အစိန္တေယျ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အစိန္တယျေ ဆိုသည်မှာ ပတိလူသားတို့ ထိုးထွင်းပေါက်ရောက်အောင် မကြံနိုင်သောကြောင့် "အစိန္တေယျ" မည်သည်။ အစိန္တေယျ သည် လေးပါးရှိ၏။ ထိုလေးပါးကို မကြံစည်ထိုက်ပေ၊ ကြံစည်သည်ရှိသော် ရူးသွပ်ခြင်း စိတ်ပင်ပန်းခြင်းသာ ဖြစ်မည်ဖြစ်သည်။ ဤကဲ့သို့ ပကတိဉာဏ်ဖြင့် ထောက်၍ မမီနိုင်သော အစိန္တေယျကြီးတို့ကို မျက်မှောက်ပြုမည်ဟု လုံ့လကြီးစွာ ကြံစည်လျှင် မပေါက်ရောက် မကူးခတ်နိုင်သော အရာဖြစ်၍ ကြံစည်ရသော ဝိတက်က နှိပ်စက်၍ နှလုံးသွေးပျက်လျက် ရူးသွပ်ရာ၏။ မရူးသော်လည်း စိတ်ပင်ပန်းကြီး ပင်ပန်းကာ ဆင်းရဲဒုက္ခရောက်တတ်သည်။ [၁]
ထိုအစိန္တေယျလေးပါးတို့မှာ အောက်ပါတို့ ဖြစ်သည် -
(၁) ဗုဒ္ဓဝိသယ အစိန္တေယျ - ဘုရားအရာကို မကြံစည်အပ်ခြင်း။
(၂) ဣဒ္ဓိဝိသယ အစိန္တေယျ - ဈာန်ရပုဂ္ဂိုလ်တို့၏ ဈာန်တန်ခိုးအရာကို မကြံစည်အပ်ခြင်း။
(၃) ကမ္မဝိပါက အစိန္တေယျ - ကံ၏ အကျိုးကို မကြံစည်အပ်ခြင်း။
(၄) လောကစိန္တာ အစိန္တေယျ - လောကီရေးနှင့်ဆိုင်သောအရာကို မကြံစည်အပ်ခြင်း။[၁]
(၁) ဗုဒ္ဓဝိသယ အစိန္တေယျ
[ပြင်ဆင်ရန်]"ဗုဒ္ဓဝိသယ" ဘုရားအရာဆိုသည်မှာ -
- စတုဝေသာရဇ္ဇဉာဏ်တော်လေးပါး၊
- အသာရဏဉာဏ်တော်ခြောက်ပါး၊
- ဒသဗလဉာဏ်တော်ဆယ်ပါး [၁]
ဤဉာဏ်တော်များသည် ဘုရားအရာ မည်သည်။ သာဝက စသည်တို့နှင့် မသက်ဆိုင်ပေ။ ဘုရားအရာတွင် ဘုရားတို့၏ ဉာဏ်တော်သည်သာလျှင် ထောက်မီနိုင်သည်။ သာဝကတို့၏ ဉာဏ်အရာ မဟုတ်ပေ။ ရှင်သာရိပုတ္တရာစသော သာဝကတို့၏ ဉာဏ်အရာ မဟုတ်ပေ။ ရှင်သာရိပုတ္တရာ စသည့် သာဝကတို့၏ ဉာဏ်အရာကိုလည်း တစ်ပါးသော လူ, နတ်, ဗြဟ္မာတို့၏ ဉာဏ်ဖြင့် ထောက်မီနိုင်မည် မဟုတ်ပေ။ သာဝကအရာ၌ သာဝကဉာဏ်သာ ထောက်မီနိုင်သည်။[၁]
သာဝကတို့သည် ဘုရားအရာ၌ မြတ်စွာဘုရားဟောကြားသည့် တရားများကို မှတ်သားလိုက်နာဆောက်ရွက်မည်ဟု ကြံစည်ဆုံးဖြတ်ထားရ၏။ ထိုသို့ မသွေမလှန်ဘဲ လိုက်နာကျင့်ကြံလျှင် သာဝကတို့၏ ကိစ္စ ပြီးစီး၏။ သာဝကတို့၏ ပြုဖွယ်ကို ကောင်းစွာ ဆောင်ရွက်သည်လည်း မည်၏။ ထိုသို့ လိုက်နာခြင်းမရှိဘဲ ထင်တိုင်းကြံစည်ပြုလုပ်ပါက မိမိတို့၏ အကျိုးမဲ့ကို ပြုလုပ်သည် မည်၏။ ဘုရားဂုဏ်အရာကို မဆိုင်သောပုဂ္ဂိုလ်တို့ သက်ဝင်ကြံစည်ပါက ရူးသွပ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ ပင်ပန်းခြင်း ဖြစ်မည် ဖြစ်သည်။[၁]
