မေတ္တာအကျိုးဆယ့်တစ်ပါး

(၁) ချမ်းသာစွာအိပ်ရခြင်း၊

(၂) အိပ်ရာမှ ချမ်းသာစွာနိုးရခြင်း၊

(၃) မကောင်းသော အိပ်မက်ကို မမြင်မက်ခြင်း၊

(၄) လူတို့ချစ်မြတ်နိုးခြင်း၊

(၅) နတ်တို့ချစ်မြတ်နိုးခြင်း၊

(၆) နတ်တို့စောင့်ရှောက်ခြင်း၊

(၇) မီးမလောင်နိုင်ခြင်း၊

(၈) အဆိပ်မသင့်နိုင်ခြင်း၊

(၉) လက်နက်မစူးရှနိုင်ခြင်း၊

(၁၀) ပျံ့လွင့်သောစိတ် လျင်မြန်စွာ တည်ကြည်ခြင်း၊

(၁၁) မဂ်,ဖိုလ်ကို ထိုးထွင်း၍ မသိသော်လည်း ဗြဟ္မာ့ပြည်သို့ လားရခြင်း၊

ဤအကျိုး ဆယ့်တစ်ပါးတို့ကို မချွတ်ရကုန်၏ဟု မေတ္တာဘာဝနာကို ချီးမွမ်း၍ ဟောတော်မူ၏။

ဗြဟ္မစိုရ်ပွား ဗြဟ္မာ့ရွာလား[ပြင်ဆင်ရန်]

ထိုမေတ္တာဘာဝနာကို ပွားများ အားထုတ်ရာဝယ် သတ္တဝါတို့ကို သတ်မှတ် ရည်ညွှန်းခြင်း ဩဓိသက မေတ္တာအားဖြင့် လည်းကောင်း၊ သတ္တဝါတို့ကို မသတ်မှတ် မရည်ညွှန်းခြင်း အနောဓိသက မေတ္တာအားဖြင့် လည်းကောင်း ပွားများ အားထုတ်ရာ၏။

မိမိအကျိုးစီးပွား မလိုလားသူကို လည်းကောင်း၊ မိမိ အကျိုးစီးပွားလိုလားသူကို လည်းကောင်း၊ မိမိ အကျိုးစီးပွားလိုလားသည်လည်းမဟုတ် လျစ်လျူဖြစ်သောသူကို လည်းကောင်း မိမိကမူ အကျိုးစီးပွားကို လိုလားသောစိတ်ဖြင့်သာလျှင် ပွားများ အားထုတ်ရာ၏။ ထို့အတူ ကရုဏာကို လည်းကောင်း၊ မုဒိတာကို လည်းကောင်း၊ ဥပေက္ခာကို လည်းကောင်း ဤလေးပါးသော ဗြဟ္မဝိဟာရ တရားတို့ကို ပွားများ အားထုတ်ရာ၏။

“ရဟန်းတို့ ... လေးပါးသော ဗြဟ္မဝိဟာရတရားကို ပွားများအားထုတ်သော ရဟန်းသည် မဂ်,ဖိုလ်ကို မရသော်လည်း သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။ ရှေးပညာရှိတို့သည်လည်း ခုနစ်နှစ်ပတ်လုံး မေတ္တာကို ပွားများအားထုတ်စေ၍ ခုနစ်ပါးသော သံဝဋ္ဋဝိဝဋ္ဋ ကပ်ပတ်လုံး ဗြဟ္မာပြည်၌သာလျှင် နေဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဆရာဟောကြား မေတ္တာတရား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ တစ်ခုသောကပ်၌ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကာမဂုဏ်တို့ကို စွန့်ပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားများအားထုတ်လျက် အရက မည်သော ဆရာရသေ့ ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ များစွာသော အခြံအရံရှိ၏။

ထိုအရက မည်သော ဆရာရသေ့သည် တပည့်ရသေ့ အပေါင်းကို ဆုံးမသည်ရှိသော် “အို ရသေ့အပေါင်းတို့ ... ရသေ့ရဟန်း မည်သည်ကား မေတ္တာကို ပွားများအားထုတ်ရမည်၊ ကရုဏာကို ပွားများအားထုတ်ရမည်၊ မုဒိတာကို ပွားများအားထုတ်ရမည်၊ ၎င်းဗြဟ္မဝိဟာရ တရားလေးပါးတို့ကား အပ္ပနာသို့ ရောက်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ လားရ၏” ဟု ဆုံးမတော်မူ၏။

မေတ္တာပွားများပုံ[ပြင်ဆင်ရန်]

“အို ရသေ့အပေါင်းတို့ ... အရပ်သုံးပါး၌ရှိသော သတ္တဝါတို့ကို ပိုင်းခြားကာ အောက်ပါအတိုင်း ပွားများအားထုတ်ရမည်၊

အထက်အရပ်၌ နေကုန်သော သတ္တဝါတို့သည် ဘေးရန် ကင်းပါစေကုန်သတည်း၊ ကြောင့်ကြ ကင်းပါစေကုန်သတည်း၊ ဆင်းရဲ ကင်းပါစေကုန်သတည်း၊ ချမ်းချမ်းသာသာ ကိုယ်ခန္ဓာကို ရွက်ဆောင်နိုင်ပါစေ ကုန်သတည်း” –

ဟု ဤသို့စသည်ဖြင့် ပွားများအားထုတ်ကြရမည်။

အောက်အရပ် [နည်းတူ]

ဘေးပတ်လည် ဖီလာအရပ် [နည်းတူ]

[မှတ်ချက် ... ဤ၌ အရပ်သုံးမျက်နှာထား၍ ပြသော်လည်း အရပ်လေးမျက်နှာ၊ ခြောက်မျက်နှာ၊ ရှစ်မျက်နှာ၊ ဆယ်မျက်နှာထား၍လည်း ပွားများနိုင်သည်။]

ဤသို့ မေတ္တာပွားများသူတို့မှာ [ပစ္စုပ္ပန်ဝတ္ထုတွင် ပြဆိုအပ်ပြီးသော အကျိုးဆယ့်တစ်ပါးကို] မုချရနိုင်သည်။ မဆုတ်ယုတ်သော ဈာန်ရှိသောသူတို့မှာ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၍ သံဝဋ္ဋဝိဝဋ္ဋ ခုနစ်ကပ်ပတ်လုံး အသက်ကြာရှည် နေရသည်ကို ဟောတော်မူ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အပေါင်းသည် - ယခုအခါ ဘုရား ပရိသတ်။

အရကရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အိပ်ရချမ်းသာ၊ နိုးချမ်းသာ၊ ယုတ်မာအိပ်မက်ကင်း။

(၂) လူချစ်,နတ်ချစ်၊ နတ်စောင့်လစ်၊ မီးစစ်မလောင်ခြင်း။

(၃) ဗြဟ္မာပြည်လား၊ မေတ္တာပွား၊ ကျိုးကားဆယ့်တစ်သင်း။

အရကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