အပဏ္ဏကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - အပဏ္ဏကဝဂ် -၁-အပဏ္ဏကဇာတ်။ ။ ချို့ယွင်းစွာအယူမှားသဖြင့် ဘီလူးတို့ ကန္တာရ၌ ပျက်စီးရသော ကုန်သည်မိုက်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

တိတ္ထိတို့အားခေါ်ဆောင်သွား[ပြင်ဆင်ရန်]

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးသည်အဆွေခင်ပွန်း စြဖ်သော တိတ္ထိတပည့်ငါးရာတို့ကို ခေါ်ဆောင်လျက် အထူးထူးသော လှူဖွယ်ဝတ္ထုတို့ကိုစီမံကာ မြတ်စွာဘုရားအထံတော်သို့ သွား၍ မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အားရှိခိုးပူဇော်ပြီးလျှင် လျောက်ပတ်သောအရပ်၍ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်အနာထပိဏ်သူဌေးနှင့် တိတ္ထိတပည့် ငါးရာတို့အား လျောက်ပတ်သော တရားတော်ကိုဟောကြားတော်မူ။[၁]

သရဏဂုံသုံးလီ ယူဆောက်တည်[ပြင်ဆင်ရန်]

ထိုအခါ တိတ္ထိတပည့် ငါးရာတို့သည်ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ အလွန်ကြည်ညိုသော စိတ်ရှိသည် ဖြစ်၍ မိမိတို့ကိုးကွယ်ရင်းဖြစ်သော တိတ္ထိတို့ သရဏဂုံကို ဖျက်ဆီးပြီးလျှင် ရတနာသုံးပါး၌ကိုးကွယ်ခြင်း သရဏဂုံကို ခံယူဆောက်တည်ကြကုန်၏။ ထိုနေ့မှစ၍ အနာထပိဏ်သူဌေးနှင့်အတူမြတ်စွာဘုရားထံ မပြတ် မပြတ် ဆည်းကပ်ကာ တရားတော်ကို နာယူ၍ သီတင်းသီလ ဆောက်ကြကုန်၏။[၁]

သရဏဂုံသုံးတန် ဖျက်ကြပြန်[ပြင်ဆင်ရန်]

အခါတစ်ပါး မြတ်စွာဘုရားသည်သာဝတ္ထပြည်မှ ရာဇဂြိုဟ်ပြည်သို့ ကြွ၍ ရှစ်လ သီတင်းသုံးတော်မူခိုက် တိတ္ထိတပည့်ငါးရာတို့သည် တိတ္ထိတို့ထံ ဆည်းကပ်ပြန်၍ ရတနာသုံးပါး၌ ကိုးကွယ်ခြင်း သရဏဂုံကိုဖျက်ဆီးပြီးလျှင် ယူမြဲတိုင်းဖြစ်သော တိတ္ထိတို့သရဏဂုံကို ခံယူဆောက်တည်ကြပြန်၏။

မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ပြန်ကြွလာတော်မူသောအခါ အနာထပိဏ်သူဌေးသည် ထိုတိတ္ထိတပည့် ငါးရာတို့ကို ခေါ်ဆောင်လျက် မြတ်စွာဘုရားထံ ဆည်းကပ်ပြီးလျှင်“တိတ္ထိတပည့်ငါးရာတို့ မြတ်စွာဘုရား မရှိခိုက် ယူမြဲတိုင်းဖြစ်သော တိတ္ထိတို့သရဏဂုံကို ခံယူဆောက်တည်ကြပြန်ကြောင်း” လျှောက်ထားလေ၏။

တရားပြသ ဆိုဆုံးမ[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည်ရတနာသုံးပါး၌ ကိုးကွယ်ခြင်း သရဏဂုံ၏ အကျိုးကြီးမြတ်ပုံကိုဟောကြားဆုံးမတော်မူပြီးလျှင် -

သီတင်းသည်တို့ .... ရှေ့အခါ၌လည်းလူတို့သည် ကိုးကွယ်ရာ မဟုတ်သည်ကို ကိုးကွယ်ရာဟု ကြံဆကာ ချို့ယွင်းသော အကြောင်းကိုယူမိကြသဖြင့် ဘီလူးတို့ သိမ်းဆည်းသော ကန္တရခရီးဝယ် ဘီလူးတို့ အစာဖြစ်၍ မရှုမလှပျက်စီးခြင်းသို့ ရောက်ကြလေပြီ -

ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။[၁]

ကုန်သွယ်သွားမှု စီစဉ်ပြု[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ကာသိတိုင်းဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုစဉ်အခါ ဘုရားအလောင်းသည် လှည်းကုန်သည်အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် လှည်းမှူးပြုလျက် လှည်းငါးရာတို့ဖြင့်အရပ်လေးမျက်နှာသို့ လှည့်လည်သွားလာကာ ရောင်းဝယ်၍ အသက်မွေးလေ၏။

ထိုဗာရာဏသီပြည်မှာပင်လှည်းငါးရာတို့ဖြင့် ရောင်းဝယ်၍ အသက်မွေးသော လှည်းမှူးမိုက် တစ်ယောက်လည်း ရှိလေ၏။

တစ်နေ့သ၌ ဘုရားအလောင်း လှည်းမှူးသည်အရပ်တစ်ပါးသို့သွားရန် ဗာရာဏသီပြည်မှ အဖိုးများစွာ ထိုက်တန်သော ပစ္စည်းဥစ္စာတို့ကိုလှည်းငါးရာ၌တင်ကာ အသင့်စီစဉ်ထားလေ၏။

လှည်းမှူးမိုက်လည်းဘုရားအလောင်းလှည်းမှူး သွားမည့်အရပ်သို့ပင်သွားရန် ဗာရာဏသီပြည်မှအဖိုးများစွာထိုက်တန်သော ပစ္စည်းဥစ္စာတို့ကို လှည်းငါးရာ၌တင်ကာ အသင့်စီစဉ်ထားလေ၏။[၁]

နှစ်ဦးနှစ်ဝ တိုင်ပင်ကြ[ပြင်ဆင်ရန်]

ဘုရားအလောင်း လှည်းမှူးသည်ထိုအကြောင်းကသိလျှင် “ဤလှည်းမှူးမိုက်နှင့် တစ်ပေါင်းတည်း သွားလျှင် လှည်းတစ်ထောင်ဖြစ်နေသဖြင့် ခရီးလမ်းလည်း ဆံ့နိုင်မည် မဟုတ်၊ ထင်း၊ ရေ မြက်မှစ၍ အစာရေစာလည်းရရှိရန် ခဲယဉ်းမည်၊ သို့အတွက် တစ်ဦးက အလျင်သွားနှင့်၍ တစ်ဦးက နောက်မှသွားလျှင် ကောင်းလိမ့်မည်” ဟုကြံစည်ပြီးလျှင် လှည်းမှူးမိုက်ကို ခေါ်စေ၍ “ အဆွေ ... အဆွေ အလျင်သွားနှင့်မည်လော၊သို့မဟုတ် နောက်မှ သွားမည်လော” ဟု မေးလေ၏။

လှည်းမှူးမိုက်လည်း “ငါ အလျင်သွားသော်မပျက်မစီးသေးသော လမ်း၌ သွားရမည်၊ နွားများလည်း မြက်ဦးကို စားရမည်၊ လူများလည်းဟင်းရွက်ဦးကို စားရမည်၊ ရေကြည်ကို သောက်ရမည်၊ လိုသမျှ အဖိုးထား၍ ရောင်းရမည်” ဟုအလျင်သွားသူတို့ရရှိမည် အကျိုးတို့ကို မြော်မြင်ကာ “အဆွေ ... ငါ အလျင်သွားမည်” ဟုပြောကြားလေ၏။[၁]

နောက်မှလိုက်ရ အကြိုက်ကျ[ပြင်ဆင်ရန်]

ဘုရားအလောင်း လှည်းမှူးလည်းလှည်းမှူးမိုက်စကားကို ကြားလျှင် “ငါ နောက်မှသွားလျှင် မညီညွတ်သော နေရာ၌ပြင်ဆင်ပြီးဖြစ်၍ ညီညွတ်သောလမ်း၌ သွားရမည်၊ နွားများလည်း မြက်ဟောင်း ကုန်၍မြက်သစ်မြင်နုကို စားရမည်၊ လူများလည်း ဟင်းရွက်ဟောင်း ကုန်၍ ဟင်းရွက်သစ်ဟင်းရွက်နုကို စားရမည်၊ ရေမရှိသောအရပ်၌ ရေတွင်းတူးပြီး ဖြစ်၍ ရေအသင့်ရှိရမည်၊သူတစ်ပါးတို့ သတ်မှတ်ထားပြိး အဆုံးနှုန်းဖြင့် ရောင်းရ၍ လွယ်ကူမည်” ဟု နောက်မှသွားသူတို့ ရရှိမည့် အကျိုးထူးကို မြော်မြင်ကာ “အဆွေ ... အဆွေ အလျင်သွားနှင့်ပါ၊ငါတို့ နောက်မှ သွားပါမည်” ဟု ပြောကြားပြီးလျှင် နောက်မှသွားရန် စီစဉ်လေ၏။