(၂) ဣဒ္ဓိဝိသယ အစိန္တေယျ
[ပြင်ဆင်ရန်]တန်ခိုးအရာမည်သည် ဤနေရာဌာန၌ ဘာဝနာပွားများမှုကြောင့် ဖြစ်ပေါ်လာသော တန်ခိုးကိုသာ လိုလားအပ်၏၊ ထိုတန်ခိုးကို ဘာဝနာမယိဒ္ဓိခေါ်ဆိုသည်။ ထိုဘာဝနာမယိဒ္ဓိသည် ရှေးသက်တမ်းရှည်လျားသော ခေတ်အခါတွင် သာသနာပဖြစ်သော ရဟန်း ပုဏ္ဏားရသေ့များတို့သည် ငါးပါးသော တန်ခိုးကို ရကြ၏။ ထိုငါးပါးတို့မှာ ဣဒ္ဓိဝဓအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ဒိဗ္ဗသောတအဘိညာဏ်၊ စေတာပရိယအဘိညာဏ်၊ ပုဗ္ဗေနိဝါသာနုဿတအဘိညာဏ် တို့ ဖြစ်သည်။ ဤငါးပါးသည် လောကီအဘိညာဏ်ငါးပါး ဖြစ်သည်။ ဤငါးပါးသည် ဘာဝနာကြောင့် ပြီးစီးသည့် "ဘာဝနာမယိဒ္ဓိတန်ခိုး" ဖြစ်သည်။ မြတ်စွာဘုရား ပွင့်တော်မူသည့်အခါတွင် ကိလေသာအာသဝေါတရားတို့ ကုန်ခမ်းစေသည့် အရဟတ္တဖိုလ်သည် အာသဝက္ခယအဘိညာဏ် မည်သည်။ ထို့ကြောင့် လောကီအဘိညာဏ်ငါးပါးတွင် အာသဝက္ခယအဘိညာဏ်ကို ထည့်၍ တန်ခိုးအဘိညာဏ် ခြောက်ပါး ဖြစ်သည်။[၁]
ထိုအဘိညာဏ်ခြောက်ပါးတို့သည် ပကတိလူသာမန်တို့၏ ဉာဏ်အရာမဟုတ်ပေ။ ပကတိလူသားတို့သည် တန်ခိုးရှင်တို့၏ ဉာဏ်အရာကို မကြံစည်ထိုက်ပေ။ တန်ခိုးရှင်တို့၏ ပြောကြားသည့်အတိုင်း နာယူမှတ်သားကြရန်သာ တာဝန်ရှိသည်။ တန်ခိုးရှင်များသည် တာဝတိံသာနတ်ပြည် ရှိ၏၊ ထိုနတ်ပြည်သည် မြင့်မိုရ်တောင်ထိပ်မှာ တည်၏၊ ထိုနတ်ပြည်၌ သုဓမ္မာဇရပ်, ဝေဇယန္တာနတ်ရထား စသည်တို့ ရှိသည်ဟု ပြောကြားလျှင် ပြောကြားသည့်အတိုင်း မှတ်သားရာ၏၊ မိမိတို့ ဉာဏ်မမီသော တန်ခိုးရှင်တို့၏ အရာ၌ ကြံစည်လျှင် ဉာဏ်ထောက်မမီသည့်အတွက် စိတ်ပင်ပန်းခြင်း စိတ်ဖောက်ပြန်ခြင်းတို့သာ ဖြစ်မည် ဖြစ်သည်။[၁]
(၃) ကမ္မဝိပါက အစိန္တေယျ
[ပြင်ဆင်ရန်]ကုသိုလ်စေတနာ, အကုသိုလ်စေတနာများကို ကံဟု ခေါ်၏။ ထိုကံကြောင့် ဖြစ်ပေါ်လာသည့် အကျိုးကို "ဝိပါက" ဟူ၍ ခေါ်သည်။ ရင့်ကျက်သောအားဖြင့် အကျိုးပေးတတ်သဖြင့် ဝိပါက်မည်သည်။ ကံ၏ အကျိုးသည် မျက်မှောက်ဘဝ၌ ခံစားရသည့် ဒိဋ္ဌဓမ္မအကျိုးနှင့် တမလွန်ဘဝ၌ ခံစားရသည့် သမ္ပရာယိကအကျိုးဟူ၍ နှစ်မျိုး ရှိသည်။[၁]
