ဟေလိုဂျင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Group 17
Period 2 9
F
3 Chlorine gas
17
Cl
4 Liquid bromine
35
Br
5 Iodine crystal
53
I
6 85
At
7 117
Uus

ဟေလိုဂျင်(Halogens) များသည် ဒြပ်စင်အလှည့်ကျဇယား (Periodic Table)၏ ဒေါင်လိုက်အစု အမှတ်စဉ်-၇(၁၇17 ဇယျားအဟောင်းတွင်၇ခVIIB) တွင်ရှိသော ဒြပ်စင် ၅ ခုဖြစ်သည်။ ဟေလိုဂျင်ဆိုသည်မှာ Salt-Formers ဆားဖြစ်စေသူများ ဖြစ်ပြီး ဟေလိုဂျင် ပါဝင်သော ဒြပ်ပေါင်းများကိုလည်း ဆား ဟုပင် ခေါ်ကြသည်။ ဟေလိုဂျင် အားလုံး၏ အပြင်ဘက်ဆုံး အီလက်ထရွန် ပတ်လမ်းတွင် အီလက်ထရွန် ၇ လုံးစီရှိကြသည်။ သို့ဖြစ်၍ ဓာတ်တိုးကိန်း -၁ ကိုယ်စီ ရှိကြသည်။ ဟေလိုဂျင် များသည် အခန်းအပူချိန်မှာပင် အခြေအနေ သုံးရပ်လုံးအနေဖြင့် တည်ရှိနေနိုင်သည်။ အိုင်အိုဒင်း(Iodine) နှင့် အက်စ်တက်တိုင်း(Astatine) တို့သည် အခန်းအပူချိန်တွင် အခဲအခြေအနေ၌ တည်ရှိကြပြီး ဘရိုမင်း (Bromine) သည် အရည်အခြေအနေတွင် တည်ရှိသည်။ ဖလိုရင်း(Fluorine) နှင့် ကလိုရင်း(Chlorine) တို့သည် အငွေ့အခြေအနေတွင် တည်ရှိသည်။Astatine သည်ရေဒီယိုသတ္တိကြွသောဒြပ်စင်ဖြစ်၍ အလွယ်တကူပြိုကွဲသွားနိုင်သောကြောင့်ထိုဒြပ်စင်၏အခြေအနေကိုမမြင်ဘူးကြပါ။

ဟယ်လိုဂျင်[ပြင်ဆင်ရန်]

