ဟေတုပစ္စည်း
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ဟေတုပစ္စည်း ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာတော်ဖြစ်သော ပဋ္ဌာန်းကျမ်းလာ ၂၄ ပစ္စည်းတွင် ပထမဆုံးသော ပစ္စည်းတရား ဖြစ်သည်။ ဤတရားသည် အကျိုးတရားများ ခိုင်မြဲစွာ ဖြစ်ပေါ်တည်တံ့စေရန်အတွက် အခြေခံအမြစ်သဖွယ် ကျေးဇူးပြုသော သတ္တိကို ဆိုလိုခြင်းဖြစ်သည်။
အောက်ပါတို့သည် ဟေတုပစ္စည်းနှင့် ပတ်သက်၍ နားလည်လွယ်သော ရှင်းလင်းချက်များ ဖြစ်သည် -
ဥပမာ - ရေသောက်မြစ်
[ပြင်ဆင်ရန်]ဟေတုပစ္စည်း၏ သဘောတရားကို ရေသောက်မြစ် နှင့် ဥပမာပေးလေ့ရှိသည်။ သစ်ပင်တစ်ပင်သည် ရေသောက်မြစ် နက်နက်စိုက်ထားပြီး မြေဩဇာနှင့် ရေကို ကောင်းစွာ စုပ်ယူနိုင်ပါက ထိုသစ်ပင်သည် လေတိုက်သော်လည်း မလဲဘဲ ခိုင်ခံ့စည်ပင်ကာ စိမ်းစိုဝေဖြိုးနေမည် ဖြစ်သည်။ ထို့အတူ ဟိတ်တရား (၆) ပါးသည်လည်း ၎င်းတို့နှင့် အတူဖြစ်သော စိတ်၊ စေတသိက်များနှင့် ရုပ်တရားများကို ခိုင်မြဲစည်ပင်စေရန် အမြစ်သဖွယ် ကျေးဇူးပြုသည်။
ဟိတ် (၆) ပါး
[ပြင်ဆင်ရန်]ဟေတုပစ္စည်းတွင် အကြောင်းတရား (ဟိတ်) ခြောက်ပါးရှိပြီး ၎င်းတို့ကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်သည် -
မကောင်းသော ဟိတ် (အကုသိုလ်ဟိတ်) ၃ ပါး:
- လောဘ: လိုချင်တပ်မက်မှု၊ အမြစ်တွယ်ပါက ထိုလောဘအလိုအတိုင်း စိတ်နှင့် ရုပ်ကို စည်ပင်စေသည်။
- ဒေါသ: စိတ်တိုမှု၊ ကြမ်းတမ်းမှု၊ အမြစ်တွယ်ပါက မျက်နှာနှင့် အမူအရာကိုပါ ကြမ်းတမ်းစေသည်။
- မောဟ: အမှန်ကိုမသိဘဲ တွေဝေမှု။
ကောင်းသော ဟိတ် (ကုသိုလ်ဟိတ်) ၃ ပါး:
ကျေးဇူးပြုပုံ
[ပြင်ဆင်ရန်]ဟေတုပစ္စည်းသည် ၎င်းနှင့်အတူတကွဖြစ်သော (သဟဇာတ) နာမ်တရား (စိတ်၊ စေတသိက်) များနှင့် ထိုစိတ်ကြောင့်ဖြစ်ပေါ်လာသော (စိတ္တဇရုပ်) များ၊ ပဋိသန္ဓေခဏ၌ ဖြစ်သော ကမ္မဇရုပ်များအပေါ်တွင် ကျေးဇူးပြုသည်။ ဥပမာအားဖြင့် လောဘဟိတ် ဖြစ်ပေါ်လာပါက ထိုလောဘနှင့်အတူဖြစ်သော စိတ်များသည် လောဘ၏ လွှမ်းမိုးမှုကို ခံရပြီး၊ ရုပ်အမူအရာများသည်လည်း လောဘ၏သဘောကို ဆောင်လာသည်။
ထင်ရှားသော သာဓကများ
[ပြင်ဆင်ရန်]- ဥဒယဘဒ္ဒမင်းသား: ဘုရားလောင်းသည် ဥဒယဘဒ္ဒမင်းသားဘဝက ထီးနန်းစည်းစိမ်နှင့် မိဖုရားများကို မက်မောမှုမရှိခဲ့ခြင်းမှာ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်တရားများက စူးစိုက်အမြစ်တွယ်နေသောကြောင့် ဖြစ်သည်။
- ပဋိသန္ဓေတည်ခြင်း: လူတစ်ဦး ပဋိသန္ဓေတည်စဉ်ကတည်းက အမောဟ (ပညာ) ဟိတ် ပါဝင်လာပါက ထိုသူသည် နဂိုကတည်းက ဉာဏ်ထက်မြက်သူ ဖြစ်လာသည်။ ဟိတ်တရား ညံ့ဖျင်းပါက ဉာဏ်ပညာ ညံ့ဖျင်းသူ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့သူ ဖြစ်လာနိုင်သည်။
