ဘယ်ရီလီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘယ်ရီလီယမ် (Beryllium)
အက်တမ် အမှတ်စဉ်
အက်တမ် အလေးချိန် 9.012182(3) g·mol−1
ပုံသဏ္ဌန် အခဲ
သိပ်သည်းဆ 1.85 g·cm−3
အီလက်ထရို နက်ဂတစ်ဗတီး 1.57
အရည်ပျော်မှတ် 1287 °C
ရေဆူမှတ် 2469 °C
ဗင်န်ဒါဝေါလ် အချင်းဝက် 153 pm
အိုင်ဆိုတုပ် မျိုးကွဲပေါင်း 3
အီလက်ထရွန်းနစ် ရှဲလ် 1s2 2s2
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
1311 kJ.mol -1
ရှာဖွေတွေ့ရှိသူ Friedrich Wöhler နှင့် Antoine Bussy
တွေ့ရှိသည့် ခုနှစ် 1828


ဘယ်ရီလီယမ်(Beryllium)သည် alkaline earth သတ္တုတစ်မျိုး ဖြစ်သည်။ ၄င်း၏ အရောင်မှာ မီးခိုးရောင် ရှိသည်။ အက်တမ် အမှတ်မှာ ၄ ဖြစ်ပြီး Be ဆိုသော သင်္ကေတဖြင့် ဖော်ပြလေ့ ရှိကြသည်။ ထို သတ္တုမှာ အဆိပ်အတောက် ဖြစ်စေနိုင်သည့် အတွက် စနစ်တကျ လေ့ကျင့် သင်ကြားထားသူ မဟုတ်ပါက မကိုင်တွယ်သင့်ပေ။

လက္ခဏာများ[ပြင်​ဆင်​ရန်​]

ယင်းကို ခရမ်းကျောက်၊ သို့မဟုတ် ဖရဲအူကျောက်နှင့် ပင်နဆိုက်ကျောက်များမှလည်း ထုတ်ယူရရှိသည်။ ဗယ်ရီကျောက်တွင်ပါဝင်သော ဘယ်ရီလီယမ်ဆားကို လျှပ်စစ်ဓာတ်ခွဲခြင်းဖြင့်လည်း ဘယ်ရီလီယမ် ဒြပ်စင်ရအောင် အနည်းအကျဉ်း လုပ်ယူနိုင်သည်။ ဗယ်ရီလီယမ်သည် အလျူမီနမ် သတ္တုနှင့် အလွန်နီးစပ်သည်။ သို့သော်လည်း ဗယ်ရီလီယမ်အောက်ဆိုက်သည် အလျူမီနာနှင့် ကွဲပြားကြောင်း ၁၇၉၈ ခုနှစ်တွင် လူဝီနစ်ကလတ်ဗိုးကလင်းက ဖော်ထုတ်ခဲ့သည်။ ဗယ်ရီလီယမ်ကို အရောအနှောများမှ သီးသီးသန့်သန့် ပထမဆုံး ခွဲထုတ်ခဲ့သူများမှာ ဖရီးဒရစ်ဗျူးလားနှင့် အန်တွန်းဗျူးဆီတို့ ဖြစ်၍ ၁၈၂၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဗယ်ရီလီယမ်သည် မာကျောသော သတ္တုများအနက် အပေါ့ပါးဆုံးဖြစ်သော်လည်း အရည်ပျော်ချိန် အမြင့်ဆုံးဖြစ်သည်။ အပူချိန် စင်တီဂရိတ် ၁၂၈၀ ဒီဂရီတွင်မှ အရည်ပျော်လေသည်။

ဗယ်ရီလီယမ်ဒြပ်စင်ကို ၁၉၁၆ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ စက်မှု ထုတ်လုပ်ရေးတွင် အသုံးပြုခဲ့ကြသည်။ အများအားဖြင့် ထိုဒြပ်စင်ကို အခြားသတ္တုများနှင့် ရောစပ်အသုံးပြုကြသည်။ ကြေးနီ၊ အလျူမီနမ်၊ သံ၊ နီကယ်စသော သတ္တုများတွင် ဗယ်ရီလီယမ်ကို ရောစပ်လျှင် ပို၍မာကျော ခိုင်ခံ့ပြီးလျှင် သံချေးမတက်နိုင်သော သတ္တုစပ်များ ရရှိသည်။ ကြေးနီတွင် ဗယ်ရီလီယမ်အနည်းငယ်ရောစပ်လျှင် ကြေးနီထက် ၆ ဆခန့် ပို၍ ခိုင်မာကြောင်း တွေ့ရသည်။ ထို့ကြောင့် ကတ်ကျေးကဲ့သို့ဖြတ်တောက်ရန် ကရိယာများ၊ စပရင်များနှင့် လေယာဉ်တို့၏ နုနယ်သော စက်ပစ္စည်းများကို ဗယ်ရီလီယမ် သတ္တုစပ်ဖြင့် ပြုလုပ်ကြလေသည်။