လှည်းမှူးမိုက်လည်း လှည်းငါးရာတို့ဖြင့်ယူဇနာခြောက်ဆယ် ရှိသော ခရီးလမ်းကို အစဉ်အတိုင်း သွားလတ်သော် လူတို့နေရာကိုကျော်လွန်၍ ရေမရှိသည့် “အမနုဿ ကန္တာရ” အလယ်သို့ ရောက်လေ၏။

လူယောင်ဖန်ဆင်း ဘီလူးသင်း[ပြင်ဆင်ရန်]

ထိုအခါ ဘီလူးတို့သည်လှည်းကုန်သည်တို့ ယူဆောင်လာသော ရေကို စွန့်ပစ်စေ၍ အားနည်းသောအခါ စားမည်ဟုကြံစည်လျက် တစ်ကိုယ်လုံး ရေစိုစွတ်စေ၍ ကြာပန်းတို့ကို ပန်ဆင်ကာ ကြာစွယ်ကြာရင်းတို့ကို စားလျက် လှည်းဘီးတို့၌ ရွံ့ညွန်အလိမ်းအလိမ်း ကပ်စေပြီးလျှင်မိုးရွာသောဟန်ပန် ဖန်ဆင်းကုန်လျက် ရှေ့တူရူမှ လှည်းတို့ကို မောင်နှင်ကာ လာကြကုန်၏။

လှည်းမှူးမိုက်သည် လှည်းသမားဟန်တောင်ကာ ရှေ့တူရူမှ မောင်နှင်လာသောဘီလူးတို့ကို မြင်လျှင် “အမောင်တို့ အဘယ်အရပ်မှ လာကြသနည်း၊ လာခဲ့သော လမ်းခရီးမှာရေရှိသလော” စသည်ဖြင့် မေးမြန်းသောအခါ ဘီလူးတို့သည် “ အဆွေ ... အသို့ ဆိုသနည်း၊ဤအရပ်မှ မြင်ရသော တောအုပ်ကြီးဝယ် မပြတ် မိုးရွာသည်၊ အင်းအိုင် ချောက်တို့၌ရေပြည့်လျက်ရှိသည်၊ ရေကို ယူဆောင်သွားရန် မလို” စသည်ဖြင့် လှည့်ဖြား၍ ပြောဆိုကာဖဲသွားပျောက်ကွယ်လျက် ဘီလူးတို့ရွာသို့ ဝင်ကြကုန်၏။[၁]

ဘီလူးအလိုလိုက် လှည်းမှူးမိုက်[ပြင်ဆင်ရန်]

လှည်းမှူးမိုက်လည်း အလိမ္မာ အသိဉာဏ်နည်းပါး ဘီးလူတို့ စကားကို ယုံကြည်လျက် ယူဆောင်ခဲ့သော ရေအိုးတို့ကို ခွဲစေ၍ဝန်ပေါ့သော လှည်းတို့ကို မောင်းစေ၏။ လမ်းခရီးတစ်လျှောက်လုံး၌ ရေအနည်းငယ်မျှမရကြကုန်။

နေဝင်သောအခါ ရောက်သောနေရာ၌ လှည်းတို့ကိုချွတ်၍ နွားတို့ကို ချည်နှောင်ပြီးလျှင် စခန်းချကုန်၏။ လူတို့သည် ရေလည်း မသောက်ရ၊ထမင်းလည်း မချက်ရ၊ နွားတို့လည်း ရေမသောက်ရသဖြင့် ပင်ပန်းနွမ်းနယ်လျက် အားနည်းကာအိပ်ပျော်ကြကုန်၏။ ထိုအခါ ဘီလူးတို့သည် လာလတ်ကုန်၍ အလုံးစုံသော လူနှင့်နွားတို့ကို စားသောက်ကြသဖြင့် လူရိုးနှင့် နွားရိုးတို့ ဖရိုဖရဲ ပြန့်ကြဲကာပျက်စီးကြရကုန်၏။[၁]