အနှစ်ချုပ်
[ပြင်ဆင်ရန်]ဟေတုပစ္စည်းကို လေ့လာခြင်းဖြင့် လောက၌ အကြောင်းမဲ့ ဖြစ်ပေါ်နေသောအရာ မရှိဘဲ အရာအားလုံးသည် အကြောင်းဟိတ်များကြောင့်သာ ဖြစ်ပေါ်နေကြောင်း သိမြင်နိုင်သည်။ မိမိ၏ စိတ်နေစိတ်ထားတွင် မကောင်းသော အမြစ် (လောဘ၊ ဒေါသ၊ မောဟ) များကို ဖယ်ရှားပြီး ကောင်းသော အမြစ် (အလောဘ၊ အဒေါသ၊ အမောဟ) များ တွယ်အောင် ကြိုးစားခြင်းဖြင့် ဘဝကို ပြုပြင်ပြောင်းလဲနိုင်ကြောင်း ဤပစ္စည်းတရားက လမ်းညွှန်ပေးထားပါသည်။ [၁]
ဟိတ် ၆-ပါး
[ပြင်ဆင်ရန်]လောဘ၊ ဒေါသ၊ မောဟ(အကုသိုလ်)
အလောဘ၊ အဒေါသ၊ အမောဟ(ကုသိုလ်/အဗျာကတ)
ဟေတုသင်္ဂဟေ-ဟေတုသင်္ဂဟ၌(လဗ္ဘမာနာ-ရထိုက်ကုန်သော) ဟေတူနာမ-ဟိတ်တို့မည်သည်၊ လောဘော-လောဘ၎င်း၊ ဒေါသော-ဒေါသ၎င်း၊ မောဟော-မောဟ၎င်း၊ အလောဘော-အလောဘ၎င်း၊ အဒေါသော-အဒေါသ၎င်း၊ အမောဟော-အမောဟ၎င်း၊ ဣတိ-ဤသို့၊ ဆဗ္ဗိဓာ-ခြောက်ပါးအပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။ [၂][၃]
စိတ် ၈၉-ပါးကို ဟိတ် ၆-ပါးဖြင့် ဝေဖန်ပုံ
[ပြင်ဆင်ရန်]| ဧကဟိတ်စိတ် | မောဟမူစိတ် ၂-ပါး | ပေါင်း(၂) |
| ဒွိဟိတ်စိတ် | လောဘမူစိတ် ဂ-ပါး၊ ဒေါသမူစိတ် ၂-ပါး၊
ကာမသောဘန ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး၊ |
ပေါင်း(၂၂) |
| တိဟိတ်စိတ် | ကာမသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး
မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ လောကုတ္တရာစိတ် ၈-ပါး |
ပေါင်း(၄၇) |
ဤစိတ် သုံးမျိုးပေါင်း ၇၁-ပါးကို ၎င်းတို့၏ ယှဉ်ဘက်စေတသိက်တွင် ဟိတ်တရားများပါ၍ သဟိတ်စိတ်ဟု ခေါ်သည်။ အဟိတ်စိတ် ၁၈-ပါး၏ ယှဉ်ဘက်စေတသိက်တွင် ဟိတ်တရားများ မပါ၍ ယင်းစိတ်များကို အဟိတ်စိတ်ဟု ခေါ်သည်။
| ပစ္စည်း[မှတ်စု ၁] | ပစ္စယုပ္ပန်[မှတ်စု ၂] | ပစ္စနိက်[မှတ်စု ၃] |
| လောဘ၊ ဒေါသ၊ မောဟ
အလောဘ၊အဒေါသ၊အမောဟ |
သဟိတ်စိတ်-၇၁ +
မောဟမူဒွေး၌ မောဟကြဉ်သော စေ-၅၂ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ် |
အဟိတ်စိတ်-၁၈၊ ဆန္ဒကြဉ် အည
သမာန်း စေ-၁၂၊ မောဟမူဒွေး၌ မောဟ၊ အဟိတ်စိတ္တဇရုပ်၊ အဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊ အသညသတ် ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ် |
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
ဝီကီရင်းမြစ်ရှိ အခြေပြုပဋ္ဌာန်း တရားတော် နှင့်ပတ်သက်သမျှများ