တစ်နည်းအားဖြင့် ကံ၏ အကျိုးသည် မုချအကျိုး (အကျိုးရင်း)၊ နိဿန္ဒအကျိုး (အကျိုးဆက် အကျိုးဖျား) ဟူ၍ နှစ်မျိုးရှိသည်။ ကံ၏ အကျိုးပေးသည် လွန်စွာဆန်းကြယ်၏။ ကံ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော သတ္တဝါတို့၏ သန္တာန်၌ ရုပ်နာမ်တို့၏ တည်ထောင်ဖြစ်ပွား၍ နေပုံသည် လွန်စွာဆန်းကြယ်၏။ ပုံပန်းသဏ္ဌာန်နှင့်တကွ တည်ရာဌာနအားဖြင့် ရုပ်နာမ်တို့၏ ဖြစ်နေပုံသည် သာမန်လူသားတို့ ကြံစည်ဆင်ခြင်နိုင်သော အရာမဟုတ်။ ဘုရားတို့၏ ဉာဏ်တော်အရာသာ ဖြစ်သည်။
(၄) လောကစိန္တာ အစိန္တေယျ
[ပြင်ဆင်ရန်]လောကကြီးသည် မြဲ၏၊ လောကကြီးသည် မမြဲ စသည်ဖြင့် ဆယ်ပါးအပြားရှိသည့် ဒိဋ္ဌိစိန္တာကို လောကစိန္တာဟု ဆိုသည်။ ဤကျမ်း၌ ဆိုလတ္တံ့သည့် လောကစိန္တာသည် ဒိဋ္ဌိစိန္တာကို ဆိုလိုသည်မဟုတ်ဘဲ တန်ခိုးအဘိညာဏ်နှင့် ပြည့်စုံသည့် ရဟန်း, ပုဏ္ဏားတို့သည်လည်းကောင်း၊ ထိုရဟန်း ပုဏ္ဏားတို့၏ သိဿာနုသိဿ တပည့်အစဉ်အဆက်တို့သည်လည်းကောင်း, အဋ္ဌက ဝါမက စသော ရသေ့တို့သည်လည်းကောင်း ကြံစည်စီရင်အပ်ကုန်သော ဝိဇ္ဇာဌာနနှင့် ထိုမှတစ်ပါးကုန်သော ဒေဒင်္ဂမန္တင်္ဂတို့ကို လောကစိန္တာဟူ၍ ဆိုသည်။ ဗေဒင် ဆေးဝါး မန္တရားတို့ကို လောကစိန္တာဟူ၍ ဆိုလိုသည်။[၁]
လောကစိန္တာတန်ခိုးနှင့် ပြည့်စုံ၍ စိတ်ကြံတိုင်းပြီးမြောက်အောင်မြင်သော ပုဂ္ဂိုလ်သည် စိတ်တစ်ချက် ညှို့လိုက်ရုံမျှဖြင့် နာဠန္ဒမြို့ကြီးတစ်ခုလုံးကို ပြာဖြစ်အောင် စွမ်းနိုင်သည်ဟု မြတ်စွာဘုရားသည် မဇ္ဈိမဏ္ဏာသ၊ ဥပါလိသုတ်၌ ဟောကြားတော်မူခဲ့သည်။ လောကစိန္တာသည်လည်း သာမညလူသားတို့ ကြံစည်နိုင်သည့်အရာမဟုတ်၊ လောကစိန္တာလမ်းတွင် ဆုံးခန်းတိုင်အောင် ပေါက်မြောက်အောင်မြင်သည့် ပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်သည်။ လောကစိန္တာသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ အစွမ်းသတ္တိနှင့် ပြည့်စုံကြောင်း, ဤမျှလောက် တန်ခိုးရှိကြောင်းကို သာမန်လူသားတို့ မကြံစည်ထိုက်ချေ။ ကြံစည်ပါက စိတ်ပင်ပန်းရုံမျှသာ ဖြစ်လေရာသည်။[၁]
အနှစ်ချုပ်
[ပြင်ဆင်ရန်]အစိန္တေယျကြီးလေးပါးတို့တွင် ဗုဒ္ဓဝိသယသည် အကြီးကျယ်ဆုံးဖြစ်၏။ ထို့အောက်တွင်မှ ဣဒ္ဓိဝိသယသည် ကြီးကျယ်၏။ ထို့အောက်တွင်မှ ကမ္မဝိပါကဇိဒ္ဓိ သည် ကြီးကျယ်၏။[၁]