လှည်းမှူးလိမ္မာ ထွက်၍လာ[ပြင်ဆင်ရန်]

ဘုရားအလောင်း လှည်းမှူးလည်းလှည်းမှူးမိုက်သွား၍ ဆယ့်ငါးရက်မျှလွန်လျှင် လှည်းငါးရာတို့ဖြင့် သွားပြန်ရာ ကန္တာရအဝင်သို့ ရောက်လေ၏။ ထိုအခါ လှည်းသမားတို့ကို စည်းဝေးစေပြီးလျှင် “အမောင်တို့ဤသွားရမည့် ကန္တာရ၌ ရေမရှိ၊ ငါးကို မပြောကြဘဲ ရေတစ်ခွက်မျှ မသုံးကြနှင့်၊အဆိပ်ပင်များလည်း ရှိသည်၊ ငါ့ကို မပြောကြားဘဲ ဘယ်အသီး ဘယ်အရွက်ကိုမျှ မစားကြနှင့်”ဟု အဆုံးအမပေးကာ ကန္တာရသို့ ဝင်ပြီးလျှင် ခရီးလမ်းစဉ် အတိုင်း သွားကြကုန်၏။[၁]

လူယောင် ဖန်ဆင်းလာပြန်ခြင်း[ပြင်ဆင်ရန်]

ကန္တာရအလယ်သို့ ရောက်လတ်သော်ဘီလူးတို့သည် ရှေးနည်းအတူ လှည်းသမား ဟန်ဆောင်၍ ရှေ့တူရူမှ လာကြပြန်ရာရင်ဆိုင်မိကြကုန်၏။ လှည်းမှူးသည် ဘီလူးတို့ကို မြင်လျှင် “ဤ ကန္တာရကား ရေမရှိ၊ဤသူတို့သည် ကြောက်ခြင်း မရှိကုန်၊ မျက်စိလည်း နီမြန်းကြကုန်၏။ အရိပ်လည်းမထွက်ကုန်၊ လူမဟုတ် မုချ ဘီလူးတို့ ဖြစ်လိမ့်မည်၊ ရှေ့အလျင်သွားနှင့်သည့်လှည်းမှူးမိုက်၏ လှည်းသမားတို့ကို လှည်းဖြားကာ စားသောက်ကြပေလိမ့်မည်၊ ငါ့အားအသိဉာဏ်ပညာရှိသည်အဖြစ်ကို မသိယောင်တကား” ဟု ကြံစည်မိလေ၏။

ဘီလူးတို့လည်း ဘုရားအလောင်းလှည်းမှူးအား ရှေးနည်းတူ ရှေ့က မြင်ရသော တောအုပ်ကြီးဝယ် မပြတ်မိုးရွာကြောင်း၊ အင်းအိုင် ချောက်တို့၌ ရေအပြည့်ရှိကြောင်း စသည် ပြောကြားပြီးလျှင် ခရီးမှ ဖဲသွား၍ပျောက်ကွယ်ကာ ဘီလူးတို့ရွာသို့ ဝင်ကြကုန်၏။ ဘုရားအလောင်း လှည်းမှူးလည်းဘီလူးတို့သွားလျှင် လှည်းသမားတို့ကိုအား -

“အမောင်တို့ ... ဤ ကန္တာရ၌ ရေကန် ရေအိုင်ရှိသည်ဟု ကြားဖူးသလော၊ ရှေ့က တွေ့မြင်ရသော အောအုပ်၌ မိုးမပြတ်ရွာသည်ဟုပြောဆိုကြကုန်၏။ စဉ်းစားကြလော။

- မိုးသက်လေသည် တစ်ယူဇနာ အရပ် ရောက်အောင် လာ၏။

- မိုးတိမ်ကို သုံးယူဇနာ အရပ်မှ မြင်ရ၏။

- လျှပ်စစ်ရောင်ကို ငါးယူဇနာ အရပ်မှ မြင်ရ၏။

- မိုးချုန်းသံကို နှစ်ယူဇနာ အရပ်မှ မြင်ရ၏။

ယခု အခါ အမောင်တို့သည်ထိုအခြင်းအရာတို့ကို ကြားကြ၊ မြင်ကြရသလော” ဟု မေးမြန်းလေ၏။ လှည်းသမားတို့ကလည်း“အရှင် ... မကြားရ၊ မမြင်ကြရပါ” ဟု ပြောကြားကြကုန်၏။

