အနဘိရတိဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
(၂) ဇာတ်ရှိပါသည်။ ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၅ - အနဘိရတိဇာတ်။ ။ မိန်းမတို့အရပ် ငါးဌာနနှင့် တူကြောင်းပြ၍ ဆရာက ဆုံးမသဖြင့် ငြီးငွေ့သော ပုဏ္ဏားအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]မိန်းမတွင်းသဘော ထုတ်ဖော်ဟော
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သရဏဂုံသီလ၌ တည်သော သီတင်းသည်တစ်ယောက် ရှိသတတ်။ ထို သီတင်းသည် မယားကား သီလ မရှိ၊ ယုတ်မာ၏။
ထိုသီတင်းသည်သည် မယားကို စုံစမ်းလတ်သော် ယုတ်မာသောအကျင့်ကျင့်နေသည်ကို သိသဖြင့် အမျက်ထွက်ကာ မြတ်စွာဘုရားထံ ခုနစ်ရက်၊ ရှစ်ရက် မခစားဘဲ နေလေ၏။ နောက်အခါ မြတ်စွာဘုရားထံရောက်၍ မေးတော်မူရာ အကြောင်းစုံ လျှောက်ထားလတ်သော် “သီတင်းသည် ... မိန်းမတို့မည်သည် သီလ မရှိကုန်၊ ယုတ်မာသော အကျင့်ရှိကုန်၏။ အမျက်မထွက်ရာ၊ လျစ်လျူရှု၍သာ နေရမည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]မယားကျင့်ပျက် စိတ်နှောင့်ယှက်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ တပည့်ငါးရာတို့ကို ပညာသင်ကြားလျက် နေ၏။
ထိုအခါ တပည့်တစ်ယောက်သည် မိမိမယား သီလမရှိ၊ ယုတ်မာသောအကျင့် ကျင့်နေသည်ကို သိသဖြင့် အမျက်ထွက်၍ စိတ်အနှောင့်အယှက်ဖြစ်ကာ ဆရာကြီးထံ နှစ်ရက်၊ သုံးရက် မဆည်းကပ်ဘဲ နေခဲ့၏။
ငါးရပ်နှိုင်းပြ ဆိုဆုံးမ
[ပြင်ဆင်ရန်]တစ်နေ့သ၌ ဆရာကြီးထံ အဆည်းကပ် အခစားရောက်ပြန်ရာ ဆရာကြီးက မေးလျှင် အကြောင်းစုံ ပြောကြားသော အခါ “အမောင် ... မိန်းမတို့ကို အမျက်မထွက်နှင့်” ဟု ပြောဆိုပြီးလျှင် တစ်ဖန် -
“အမောင် ... လောက၌ မြစ်၊ ခရီးလမ်း၊ သေတင်းကုပ်၊ ဇရပ်၊ ရေအိုးစင်တို့မှာ လူအများနှင့် ဆက်ဆံသကဲ့သို့ မိန်းမတို့မှာလည်း လူအများနှင့် ဆက်ဆံကုန်၏။ ပညာရှိတို့ကား မိန်းမတို့၌ အမျက်ထွက်ခြင်းကို ပြုလေ့မရှိကုန်”
ဟု တပည့်အား တရားဟောကာ အဆုံးအမပေးလေ၏။
ယုတ်မာမှုဖျောက် သီလစောင့်
[ပြင်ဆင်ရန်]ထိုတပည့်လုလင်လည်း ဆရာကြီးအဆုံးအမ၌တည်၍ မိန်းမကို အမျက်မထွက်၊ လျစ်လျူရှု၍သာ နေလေ၏။ မယားလည်း ငါ၏အကြောင်းကို ဆရာကြီးပင် သိချေပြီဟု သတိသံဝေဂဖြစ်ကာ ယုတ်မာသော အကျင့်ကို မကျင့်တော့ပေ။ မိန်းမကောင်း ဖြစ်၍လာလေသည်။
