မိုလိပ်ဒီနမ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မိုလစ်ဘ်ဒီနမ်

မိုလစ်ဘ်ဒီနမ် (Molybdenum) သည် ငွေဖြူရောင်ရှိပြီး အလွန်မာကျောသော သတ္တုဖြစ်သော်လည်း တန်စတင် (Tungsten) ထက် ပို၍ နှုးညံ့ပျော့ပြောင်းပြီး ပုံသွင်းရပိုမိုလွယ်ကူပါသည်။၎င်းကို Carl Wilhelm Scheele က 1778 ခုနှစ်တွင် ရှာဖွေတေ့ွရှိခဲ့ပါသည်။ ဂရပ်ဖိုက်နှင့် ခဲသတ္တုရိုင်းတို့ဖြင့် ပေါင်းစပ်၍ တွေ့ရှိရတတ်ပါသည်။ ၎င်းသတ္တုသည် Tungsten (W) နှင့် Tantalum (Ta) သတ္တုများ ကဲ့သို့ ကွေးဆန့်ရ အလွန်လွယ်ကူသော သတ္တုများထဲမှ တစ်ခုဖြစ်ပြီး အရည်ပျော်မှတ် မြင့်မားပါသည်။ မိုလစ်ဘ်ဒီနမ်သည် အားလုံးသော သန့်စင်သော ဒြပ်စင်များထဲမှ အရည်ပျော်အမှတ် အမြင့်ဆုံး ရှိသော ဒြပ်စင် တစ်ခုဖြစ်ပါသည်။ မိုလစ်ဘ်ဒီနမ်ကို အက်ဆစ်ဖြင့် ဖြည်းညှင်းစွာ တိုက်စားပါသည်။


အသုံးပြုခြင်းများ[ပြင်ဆင်ရန်]

မိုလစ်ဘ်ဒီနမ်သည် သံမဏိ သတ္တုစပ်များကို ပိုမို ခိုင်မာစေရန် ပြုလုပ်ရာတွင် အလွန်အသုံးဝင်သော သတ္တုဖြစ်ပါသည်။ ၎င်းသည် သံမဏိကို မြင့်မားသော အပူချိန်တွင် ပိုမိုခံနိုင်ရည် ရှိစေပါသည်။ မိုလစ်ဘ်ဒီနမ်ကို သတ္တုစပ်များ၊ လျှပ်ခေါင်းများနှင့် ဓာတ်ကူပစ္စည်းများတွင် အသုံးပြူပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်တပ်များတွင် “Big Bertha” ဟုခေါ်သော အမြောက် အစိတ်အပိုင်း များပြုထုတ်လုပ်ရန်အတွက် သံမဏိ နှင့် ပေါင်းစပ် အသုံးပြုခဲ့ကြပါသည်။ အပူဒဏ်နှင့် ဓာတုပျော်ရည်များ၏ တိုက်စား ဓာတ်ပြုမှုကို ခံနိုင်ရည်ရှိေသော “Hastelloys (R)” ကဲ့သို့သော နီကယ်ကို အခြေခံထားသည့် သတ္တုစပ်များတွင်လည်း မိုလစ်ဘ်ဒီနမ်ကို ပေါင်းစပ် အသုံးပြုပါသည်။ မြင့်မားသော အပူချိန်တွင် မိုလစ်ဘ်ဒီနမ်သည် အောက်ဆီဂျင်နှင့် ဓာတ်ပြုပါသည်။ မိုလစ်ဘ်ဒီနမ်ကို ဖန်မီးဖိုများ အပူပေးရန်အတွက် လျှပ်ခေါင်းအဖြစ် မကြားသေးမှီကမှ စတင် အသုံးပြုခဲ့ကြပါသည်။ ၎င်းသတ္တုကို နျူကလီးယား စွမ်းအင် အသုံးချမှုတွင် လည်းကောင်း၊ ဒုံးကျည် (missiles) များတွင် လည်းကောင်း၊ လေယာဉ် အစိတ်အပိုင်းများတွင် လည်းကောင်း အသုံးပြုပါသည်။ မိုလစ်ဘ်ဒီနမ်ကို ရေနံ သန့်စင်ရာတွင် ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုပါသေးသည်။ ၎င်း သတ္တုကို လျှပ်စစ်ပိုင်းဆိုင်ရာ အသုံးပြုမှုများတွင် ဝိုင်ယာကြိုးအဖြစ် အသုံးပြုခြင်းကို တေ့ွရှိရပါသည်။ အပင်းများ၏ အဟာရ အတွက် လိုအပ်သော ဒြပ်စင်တစ်ခုလည်း ဖြစ်ပါသည်။ တစ်ချို့သောကုန်မြေများတွင် မိုလစ်ဘ်ဒီနမ် မရှိခြင်းကြောင့် စိုက်ပျိုးမှု မဖြစ်ထွန်းနိုင်ပါ။ မိုလစ်ဘ်ဒီနမ် ဆာလဖိုက်(MoS2) ကို အဆီများကို ပြိုကွဲသွားလောက်အောင် မြင့်မားသောအပူချိန်တွင် ချောဆီအဖြစ် အသုံးပြုပါသည်။ Yield Points ပမာဏ အနည်းဆုံး 300,000 psi (lb/in2)(Pound per square inches) ထိရှိသည့် ခိုင်ခံ့မှုအလွန်မြင့်မားသော သံမဏိ အားလုံးနီးပါးတွင် မိုလစ်ဘ်ဒီနမ် သည် 0.25 မှ 8 ရာခိုင်နှုန်းထိ ပါဝင်ပါသည်။ မိုလစ်ဘ်ဒီနမ် အမှုန့်များကို လျှပ်စစ် ဆာ့ကစ်ဘုတ်(Circuit Board) များတွင် ဆားကစ်မှင် (Circuit Inks) အဖြစ် သော်လည်းကောင်း၊ မိုက်ခရိုဝေ့ဖ် ကိရိယာများ နှင့် အပူစုပ်ယူသော ကိရိယာများတွင် အဆိုင်အခဲ အခြေအနေဖြင့် သော်လည်းကောင်း အသုံးပြုပါသည်။