၁၉၃၀ ပြည့်ကျော် နှစ်များတွင် သိပ္ပံပညာရှင်တို့သည် အက်တမ်ကို ဖြိုခွဲရန် နည်းအမျိုးမျိုး ရှာဖွေစပ်းကပ်ခဲ့ကြရာ ဗယ်ရီလီယမ်သည် နျူကလီးယဓာတုဗေဒနှင့် နျူကလီးယရူပဗေဒတို့၌လည်း အရေးပါသော သတ္တုဒြပ်စင်ဖြစ်ကြောင်းကို တွေ့ရှိလာခဲ့ကြသည်။ ဗီတာမှုန်ဖြင့် ဖြိုခွင်းသောအခါ ဗယ်ရီလီယမ်အက်တမ်တစ်ခုမှ ဟီလီယမ်အက်တမ်နှစ်ခုနှင့် နျူထရွန်တခု ကွဲထွက်လာသည်။ အယ်လ်ဖာမှုန်တခုဖြင့် တိုက်ခိုက်မိလျှင် ကာဗွန်အက်တမ်တစ်ခုနှင့် နျူထရွန်တစ်ခုဖြစ်ပေါ်လာသည်။ ဗယ်ရီလီယမ်၏ အက်တမ်အလေးချိန်မှာ ၉.၀၂ ဖြစ်၍ အက်တမ်ကိန်းမှာ ၄ ဖြစ်သည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

X rayရောင်ခြည်သည် ဗယ်ရီလီယမ်ကို လွယ်ကူစွာ ထိုးဖောက်နိုင်ကြောင်း တွေ့ရသဖြင့် ဤဒြပ်စင်ကို X Rayပြွန်များ၏ လေလုံသော “ပြတင်းပေါက်”များ ပြုလုပ်ရာ၌ အသုံးချသည်။ ထို့ပြင် နီယွန်မီးချောင်း၏ ဓာတ်ခေါင်း(အီလက်ထရုတ်)များ ပြုလုပ်ရန်အတွက်လည်း အသုံးပြုကြသည်။ သို့သော် ဗယ်ရီလီယမ်ဒြပ်ပေါင်းတို့သည် လူတို့၏ အရေအပြားနှင့် အသက်ရှူအင်္ဂါစုတို့ဖြင့် ထိတွေ့မိလျှင် အန္တရာယ်ဖြစ်စေတတ်သောကြောင့် နီယွန်မီးချောင်းများကို မကွဲမရှရအောင် သတိပြု၍ ကိုင်တွယ်ကြရာသည်။ ဘီရီလီယမ်(Beryllium)ကို ဘီရီလီယမ်-ကြေးနီသတ္တုစပ်(beryllium-copper alloy) ထုတ်လုပ်ရာတွင် သတ္တုစပ်ပစ္စည်း (alloying agent) အဖြစ်အသုံးပြုသည်။ ၄င်းတွင် လျှပ်စစ်နှင့်အပူကူးနိုင်စွမ်းကောင်းခြင်း၊ ပေါ့ပါးပြီးတောင့်တင်းခိုင်မာကြံ့ခိုင်မှု အားကောင်းခြင်း၊ သံလိုက်ဓာတ်မရှိခြင်း ခုခံနိုင်စွမ်းရည်အားကောင်းခြင်း၊ အပူချိန်မြင့်မားမှုနှင့် ဘက်စုံမှ တည်မြဲမှုအားကောင်းမွန်ခြင်းအကျိုးကျေးဇူးတွေကြောင့် ဘီရီလီယမ်-ကြေးနီသတ္တုစပ်(beryllium-copper alloy)ကို အသုံးချမှုနယ်ပယ်အမျိုးမျိုးတွင် အသုံးပြုကြသည်။အထူးသဖြင့် ဘီရီလီယမ်-ကြေးနီသတ္တုစပ်(beryllium-copper alloy)ကို ကာကွယ်ရေးနှင့် လေကြောင်းအာကာသ ဆိုင်ရာ လေယဉ် စက်ရုံများတွင် အသုံးချကြသည်။ ဘီရီလီယမ်(Beryllium)ကို ရောဂါများထောက်လှမ်းစစ်ဆေးရာ X-ray နယ်ပယ်(ဓာတ်မှန်)တွင်လည်း အသုံးပြုသည်။ထို့အပြင် ဘီရီလီယမ်(Beryllium)ကို ကွန်ပျူတာဆိုင်ရာ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။


ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ဘီရီလီယမ်(Beryllium)သည် လူသားများအတွက် ပြင်းထန်သော အကျိုးသက်ရောက် မှုပေးသော ဒြပ်စင်မဟုတ်သော်လည်း ဓာတုဆိုင်ရာအဆိပ် အများဆုံးရှိသော အဆိပ်ဒြပ်စင် (toxic element) ဟု ရှေးယခင်ကတည်းက ကျွနု်ပ်တို့ သိပြီးသားဖြစ်သည်။၄င်းသတ္တုကို ရှူရှိုက်မိသည့်အခါ လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ရှိစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းသည် အဆုတ်ကိုဖျက်ဆီးပစ်ခြင်းနှင့် နမိုးနီးယား(pneumonia) ရောဂါကို ဖြစ်ပွားစေနိုင်သည်။ ဘီရီလီယမ်(Beryllium)နှင့်ပတ်သက်ပြီး လူသိအများဆုံး အကျိုးသက်ရောက်မှု တစ်ခုမှာ- ဘီရီလွိုက်စစ်(berylliosis)ရောဂါဖြစ်သည်။အဆုတ်ကို ပြင်းပြင်းထန်ထန် ပျက်စီးမှု အန္တရာယ်ပေးနိုင်သကဲ့သို့ နှလုံးအစရှိသော တခြားအင်္ဂါများကိုပါ ဖျက်စီးစေနိုင်သော ရောဂါ ဖြစ်သည်။ အလုပ်ခွင်တွင် ဘီရီလီယမ်(Beryllium) ကိုရှူရှိုက်မိခြင်းမှ တဆင့် ဘီရီလွိုက်စစ်(berylliosis) ရောဂါကို ရရှိစေနိုင်သည်။လူသားများတွင် ခုခံအားစနစ်အားလျော့ခြင်း ကိုယ်ခံအားနည်းခြင်းများဖြစ်နေပါက ထိုရောဂါဝင်ရောက်ဖြစ်ပေါ်နိုင်ရန် အခွင့်သာဆုံးဖြစ်သည်။(အလွယ်တကူ ဝင်ရောက်လာနိုင်သည်ကို ဆိုလိုသည်။)ဘီရီလီယမ်(Beryllium)သည် ၄င်း၏ ဓာတုဆိုင်ရာတုံ့ပြန်မှု မြင့်မားသောကြောင့် လူသားများအတွက် သွေးမတည့်သော ဓာတ်ပြုခြင်းများ(allergic reactions) လည်း ဖြစ်ပေါ်စေသည်။ထိုသို့ဖြစ်ခြင်းမှ ပြင်းပြင်းထန်ထန်ဖြင့် ရက်ကြာကြာ ဖျားလာခြင်းမျိုးဖြစ်လာနိုင်သည်။ထိုအခြေအနေကို ဘီရီလီယမ် နာတာရှည်ရောဂါ(Chronic Beryllium Disease(CBD)) ဟုခေါ်သည်။ကိုယ်ခံအားနည်းခြင်း၊မောပန်းလွယ်ခြင်း နှင့် အသက်ရှူကြပ်ခြင်း တို့သည် ထိုရောဂါ၏ လက္ခဏာများပင်ဖြစ်သည်။ စီဘီဒီ (CBD) ရောဂါမှတဆင့် အစားစားချင်စိတ်မရှိခြင်း၊ အစားသောက်ပျက်ခြင်းကြောင့် ကိုယ်ခန္ဒာ ပိန်လှီခြင်း စသော anorexia (ခံတွင်းပျက်ခြင်း။ (အထူးသဖြင့် ငယ်ရွယ်သော မိန်းမများ၌) ဝမည်ကို စိုးရိမ်လွန်၍ အစားအသောက် ပျက်ခြင်းကြောင့် အန္တရာယ် ဖြစ်စေ နိုင်သည့်အထိ ကိုယ်အလေးချိန် ကျဆင်းသောရောဂါမျိုးကို ဆိုလိုသည်။)ရောဂါဖြစ်ပေါ်မှုကို ပိုတိုးဖြစ်စေပြီး လက်နှင့်ခြေများတွင် အပြာနက်နက် အရောင်ကွက်များဖြစ်ပေါ်ခြင်းများ ဖြစ်လာတတ်သည်။ တခါတရံ အစောပိုင်း စီဘီဒီ(CBD)ရောဂါ အခြေအနေတွင်ပင် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်။ ဘီရီလွိုက်စစ်(berylliosis) ရောဂါနှင့် ဘီရီလီယမ် နာတာရှည်ရောဂါ (Chronic Beryllium Disease(CBD))များဖြစ်ပွားခြင်းအပြင် ဘီရီလီယမ်(Beryllium)သည် ကင်ဆာရောဂါတိုးပွားဖြစ်ပေါ်မှု အခွင့်လမ်းအများဆုံးဖြစ်စေပြီး ဒီအင်န်အေ (DNA) – မျုုိးဆက် ပျက်သုဉ်း ဖျက်စီးပစ်နိုင်ပေသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