ဤဒေသနာတော်၏အဆုံး၌ သီတင်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။ သီတင်းသည် မယားလည်း ငါ့အကြောင်းကို မြတ်စွာဘုရားပင် သိချေပြီဟု သတိသံဝေဂဖြစ်ကာ ယုတ်မာသော အကျင့်ကို မကျင့်တော့ဘဲ သရဏဂုံသီလ၌ တည်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ လင်မယားသည် - ယခုအခါ သီတင်းသည် လင်မယား။
ဒိသာပါမောက္ခဆရာကြီးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မြစ်နှင့်ခရီး၊ သေတဲမှီး၊ တစ်သီးဇရပ်သာ။
(၂) ရေအိုးစင်များ၊ လူတိုင်းသွား၊ မခြားမိန်းမမှာ။
(၃) အမျက်မပြု၊ လျစ်လျူရှု၊ နယုပညာဝါ။
အနဘိရတိဇာတ် ပြီး၏။
ဒုကနိပါတ် - ၄။ အသဒိသဝဂ် -၁၈၅ - အနဘိရတိဇာတ်။ ။ ရေနောက် ရေကြည်ပမာ စိတ်နောက်ကျူခြင်း အပြစ်နှင့် စိတ်ကြည်လင်ခြင်း အကျိုးကို ခွဲခြား၍ ဆုံးမသော ဒိသာပါမောက္ခဆရာကြီး အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]လောဘပွေမှု စိတ်နောက်ကျူ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားလုလင်တစ်ယောက်သည် ဗေဒင်သုံးပုံ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဖြစ်၍ မင်းသားငယ်တို့ကို လည်းကောင်း၊ ပုဏ္ဏားသားငယ်တို့ကို လည်းကောင်း ဗေဒင်ပညာကို သင်ကြားပေးသော ဆရာဖြစ်လေ၏။
နောက်အခါ ထိုပုဏ္ဏားလုလင်သည် အိမ်ရာထောင်ခြင်းကိုပြု၍ စည်းစိမ်ဥစ္စာ၊ သားမယား စသော အိမ်မှုကိစ္စတို့ ပြုလုပ်သောအခါ၌ လောဘ၊ ဒေါသ၊ မောဟ တရားဆိုးတို့နိုင်ငံသို့လိုက်ပါလျက် နောက်ကျူသောစိတ်ရှိသဖြင့် ဗေဒင်တို့သည် တဖြည်းဖြည်း မေ့ပျောက်ကုန်လေ၏။
တစ်နေ့သ၌ ပန်းနံ့သာ စသည်ကို လက်စွဲကာ မြတ်စွာဘုရားထံ ဆည်းကပ်သည်ရှိသော် မြတ်စွာဘုရားသည် ပုဏ္ဏားလုလင်အား “လုလင် ... သင်သည် ဗေဒင်တို့ကို သင်ကြားပေးသလော၊ လေ့ကျက်သလော” ဟု မေးလေ၏။ “အရှင်ဘုရား ... အိမ်ရာမထောင်မီက သင်ကြားပေးနိုင်ပါသည်၊ ကောင်းစွာ လေ့ကျက်နိုင်ပါသည်၊ အိမ်ရာထောင်သည်မှစ၍ စိတ်နောက်ကျူကာ တဖြည်းဖြည်း မေ့ပျောက်ပါသည်” ဟု လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ပုဏ္ဏားလုလင်အား “လုလင် ... သင်သည် ယခုအခါ၌သာ စိတ်နောက်ကျူသောအခါ ဗေဒင်တို့သည် တဖြည်းဖြည်း မေ့ပျောက်သည်မဟုတ်၊ ရှေးအခါ၌လည်း စိတ်နောက်ကျူသောအခါ ဗေဒင်တို့သည် မေ့ပျောက်ဖူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ဆရာနည်းမှီပြု သင်ကြားမှု