ဒြပ်စင်လေးမျိုးဖြစ်သော ဖလိုရင်း၊ ကလိုရင်း၊ ဘရိုမင်းနှင့်အိုင်အိုဒင်းတို့ ကိုစုပေါင်း၍ ဟယ်လိုဂျင်ဟု ခေါ်ကြလေသည်။ ယင်းတို့၏ဓာတုသင်္ကေတများမှာ F, Cl , Br နှင့် I တို့ ဖြစ်ကြသည်။ အလှည့်မှန်ဇယားတွင် အဆိုပါဒြပ်စင်များသည် သတ္တမမြောက်အုပ်စုဖြစ်သည်။ ဟယ်လိုဂျင်ဆိုသော စကားလုံး၏အဓိပ္ပာယ်မှာ ဓာတ်ဆားဖြစ်စေသောပစ္စည်း ဖြစ်သည်။ ပင်လယ်တွင်းရှိဓာတ်ဆားများသည် အဆိုပါ ဒြပ်စင်လေးမျိုးနှင့်သတ္တုများ ပူးပေါင်းနေသော ဟယ်လိုဂျင် ဒြပ်ပေါင်းများ (ဟေးလိုဒ်များ)ဖြစ်သည်။ လူသိများ၍ လူတိုင်းသုံးနေသော အိမ်သုံးဆားသည် ထိုကဲ့သို့သော ဒြပ်ပေါင်း တစ်မျိုးဖြစ်သည်။ အမှန်မှာ အိမ်သုံးဆားသည် ဆိုဒီယမ်နှင့် ကလိုရင်း ပေါင်းနေသော ဆိုဒီယမ်ကလိုရိုက် ခေါ် ဒြပ်ပေါင်းတစ်မျိုး ဖြစ်လေသည်။ ထိုဒြပ်စင်လေးမျိုးစလုံးသည် ပြင်းထန်၍ မနှစ်မြို့ဖွယ်သော အနံ့များရှိပြီးလျှင် အသားကိုလည်း လောင်စေတတ်သည်။ ယင်းတို့သည်ရေတွင် များများမပျော်ဝင်ကြချေ။ သာမန်အပူချိန်များတွင် ဖလိုရင်းသည် အဝါရောင်ဓာတ်ငွေ့ဖြစ်၍ ကလိုရင်းသည် ဝါစိမ်းစိမ်းဓာတ်ငွေ့ ဖြစ်သည်။ ဘရိုမင်းမှာ အနီရောင်အရည်(နီညိုရောင်အရည်၊ အနီရောင်အငွေ့) ဖြစ်၍ အိုင်အိုဒင်းမှာ အမည်းရောင်အခဲဖြစ်သည်။ ဟယ်လိုဂျင်ခေါ် ဒြပ်စင်လေး မျိုးအနက် ဖလိုရင်းသည် အပေါ့ဆုံးဖြစ်၍ အိုင်အိုဒင်းသည် အလေးဆုံးဖြစ်သည်။ ဖလိုရင်း၏ အက်တမ် အလေးဆမှာ ၁၉ ဖြစ်၍ ကလိုရင်း၏ အက်တမ်အလေးဆမှာ ၃၅.၄၅၇ ဖြစ်သည်။ ဘရိုမင်း ၏အက်တမ်အလေးဆမှာ ၇၉.၉၁၆ ဖြစ်၍ အိုင်အိုဒင်း၏ အက်တမ်အလေးဆမှာ ၁၂၆.၉၂ဖြစ် သည်။ ဖလိုရင်းဒြပ်စင်ကို ဖလိုစပါးခေါ် သတ္တုဆားတစ်မျိုး အဖြစ်နှင့် ကယ်လဆီယမ်နှင့်ပေါင်းလျက် တည်ရှိခြင်းကို သဘာဝအလျောက် တွေ့ရှိနိုင်ပေသည်။ ထိုဖလိုစပါး ခေါ် သတ္တုဆားသည် ဓာတ်သဘောအရ ကယ်လဆီယမ်ဖလိုရိုက် CaF2 ဖြစ်သည်။ ထို ဖလိုစပါးကို သံမဏိပြုလုပ်ရာတွင် သတ္တုပျော်ကူးအဖြစ်နှင့်အသုံးပြုနိုင်သည်။ ဖလိုရင်းဒြပ်စင်သည် အခြားဒြပ်စင်များနှင့် အလွန်ဓာတ်ပြုလိုသော ဒြပ်ငွေ့ဖြစ်သည်။ သတ္တုတိုင်းနှင့် ဓာတ်ပြုနိုင်လေသည်။ ပလက်တီနမ်ကိုပင်လျှင် စားပစ်နိုင်လေသည်။ ကလိုရင်း ဓာတ်ငွေ့ကို ကမ္ဘာစစ် (၁၉၁၄-၁၈) အတွင်းကအဆိပ်ဓာတ်ငွေ့အဖြစ်နှင့် အသုံးပြုခဲ့ကြလေသည်။ ကလိုရင်းသည် သဘာဝအတွင်း၌ သတ္တုများနှင့် ဓာတ်ပြုကာ တည်ရှိသည်။ ထိုသို့ ဓာတ်ပြု လျက်ရှိကြသော ဒြပ်ပေါင်းများအနက် အရေးကြီးဆုံးဒြပ်ပေါင်းတစ်ခုမှာ ပင်လယ်သမုဒ္ဒရာများအတွင်း၌ အမြောက်အမြားတည်ရှိ နေကြသော ဆားငန်ရည်များမှရယူနိုင်သော ဆိုဒီယမ်ကလိုရိုက် (အိမ်သုံးဆား) ဖြစ်သည်။ ထိုဒြပ်ပေါင်း၏ ဓာတုသင်္ကေတမှာNaClဖြစ်သည်။ ဘရိုမင်း ဓာတ်ငွေ့ကို ၁၈၂၆ ခုနှစ်က ဗေးလားဆိုသည့် ပြင်သစ်လူမျိုး ဓာတုဗေဒပညာရှင်တစ်ဦးက တွေ့ရှိခဲ့လေသည်။ ဓာတ်သဘောအရဘရိုမင်းက ကလိုရင်းနှင့် တူသော်လည်း ယင်းသည်သာမန်အပူချိန်များတွင် နီညိုရောင်ရှိသည့်အရည်ဖြစ်လေသည်။ စူးရှပြီးလျှင် အဆိပ်ဓာတ်ရှိသော အငွေ့များကို လွတ်ထွက်စေသည်။ ယင်းသည် သတ္တုများနှင့်ပူးပေါင်းပြီးလျှင် ဘရိုမိုက်များကို ဖြစ်ပေါ်စေသည်။ ရိုးရိုးပင်လယ်ရေတွင် ဘရိုမိုက်များအဖြစ်နှင့် ရာခိုင်နှုန်း.ဝဝ၇ မျှသာပါရှိသော်လည်း အမေရိကန်နိုင်ငံ၌ စက်များဖြင့် ပင်လယ်ရေမှ တစ်နေ့လျှင် ၁၅ဝဝဝ ပေါင် မျှသော ဘရိုမင်းများကို ထုတ်ယူနိုင်ကြလေသည်။ အိုင်အိုဒင်းသန့်သန့်သည် ခရစ္စတယ်လိုင်း(ပုံရှိ) ပစ္စည်းဖြစ်ပြီးလျှင် ယင်းကို အပူတိုက်လိုက်သောအခါ ခရမ်းရောင်အငွေ့များကိုဖြစ်ပေါ်စေသည်။ ၁၈၁၁ ခုနှစ်တွင် ဗားနတ်ကူးထွားက စတင် တွေ့ရှိခဲ့လေသည်။ သတ္တုများနှင့်ပူးပေါင်းသောအခါ သက်ဆိုင်ရာသတ္တု၏ အိုင်အိုဒိုက်များ ဖြစ်လာသည်။ လူတို့တွင် အိုင်အိုဒင်း ဓာတ်နည်းပါးလျှင် လည်ပင်းကြီးနာဟုခေါ်သော ရောဂါကိုဖြစ်ပေါ်စေနိုင်သည်။ တစ်နေ့လျှင် အနည်းငယ်မျှသာ အိုင်အိုဒင်းကိုစားသောက် ပေးခြင်းဖြင့် လည်ပင်းကြီးနာ ဖြစ်ခြင်းမှကင်းဝေး စေနိုင်သည်ဟု ယုံကြည်ကြသည်။ ပင်လယ်ကျောက်ပွင့်မျိုး ၊ပင်လယ်ရေ၊ ငါးနှင့် ဆားရေ အနီးရှိ လေများတွင် အိုင်အိုဒင်းကိုတွေ့ ရှိနိုင်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)