အယကူဋဇာတ်

ဝီကီပီးဒီးယား မှ

စတုက္ကနိပါတ် - ၅။ စူဠကုဏာလဝဂ် -(၃၄၇) - အယကူဋဇာတ် လူတို့သည် သားကောင်များကို မသတ်ရဟု မင်းမိန့် ထုတ်သဖြင့် သွေးသား မစားသောက်ရသော ဘီလူးတို့ အမျက်ထွက်၍ မင်းကြီးဦးထိပ်ကို သံတူဖြင့် ခွဲမည်ပြုရာ သိကြားမင်း စောင့်ရှောက်ရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

လောကတ္ထစရိယ ကျင့်ကြံရ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လောက၏အကျိုးကို စီးပွားများရန် ကျင့်ခြင်းကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် မဟာကဏှာဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သက်သတ်သည့်ယဇ် မင်းတားမြစ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အတတ်ပညာ သင်ကြားပြီးလျှင် အဘမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်ကို ရလေ၏။ တရားသဖြင့် မင်းပြုလေ၏။

ထိုအခါ လူတို့သည် ဆိတ်များစွာတို့ကို သတ်ဖြတ်ကာ နတ်တို့အား ပူဇော်ကြကုန်၏။ မင်းကြီးသည် အသက်မသတ်ရ ဟူသော စည်ကို လည်စေ၏။ ဘီလူးတို့သည် ပူဇော်ခြင်းကို မရကုန်လတ်သော် ဟိမဝန္တာဝယ် အစည်းအဝေးပြုကာ မင်းကြီးကိုသတ်ရန် အလွန်ကြမ်းကြုတ်သော ဘီလူးတစ်ယောက်ကို လွှတ်လိုက်၏။

ဘီလူးလာရေး မင်းကြီးမေး[ပြင်ဆင်ရန်]

ထိုဘီလူးသည် ကြီးမား၍ ပြောင်ပြောင်တောက်သော သံတူကို ယူပြီးလျှင် သတ်မည်ဟု မင်းကြီးထံသို့ လာလတ်သော် ညဉ့် မဇျ္စိမယံတွင် မင်းကြီးအိပ်ရာ အထက်ကောင်းကင်၌ ရပ်လျက်နေ၏။ ထိုခဏ၌ သိကြားမင်း သိလတ်၍ ဝရဇိန်လက်နက်ကို ယူပြီးလျှင် သွား၍ ဘီလူးအထက်၌ ရပ်လျက်နေ၏။ မင်းကြီးသည် ဘီလူးကို မြင်လတ်သော် “`ဤဘီလူးကား ငါ့ကို စောင့်ရှောက်လိုသလော၊ သို့မဟုတ် သတ်လိုသလော” ဟု တွေးတောကာ စကားပြောလိုရကား -

“အို … ရက္ခိုသ် … သင်ကား အလွန်ကြီးမား၍ ပြောင်ပြောင်တောက်သော သံတူကို ကိုင်ကာ ကောင်းကင်တွင် ရပ်လျက် နေဘိ၏။ ယနေ့သင်သည် ငါ့ကိုစောင့်ရှောက်ရန် စီရင်ဘိသလော၊ သို့မဟုတ် သတ်ရန် ကြိုးစားဘိသလော” –

ဟု ဘီလူးအား မေးလေ၏။ မင်းကြီးကား ဘီလူးကိုသာ မြင်၏၊ သိကြားမင်းကို မမြင်လေ၊ ဘီလူးလည်း သိကြားမင်းကို ကြောက်သောကြောင့် မင်းကြီးကို ပုတ်ခတ်ခြင်းငှာ မဝံ့ပေ။

မင်းအန္တရာယ် သိကြားကယ်[ပြင်ဆင်ရန်]

မင်းကြီး၏ စကားကို ကြားရလျှင် ဘီလူးသည် -

“မြတ်သော မင်းကြီး … ဤအရပ်၌ ရပ်တည်နေသော ငါကား ရက္ခိုသ်တို့တမန်ဖြစ်သော ဘီလူးဖြစ်၏၊ သင်အားသတ်ရန် ငါ့ကို စေလွှတ်လိုက်၏၊ သိကြား နတ်မင်းသည် သင့်ကိုစောင့်၍ နေဘိ၏၊ ထိုကြောင့် သင့်ဦးခေါင်းကို ငါ မခွဲဝံ့ပါ” –

ဟု မင်းကြီးအား မကွယ်မဝှက် အတိအလင်းပြောကြားလေ၏။ မင်းကြီးလည်း ဘီလူးစကားကိုကြားလျှင် -

“အို - ဘီလူး … နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ့ကို အကယ်၍ စောင့်ရှောက်ပါမူ ဘီလူးအလုံးစုံတို့ ထင်ရှားစွာ အကယ်၍ ကြော်ငြာကြသော်လည်း ငါသည် မထိတ်လန့်တော့ပေ” ။

“အို - ဘီလူး … လျှို့ဝှက်သောအင်္ဂါ အိုးပမာဏရှိ၍ တံမြက်ချေးစွန့်ရာအရပ်၌ နေကုန်သော ကုမ္ဘဏ်တို့သည် အကယ်၍ သတ်ဖြတ်နေကုန်၊ ဘီလူးတို့ စစ်ထိုးရန် မစွမ်းနိုင်ကုန် ကြီးစွာ ကြောက်ရွံ့ထိတ်လန့်ခြင်း ဖြစ်ကုန်၏၊ ငါမူကား မကြောက်ရွံ့ပေ” –

ဟု ဘီလူးအား ရဲတင်းစွာ ပြောကြားလေ၏။ သိကြားမင်းလည်း ဘီလူးကို ပြေးစေပြီးလျှင် မင်းကြီးကို ဆုံးမ၍ “မြတ်သော မင်းကြီး … မကြောက်လင့်၊ ဤနေ့မှစ၍ သင်မင်းကြီးအား ငါတို့ စောင့်ရှောက်ကြမည်” ဟု မှာထားပြီးလျှင် မိမိနေရာ နတ်ရွာသို့ သွားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သိကြားမင်းသည် - ယခုအခါ အနုရုဒ္ဓါ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အာဇာနည်မျိုး၊ လောကကျိုး၊ ကြိုးစားကျင့်ရသည်။

(၂) ကောင်းကျိုးပြုငြား၊ သူတော်အား၊ သိကြားစောင့် ရှောက်သည်။

အယကူဋဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