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံတို့ကို သင်ကြား၍ တစ်ဖက်ကမ်းရောက်တတ်မြောက်သောအခါ ဗာရာဏသီပြည်တွင် ဒိသာပါမောက္ခဆရာကြီး ဖြစ်လေ၏။
ထိုဒိသာပါမောက္ခဆရာကြီးသည် မင်းသားငယ်တို့ကို လည်းကောင်း၊ ပုဏ္ဏားသားငယ်တို့ကို လည်းကောင်း ဗေဒင်သုံးပုံကို သင်ကြားပေးရ၏။ များစွာသော တပည့်အပေါင်းတို့တွင် ပုဏ္ဏားလုလင်တစ်ယောက်သည် ဆရာကြီးထံဝယ် ဗေဒင်သုံးပုံကို သင်ကြားလေ့လာ၏။ တစ်ပုဒ်တစ်ဂါထာမျှ မှားယွင်းခြင်းမရှိ၊ ဆရာကြီး၏ လက်ထောက်ဆရာဖြစ်၍ တပည့်တို့အား သင်ကြားပေးရ၏။
အိမ်ရာထောင်မှု စိတ်နောက်ကျူ
[ပြင်ဆင်ရန်]ထိုလက်ထောက်ဆရာ ပုဏ္ဏားသည် နောင်အခါ အိမ်ရာထောင်ခြင်းကိုပြု၍ လူမှုကိစ္စအဝဝတို့ကို ကြံစည်အားထုတ်ရသဖြင့် နောက်ကျူသောစိတ် ရှိသည်ဖြစ်၍ ဗေဒင်တို့ကို ပြန်လှန်၍ မသရဇ္ဈာယ်နိုင်၊ မလေ့ကျက်နိုင်၊ တဖြည်းဖြည်းမေ့ပျောက်လေ၏။
တစ်နေ့သ၌ ဆရာကြီးထံ ဆည်းကပ်သွားရာတွင် ဆရာကြီးသည် တပည့်လုလင်အား “ချစ်သား ... ဗေဒင်တို့ကို လေ့ကျက်နိုင်သေးသလော” ဟု မေး၏။ “ဆရာကြီး ... အိမ်ရာထောင်သောအခါမှစ၍ စိတ်နောက်ကျူသဖြင့် မလေ့ကျက်နိုင်တော့ပါ၊ တဖြည်းဖြည်း မေ့ပျောက်ပါပြီ” ဟု ပြောကြားလေလျှင် ဒိသာပါမောက္ခဆရာကြီးသည် တပည့်လုလင်အား -
“ချစ်သား ... ရေနောက်ကျူသည်ရှိသော် ရေတွင်း၌ရှိသော ကျောက်စရစ်ခဲ၊ သဲ၊ ယောက်သွား၊ ခရု၊ ငါးအပေါင်းကို မမြင်နိုင်သကဲ့သို့၊ ထို့အတူ စိတ်နောက်ကျူသည်ရှိသော် အတတ်ပညာ၊ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွားကို မမြင်နိုင်” –
“ချစ်သား ... ရေကြည်လင်သည်ရှိသော် ရေတွင်း၌ရှိသော ကျောက်စရစ်ခဲ၊ သဲ၊ ယောက်သွား၊ ခရု၊ ငါးအပေါင်းကို မြင်နိုင်သကဲ့သို့ ထို့အတူ စိတ်ကြည်လင်သည်ရှိသော် အတိတ်ပညာ၊ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွားကို မြင်နိုင်၏” –
ဟု ဆုံးမလေ၏။
ဤဒေသနာတော်၏ အဆုံး၌ ပုဏ္ဏားလုလင်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ပုဏ္ဏားလုလင်သည် - ယခုအခါ ပုဏ္ဏားလုလင်။
ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) စိတ်နောက်ကျူလေ၊ ပညာကွေ၊ နှစ်ထွေကျိုးမမြင်။
(၂) စိတ်ကြည်လင်ငြား၊ ပညာပွား၊ နှစ်ပါးအကျိုးမြင်။
အနဘိရတိဇာတ် ပြီး၏။