မိုလစ်ဘ်ဒီနမ် ကော့ပါအလွိုင်း ချပ်ပြား

သဘာဝတွင် တွေ့ရှိရမှုအခြေအနေ[ပြင်ဆင်ရန်]

မိုလစ်ဘ်ဒီနမ်သည် အက်ဆစ်မြေဆီလွှာထဲတွင် ပျော်ဝင်မှု နည်းပါးပြီး အယ်ကာလိုင်း မြေဆီလွှာထဲတွင်မူ ပျော်ဝင်နိုင်မှု ပိုမိုများပြားပါသည်။ ၎င်းအချက်သည် မြေဆီလွှာအတွင်းရှိ မိုလစ်ဘ်ဒီနမ်၏ အခြားသော မြေဩဇာဓာတ်များ နှင့် ကွဲပြားချက်ပင်ဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းအားဖြင့် အပင်များကို pH အခြေအနေနှင့် ရေစုပ်ယူမှု အခြေအနေကို ဖြစ်ပေါ်စေသော စွမ်းဆောင်မှုပင်ဖြစ်ပါသည်။ အယ်ကာလိုင်း မြေဆီလွှာများ၌ ကြီးပြင်းသော အပင်များတွင် မိုလစ်ဘ်ဒီနမ်ပါဝင်မှု 500 ppm (Parts per million) ရှိနိုင်ပါသည်။ အနည်းငယ်သာ အရေးပါသော ဝါလ်ဖီနိုက် (lead molybdate mineral, PbMoO4) နှင့် ယှဉ်တွဲ တည်ရှိနေသည့် မိုလစ်ဘ်ဒီနိုက် (molybdenum disulfide, MoS2) သည် အဓိက သတ္တုရိုင်း အရင်အမြစ် ဖြစ်ပါသည်။ မိုလစ်ဘ်ဒီနိုက်ကို တန်စတင် (Tungsten) နှင့် ကြေးနီ (Copper) ထုတ်လုပ်ခြင်းတွင် ဘေးထွက် ပစ္စည်း အဖြစ် ရရှိပါသည်။ အဓိက သတ္တုထွက်ရှိရာ နေရာများမှာ အမေရိကန်၊ ချီလီ၊ ကနေဒါ နှင့် ရုရှား နိုင်ငံတို့ ဖြစ်ကြပါသည်။ ကမ္ဘာ့ မိုလစ်ဘ်ဒီနမ် ထုတ်လုပ်မှုပမာဏမှာ တစ်နှစ်လျှင် တန် 90 ရှိပြီး၊ ထုတ်လုပ်ပြီး ပမာဏမှာ တန်ပေါင်း 12 သန်း ရှိပါသည်။ ၎င်းပမာဏထဲမှ တန်ပေါင်း 5 သန်းမှာ အမေရိကန်မှ တူဖော်ရရှိမှု ပမာဏဖြစ်ပါသည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ[ပြင်ဆင်ရန်]