ထိုအခါလှည်းမှူးသည် -

“အမောင်တို့... ဤသူတို့ကား လူ မဟုတ်ကုန်၊ ဘီလူးတို့သာ ဖြစ်ကုန်၏။ ငါတို့အား အစာရေစာ ပြတ်၍အားနည်းသောအခါ စားသောက်လိုကြသောကြောင့် လှည့်ဖြား ပြောဆိုခြင်းဖြစ်သည်။ သို့အတွက်ငါမသိဘဲ ရေတစ်ခွက်မျှ မသုံးကြနှင့်”

ဟုပြောဆို ဆုံးမကာ ခရီးလမ်းစဉ်အတိုင်း သွားကြကုန်၏။[၁]

အကျိုးပြီးမြောက်ပြည်ပြန်ရောက်[ပြင်ဆင်ရန်]

လှည်းမှူးမိုက်၏ လှည်းသမားငါးရာတို့ ပျက်စီးသောနေရာသို့ ရောက်လျှင် ပစ္စည်းဥစ္စာတို့ ပြည့်သော လှည်းတို့ကိုမြင်ကြရကုန်၏။ ဖရိုဖရဲ ကြဲပြန့် ပျက်စီးနေသော လူရိုး၊ နွားရိုး တို့ကိုလည်း မြင်ကြရကုန်၏။ ထိုအခါ လှည်းသမားတို့သည်ကောင်းသော ခိုင်ခံ့သော လှည်းတို့ကို လဲလှယ်၍ ယူကြပြီးလျှင် ပစ္စည်းဥစ္စာတို့ကိုလည်းအလိုရှိတိုင်း ယူကြ၍ တစ်ညအိပ်ပြီးလျှင် မိမိတို့အလိုရှိရာအရပ်သို့ သွားကြ၍ပါသမျှပစ္စည်းဥစ္စာတို့ကို နှစ်ဆ သုံးဆတက်သော အဖိုးနှုန်းတို့ဖြင့် ရောင်းချပြီးလျှင်မိမိတို့နေရာ ဗာရာဏသီပြည်သို့ ပြန်သွားကြကုန်၏။

မြတ်စွာဘုရားသည်ဤသို့ အတိတ်ကို ဆောင်ပြီးလျှင် -

“သီတင်းသည်တို့- ဆင်းရဲဒုက္ခမှ လွတ်မြောက်ရာ မချွတ်မယွင်းသော အကြောင်းကို မယူမိကြသည့်လှည်းမှူးမိုက်နှင့် လှည်းသမားငါးရာတို့သည် ဘီလူးတို့ အစာဖြစ်၍ မရှုမလှပျက်စီးကြကုန်ပြီ။ မချွတ်ယွင်းသော အကြောင်းကို ယူမိသည့် လှည်းမှူးလိမ္မာနှင့်လှည်းသမား ငါးရာတို့သည် ဘီလူးတို့ဘေးရန်မှ လွတ်မြောက်ကာ မိမိတို့နေရာသို့ပြန်ရောက်ကြရပြီ - ဟု အနုသန္ဓေဆက်စပ်ကာ ဟောတော်မူ၏။ ဒေသနာတော် အဆုံး၌ တိတ္ထိတပည့်ငါးရာတို့သည် သောတာပတ္တိဖိုလ်သို့ ရောက်ကြကုန်၏။[၁]

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်ကာ -

- ထိုအခါ လှည်းမှူးမိုက်သည် - ယခုအခါ ဒေဝဒတ်။

- လှည်းမှူးမိုက် ပရိသတ်သည် - ဒေဝဒတ် ပရိသတ်။

- လှည်းမှူးလိမ္မာသည် - ငါဘုရား။

- လှည်းမှူးလိမ္မာ ပရိသတ်သည် - ငါ ဘုရား ပရိသတ်ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။[၁]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

မချွတ်မယွင်း၊ကြောင်းယူခြင်း၊ ဘေးကင်းချမ်းသာမည်။

ချွတ်ချွတ်လွဲလွဲ၊ကြောင်းယူမြဲ၊ ဆင်းရဲဘေးတွေ့မည်။

အပဏ္ဏကဇာတ် ပြီး၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ဦးကြီးဖေ-ပဌမကျော်။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