သဘာဝဖြစ်စဉ်များနှင့် လူသားများ၏ လုပ်ဆောင်မှုရလာဒ်များမှတဆင့် ဘီရီလီယမ် (Beryllium)သည် လေ၊ရေ၊နှင့်မြေဆီလွှာထဲ တွင် ဝင်ရောက် နေရာယူလျက် ရှိသည်။ သဘာဝအလျှောက်ဖြစ်ပေါ်ခြင်းမှာ ပတ်ဝန်းကျင်တွင် ပမာဏအနည်းငယ်မျှသာရှိသည်။ သတ္တုများထုတ်လုပ်ခြင်းဖြင့်လည်းကောင်း၊ကျောက်မီးသွေးနှင့်အဆီများလောင်ကျွမ်းခြင်းဖြင့်လည်းကောင်း လူသားတို့၏ လုပ်ဆောင်ခြင်းများဖြင့် ပတ်ဝန်းကျင်တွင် ဘီရီလီယမ်(Beryllium)များကို ပေါင်းထည့်ပေးလျက်ရှိသည်။ ဘီရီလီယမ်(Beryllium)သည် လေထုထဲတွင် အလွန်သေးငယ်သော ဖုန်အမှုန့်များအဖြစ် တည်ရှိသည်။ ရာသီဥတုအခြေအနေများမှ မြေဆီလွှာနှင့် ကျောက်လွှာ တိုက်စားခြင်းများဖြစ်ပေါ်ကာ ရေစီးကြောင်းအတွင်း ဘီရီလီယမ်(Beryllium)များ ဝင်ရောက်နေရာယူလျက်ရှိသည်။စက်ရုံထုတ်လုပ်လိုက်သော ဘီရီလီယမ်(Beryllium)များက လေထုတွင် ပေါင်းစပ်ပါဝင်နေသလို ညစ်ညမ်းရေနှင့်စွန့်ပစ်လိုက်သောရေများမှလည်း ဘီရီလီယမ်(Beryllium)ကို ရေထုထဲသို့ပေါင်းစပ်ပါဝင်စေလျက်ရှိသည်။ အထူးသဖြင့် ဘီရီလီယမ်(Beryllium)သည် အနည်များအတွင်း အနည်ထိုင်လေ့ရှိသည်။သဘာဝအားဖြင့် မြေဆီလွှာတွင် ဘီရီလီယမ်(Beryllium)ကို ဓာတုဒြပ်စင် အဖြစ် ပမာဏ အနည်းငယ်သာ တွေ့ရသော်လည်း လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ဘီရီလီယမ်(Beryllium)တိုးပွားမှု အဆင့်မှာ ပတ်ဝန်းကျင်တွင် ပိုတိုးလို့ ဖြစ်ပေါ်လျက်ရှိသည်။[၁][၂]

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စာရေးဆရာမြင့်သိမ်း(Msc – Geo) DAG_ EMG ရေးသားသော ဘူမိရုက္ခဗေဒ အပိုင်း(၂) အညွှန်းပင်များ(Indicator plants)
  2. ဆရာရွှမ်း