တိရိစ္ဆာန်များ၏ လက်တွေ့သဘာဝတွင် မိုလစ်ဘ်ဒီနမ် နှင့် ၎င်း ဓာတ်ပေါင်းများသည် အဆိပ်အတောက်ဖြစ်မှု မြင့်မားပါသည်။ ဆိုဗီယက်ပြည်ထောင်စု Mo-Cu အသုံးပြု စက်ရုံတွင် ကြာရှည်စွာ လုပ်ကိုင်သော အလုပ်သမားများတွင် အသည်းရောင် အသားဝါရောဂါကို တွေ့ရှိရကြောင်း မှတ်တမ်းများ ရှိခဲ့ပါသည်။ အာမေးနီးယား (Armenia) နိုင်ငံရှိ မိုလစ်ဘ်ဒီနမ် စက်ရုံရှိ အလုပ်သမားများနှင့် ၎င်းသတ္တု များစွာတွေ့ရှိရသော နယ်ပယ်များတွင် နေထိုင်သူများတွင် အဆစ်အမြစ် ရောင်ရမ်းသော ဒူလာရောဂါ (Gout) လက္ခဏာများကို စမ်းသပ် တေ့ွရှိရပါသည်။ အဓိက တေ့ွရှိရသော ရောဂါလက္ခဏာများမှာ ဒူးနာခြင်း၊ လက်နာခြင်း၊ ခြေဖဝါးနာခြင်း၊ အဆစ်များနာခြင်း၊ အသားအရေများ ရောင်ရမ်းခြင်း၊ အဆစ် အမြစ်များတွင် အရည်ကြည်ဖုများ ဖြစ်ခြင်းတို့ ဖြစ်ပါသည်။


ပတ်ဝန်းကျင်သို့သက်ရောက်မှုများ[ပြင်ဆင်ရန်]

သေးငယ်သော မိုလစ်လ်ဒီနမ်ပမာဏသည် အဆိပ်အတောက်ဖြစ်မှု မြင့်မားသော်လည်း အခြားသော သတ္တုများနှင့်အတူ အားလုံးသော သက်ရှိ မျိုးစိတ်များအတွက် မရှိမဖြစ်လိုအပ်ပါသည်။ တိရိစ္ဆာများ၏ လက်တွေ့သဘာဝတွင် မိုလစ်ဘ်ဒီနမ် ပမာဏများခြင်းသည် သန္ဓေသား၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ချွတ်ယွင်းမှုကို ဖြစ်စေပါသည်။ တိရိစ္ဆာန်များအတွက် အစာများတွင် မိုလစ်ဘ်ဒီနမ် 10ppm ထက်ပိုသော ပါဝင်မှု ပမာဏသည် ၎င်းတိရိစ္ဆာန်တို့ကို ဆိုးရွားစွာ အန္တာရာယ် ဖြစ်စေပါသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုသီဟဝင်း ဘာသာပြန်ဆိုသည်။